The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လျှပ်စစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

၂၀၂၆ ခုနှစ်၊ သြဂုတ်  ၁ 

   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်တွင် လျှပ်စစ်ဓာတ်အားတိုးတက်ရရှိရေး၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးနှင့် ဓာတ်အားစနစ်တည်ငြိမ်စွာ ဖြန့်ဖြူး ပေးနိုင်ရေးတို့အတွက် ဘက်စုံမှ တွန်းအားပေးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် တာဝန်ရှိသူများ လိုက်ပါပြီး နေပြည်တော်ကောင်စီ နယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မီတာစမ်းသပ်စစ်ဆေးရေး ဌာနခွဲနှင့် Digital Smart Meter များအား စောင့်ကြည့်စစ်ဆေးနေသည့် Control Center များသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းအပိုင်း၌ နေ့စဉ်ပို့လွှတ်သည့်ဓာတ်အားပမာဏ၏ ၁၅.၆ % ဖြစ်သော ၁၀.၇ ယူနစ်သန်းခန့် ဆုံးရှုံးလျက်ရှိပြီး နိုင်ငံတော်အနေဖြင့် ပျမ်းမျှ ကျပ်သန်းပေါင်း ၂,၇၅၀ ကျော် နေ့စဉ် ဆုံးရှုံးလျက် ရှိပါသည်။

   ယင်းသို့ လျော့နည်းဆုံးရှုံးလျက်ရှိသဖြင့် လျှပ်စစ်ဆိုင်ရာ အခြေခံအဆောက်အဦ (Infrastructure) များ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ အပြည့်အဝဆောင်ရွက်နိုင်ခြင်းမရှိသည့်အပြင် လျှပ်စစ်ဓာတ်အားသုံးစွဲလိုသူ ပြည်သူများအနေဖြင့်လည်း သုံးစွဲနိုင်မှုအခွင့်အလမ်းများ ဆုံးရှုံးလျက် ရှိပါသည်။

   ယခုအခါ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုကို လျော့နည်းပပျောက်စေရန်အတွက် စွမ်းဆောင်ရည်ကျဆင်းနေသည့် မီတာများနှင့် အသုံးပြု သက်တမ်း နှစ် ၂၀ ကျော်နေသည့် မီတာများအား လဲလှယ်ပေးခြင်း၊ မီတာအသစ် သုံးစွဲလိုသူများကို မီတာများ လျင်မြန်စွာ တပ်ဆင်ပေးနိုင်ရန်အတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ Digital Smart Meter များအား အသုံးပြုမည့်ပြည်သူများ လက်ဝယ်သို့ မဖြန့်ဖြူးမီ လုံခြုံရေး Seal ခတ်နှိပ် နေသည့် မီတာစမ်းသပ်စစ်ဆေးရေးဌာနခွဲနှင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုအား အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်နေသည့် AMI Control Center နှင့် ဓာတ်အားကွပ်ကဲရေးဌာနခွဲ (နေပြည်တော်)ရှိ National Control Center သို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
01-Aug-2026