ရန်ကုန် ဇူလိုင် ၂၁
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်တွင် လျှပ်စစ်ဓာတ်အားတိုးတက်ရရှိရေး၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးနှင့် ဓာတ်အားစနစ်တည်ငြိမ်၍ စဉ်ဆက်မပြတ် ပေးနိုင်ရေးတို့အား ဘက်စုံမှတွန်းအားပေးဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် သည် ဇူလိုင်လ ၂၀ ရက်နေ့ နံနက်တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးအောင်ကျော်ဦး လိုက်ပါပြီး ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်စက်မှုနယ်မြေသို့ သွားရောက်၍ ခေတ်မီ Smart Meter များ ပြည်တွင်းမှာပင် ထုတ်လုပ်နေသည့်စက်ရုံသို့ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
စက်ရုံတွင် Ever Meter Co.,Ltd ၏ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးအောင်မှ ခေတ်မီ Smart လျှပ်စစ်မီတာများ ထုတ်လုပ်နိုင်မှုအခြေအနေနှင့် ထုတ်လုပ်ပုံအဆင့်ဆင့် AMI (Advanced Metering Infrastructure) စနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်နိုင်မှုအခြေအနေ၊ နိုင်ငံခြားသို့ တင်ပို့ရောင်းချနေ သည့်အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်မီတာထုတ်လုပ်ရာတွင် နိုင်ငံတကာစံနှုန်းမီ မီတာများထုတ်လုပ်နိုင်ရေး၊ အခါအားလျော်စွာ ပြန်လည်ချိန်ညှိခြင်း (Calibration) ပြုလုပ်သွားရေး၊ သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများပြုလုပ်၍ Hardware နှင့် Software များကို အဆင့်မြှင့်တင်သွားနိုင်ရေး၊ သဘာဝဓာတ်ငွေ့မီတာနှင့် ရေမီတာများကိုပါ Digital မီတာဖြင့် ထုတ်လုပ်နိုင်ရေး၊ Electronic နှင့် IT ပညာရှင်များစဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေးအတွက် လေ့ကျင့်ပညာပေးရေးနှင့် နိုင်ငံတော်အတွက် လိုအပ်လျက်ရှိသည့် ဒီဂျစ်တယ် မီတာများအား အချိန်မီထုတ်လုပ် ဖြည့်ဆည်းပေးနိုင်ရေးစသည်တို့ကို ဆွေးနွေးလမ်းညွှန်မှာကြားခဲ့ပြီး စက်ရုံအတွင်း ဒီဂျစ်တယ်မီတာ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်) သို့ သွားရောက်၍ ဌာနမှတာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အဆင့် လျှပ်စစ်မန်နေဂျာများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်ဘဏ္ဍာရေးတာဝန်ခံများနှင့်တွေ့ဆုံပြီး ဓာတ်အားလေလွင့် ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် နည်းပညာအသုံးပြု၍ စစ်ဆေးကြပ်မတ်သွားမည်ဖြစ်သည့် အပြင် ဝန်ထမ်းများအနေဖြင့်လည်း ပြည်သူများအား အလင်းဓာတ်ပေးရသည့်လုပ်ငန်းဟု ခံယူလျက် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ လျှပ်စစ်ဓာတ်အားသုံးစွဲသူတို့၏ လိုအပ်ချက်များကို ကောင်းမွန်သော ဝန်ဆောင်မှုများပေး၍ ဖြည့်ဆည်းပေးရန်လိုအပ်ပါကြောင်း Call Center များအနေ ဖြင့် ပြည်သူတို့၏မေးမြန်းလာမှု သတင်းပေးလာမှုတို့အပေါ် စိတ်ရှည်နားလည်မှုရှိစွာ ကူညီ ဆောင်ရွက်ပေးရန် အထူးမှာကြားလိုပါကြောင်း ပြောကြားခဲ့ပြီး ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးမှုကို ပိုမို၍တိုး တက်ကောင်းမွန်လာစေရန် ဆောင်ရွက်သွားမည့် အစီအမံများတင်ပြခြင်းနှင့် ဝန်ထမ်းများ၏ တင်ပြ ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန