The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

မြောင်းတကာစက်မှုဇုန်တွင် ဓာတ်အားခိုးယူသုံးစွဲနေသည့် SKY MAN သံရည်ကျိုလုပ်ငန်းအား စစ်ဆေးဖော်ထုတ်ပြီး နိုင်ငံတော်အနေဖြင့် နစ်နာခဲ့သည့် ငွေကျပ် ၁၇.၁၈၄ ဘီလီယံအား ပြန်လည်ပေးသွင်းစေရန် အရေးယူဆောင်ရွက်

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်

၁။   လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများအနေဖြင့် မသမာသောနည်းလမ်းများကို အသုံးပြု၍ တရားမဝင်ဓာတ်အားရယူသုံးစွဲမှုများ ပြုလုပ်ထားပါက ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက် နောက်ဆုံး ထားပြီး သက်ဆိုင်ရာဌာနများသို့ ဆက်သွယ်အသိပေးကြပါရန်နှင့် ယင်းသို့အသိပေးလာပါက ဖြေလျှော့ ပေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါကာလကျော်လွန်ပြီးချိန်တွင် တရားမဝင် ဓာတ်အားသုံးစွဲမှုများကို Control Center များမှ စစ်ဆေးတွေ့ရှိရပါက ပြဋ္ဌာန်းထားသည့် လျှပ်စစ် ဥပဒေများနှင့်အညီ ဒဏ်ကြေးငွေပေးဆောင်စေခြင်း၊ မီတာအသုံးပြုခွင့်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းနှင့် လုပ်ငန်းလိုင်စင်ပိတ်သိမ်းခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို ပြည်သူသို့ အသိပေးပန်ကြားခဲ့ရာ ဆက်သွယ်အသိပေးလာသူများအားလုံးကို ဖြေလျှော့ မှုများ အသီးသီးဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။

၂   ၂၀၂၆ ခုနှစ်၊ သြဂုတ်လအတွင်း တရားမဝင် လျှပ်စစ်ဓာတ်အားရယူသုံးစွဲမှုများကို ဝန်ကြီး ဌာနမှ ဖွဲ့စည်းထားသည့် စစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးဖော်ထုတ်ခဲ့ရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် (၇) ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် (၁၂) ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် (၂၁) ဦး၊ မကွေးတိုင်းဒေသကြီးတွင် (၁၇) ဦး၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၃၂) ဦး၊ ကချင်ပြည်နယ်တွင် (၁) ဦး၊ မွန်ပြည်နယ်တွင် (၂) ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင် (၃) ဦး စုစုပေါင်း (၉၅) ဦးကို ဖော်ထုတ်ရရှိခဲ့ပြီး ဌာနမှသတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းနှင့်အညီ မီတာဖြုတ်သိမ်းခြင်း၊ လျော်ကြေးငွေအပြည့် အဝတောင်းခံခြင်းနှင့် အချို့ကို ဥပဒေအရ အမှုဖွင့်တရားစွဲဆိုခြင်းများ ဆောင်ရွက်ခြင်းဖြင့် ထိရောက် စွာအရေးယူဆောင်ရွက်လျက်ရှိပါသည်။

၃။   ထို့အပြင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် Control Center များမှ  စောင့်ကြည့် စစ်ဆေးလျက်ရှိရာ ၃-၉-၂၀၂၆ ရက်နေ့တွင် မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်၊ အကွက်အမှတ် (၃၂/၃၇)ရှိ SKY MAN သံရည်ကျိုလုပ်ငန်းတွင် သုံးစွဲနေသော မီတာအမှတ်(YN-17431) ၌ Alarm ပေါ်နေသဖြင့် တာဝန်ရှိသူများပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပြီး မီတာကို ဖြုတ်ယူ၍ Test Lab ဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ မီတာအား ပြုပြင်ပြီး ဓာတ်အားခိုးယူသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိ ရသဖြင့် စက်ရုံအား ချက်ချင်းပိတ်သိမ်းခဲ့ပြီး နိုင်ငံတော်အနေဖြင့် နစ်နာဆုံးရှုံးခဲ့သော လျှပ်စစ်ဓာတ်အား ယူနစ် ၂၃.၃၆ သန်း အတွက် ကျသင့်လျော်ကြေးငွေကျပ် ၁၇.၁၈၄ ဘီလီယံအား ပြန်လည်ပေးသွင်း စေရေးနှင့် လျှပ်စစ်ဥပဒေနှင့်အညီ မှော်ဘီမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိပါသည်။

၄။   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ Control Center များတွင် နည်းပညာအဆင့်မြှင့်တင် ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေသည့်အတွက် လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲမှုများ ပိုမို၍ ဖော်ထုတ်လာနိုင်သည်နှင့်အမျှ လျှပ်စစ်ဓာတ်အားမရရှိသေးသည့် ပြည်သူများသို့ ပိုမို၍ တိုးမြှင့်ဖြန့်ဖြူး ပေးနိုင်လျက်ရှိပါသည်။

၅။   ပြည်သူများအနေဖြင့်လည်း လျှပ်စစ်ဓာတ်အားကို စနစ်တကျသုံးစွဲကြရန်နှင့် ဓာတ်အား ခိုးယူသုံးစွဲမှုများတွေ့ရှိပါက အောက်ဖော်ပြပါ Call Center များသို့ ဆက်သွယ်သတင်းပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် အသိပေးကြေညာအပ်ပါသည်။

ဆက်သွယ်ရန်

  • လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (နေပြည်တော်)                 - ၀၆၇-၃၄၁၀၀၇၂
  • ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)   - ၁၇၁၇
  • မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (MESC) - ၁၆၁၆၊ ၀၂-၄၀၃၉၃၃၀၊ ၀၂-၄၀၇၃၆၆၆၊ ၀၂-၄၀၇၂၆၁၈ (Hot Line)
  • ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များ                                - ၀၆၇-၃၄၁၀၄၀၇ ၀၉၆၈၂၂၃၂၆၀၀၊ ၀၉၆၆၅၄၃၂၅၇၅               

 

 

                                                                                               လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

 

07-Sep-2026