၂၀၂၆ ခုနှစ်၊ သြဂုတ် ၁၂
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အား လေလွင့်ဆုံးရှုံးမှု လျော့နည်း ပပျောက်စေရန်အတွက် ဓာတ်အားဖြန့်ဖြူးရေးစနစ်အား Digital စနစ်သို့ ကူးပြောင်းနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်မှုလုပ်ငန်းဖြစ်သည့် စွမ်းဆောင်ရည်ကျဆင်းနေသည့် မီတာ များနှင့် အသုံးပြုသက်တမ်း နှစ် ၂၀ ကျော်နေသည့် မီတာများအား လဲလှယ်ပေးခြင်း၊ မီတာ အသစ် သုံးစွဲလိုသူများကို မီတာများ လျင်မြန်စွာတပ်ဆင်ပေးနိုင်ရန်အတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် တာဝန်ရှိသူများ လိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိ မြို့နယ်ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မီတာစမ်းသပ်စစ်ဆေးရေးဌာနခွဲနှင့် ပစ္စည်း စီမံခန့်ခွဲရေးဌာနခွဲ စတိုအတွင်း Digital Smart Meter များအား စနစ်တကျထိန်းသိမ်းထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံမှ စတိုသို့ ရောက်ရှိလာသည့် Digital Smart Meter အသစ်များကို စနစ်တကျထိန်းသိမ်းထားရှိမှု၊ မီတာများ Test Bench ဖြင့် စမ်းသပ်စစ်ဆေးပြီး လုံခြုံရေး Seal ခတ်နှိပ်ကာ Bar Code Scanner ဖြင့် မီတာနံပါတ်၊ Serial နံပါတ်များ စာရင်းမှတ်၍ Server နှင့်ချိတ်ဆက်ဆောင်ရွက်နေသည့်အခြေအနေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ မီတာအသစ်များ ပေးပို့ရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် ဒက္ခိဏသီရိ မြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်တို့အတွင်း မီတာအသစ် တပ်ဆင်ဆောင်ရွက်နေမှုအခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)တွင် Online မှ မီတာလျှောက်ထားလာပါက လုပ်ငန်းစဉ်များ လွယ်ကူစွာဆောင်ရွက်နိုင် ရေးအတွက် ဝန်ဆောင်မှုပေးနိုင်ရေး ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော Website မှ မီတာအသစ် လျှောက်ထားခြင်းများအတွက် e-Meter Application Software လက်တွေ့အသုံး ပြုခြင်းသင်တန်း ပို့ချနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူများ မီတာကို Online မှ အလွယ်တကူ လျှောက်ထားနိုင်ရေး၊ ဌာနမှ သတ်မှတ်ထားသော ကျသင့်ငွေဖြင့်သာ မီတာတပ်ဆင်ပေးနိုင်ရေး၊ ဝန်ထမ်းများအနေဖြင့် ပြည်သူသို့ ဝန်ဆောင်မှု အပြည့်အဝပေးပြီး မသမာမှုများ မရှိစေရေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့အတူ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် မန္တလေးလျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းတို့အနေဖြင့်လည်း ယခင်မီတာလျှောက်ထားမှုများကို အမြန်ပြီးစီးအောင် တပ်ဆင်ပေးနိုင်ရေး သက်ဆိုင်ရာမြို့နယ်များသို့ အိမ်သုံးမီတာများ လုံလောက်စွာ ထုတ်ပေးပြီး စတင်တပ်ဆင်ပေးလျက်ရှိကြောင်းနှင့် Online စနစ်ဖြင့် မီတာလျှောက်ထားမှုများအတွက် မြို့နယ် အသီးသီးတို့တွင် မီတာများ လုံလောက်စွာရှိပြီး အချိန်တိုအတွင်း တပ်ဆင်ပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိပါကြောင်း သတင်းရရှိသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန