၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၄ ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် တာဝန်ရှိသူများ လိုက်ပါ ပြီး ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် သန်လျင်ရေနံချက်စက်ရုံ စီမံကိန်းအပိုင်း(၁)အား စက်ရုံ လည်ပတ်မှုနည်းစဉ် တစ်ဆင့်ချင်းအလိုက်စမ်းသပ်လည်ပတ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဦးစွာ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ စက်ရုံမှူးနှင့် ပညာရှင်များ က စက်ရုံစမ်းသပ်လည်ပတ်နေမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ယနေ့အချိန်ကာလ သည် ကမ္ဘာတဝှမ်းတွင် စက်မောင်းဆီ အခက်အခဲများ ဖြစ်ပေါ်နေလျက်ရှိသည့်အပြင် ဈေးနှုန်းများလည်း မြင့်တက်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် စက်မောင်းဆီကို စနစ်တကျသုံးစွဲနိုင်ရေး ကြပ်မတ် ဆောင်ရွက်လျက်ရှိသကဲ့သို့ ကိုယ်တိုင်ထုတ်လုပ်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်နေပါ ကြောင်း၊ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခမဖြစ်မီက စက်မောင်းဆီများသည် ရေနံစိမ်းကုန်ကြမ်း ထက် ၃၀ ရာခိုင်နှုန်းခန့်သာ ပိုမိုသော်လည်း ယခုအချိန်တွင် ၂ ဆခွဲခန့်အထိ မြင့်တက်နေသည့်အတွက် ရေနံ ချက်စက်ရုံများ လျင်မြန်စွာပေါ်ထွက်လာစေရန်အတွက် ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယခု လည်ပတ်မည့်စက်ရုံသည် ထိန်းချုပ်မောင်းနှင်မှု၊ စောင့်ကြည့်မှု၊ ချိန်ညှိမှုများကို Control Room အတွင်းမှ ဆောင်ရွက်နိုင်သည့် ပထမဆုံးသောရေနံချက်စက်ရုံဖြစ်သည်နှင့်အညီ ဝန်ထမ်းများအား စနစ်တကျ လေ့ကျင့်သင်ကြားပေးထားရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာကေတနှင့် အလုံ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများသို့ ရောက်ရှိစစ်ဆေးရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက သဘာဝဓာတ်ငွေ့များသည် တန်ဖိုးကြီးမားသဖြင့် အကျိုးရှိထိရောက်စွာ အသုံးပြုရန်လိုအပ်ကြောင်း၊ စက်များ၏စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ခြင်းဖြင့် သဘာဝဓာတ်ငွေ့သုံးစွဲမှု အနည်းဆုံး ၃၀ ရာခိုင်နှုန်း သက်သာသွားမည်ဖြစ်ရာ စက် များအား ပြန်လည်ပြင်ဆင်ခြင်း၊ စွမ်းဆောင်ရည်မြင့်မားသည့် စက်များဖြင့် အစားထိုးအသုံးပြုသွားနိုင်ရေး အတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းအစိုးရအဖွဲ့ဝင်များနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေကြသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် အနှောင့်အယှက်အခက်အခဲများ ရှိနေသော်လည်း ဝန်ထမ်းများအားလုံး စုစည်းညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်နေကြပါကြောင်း၊ ၂၀၁၀ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ နှစ်စဉ်တစ်လချင်းပျမ်းမျှ ဓာတ်အားဖြန့်ဖြူးနိုင်မှုကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက ယခုနှစ်သည် အများဆုံးဖြစ်ပြီး တစ်လပျမ်းမျှ ယူနစ် ၁၉၇၈ သန်းဖြန့်ဖြူးနေပါကြောင်း၊ လျှပ်စစ် ဓာတ် အားပေးစက်ရုံများ၊ ဓာတ်အားခွဲရုံများ၊ မဟာဓာတ်အားလိုင်းများ ဖျက်ဆီးခံခဲ့ရခြင်းမရှိပါက တစ်လ ပျမ်းမျှ ယူနစ် ၂၂၄၀ သန်း အထိ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း၊ ၂၀၂၅ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တစ်လ ပျမ်းမျှ ဖြန့်ဖြူးနိုင်မှု ၂၁ ရာခိုင်နှုန်း တိုးတက်လာပါကြောင်း၊ ယခုကဲ့သို့ တိုးတက်လာမှုသည် ဓာတ်အားတိုးမြှင့် ထုတ်လုပ်ပေးနိုင်မှုအပြင် ဓာတ်အားခိုးယူသုံးစွဲမှုများကို ဖော်ထုတ်အရေးယူနိုင်ခြင်းသည်လည်း အဓိက ပါဝင်ပါကြောင်း၊ ပြည်သူများအားကိုးအားထားပြုရပြီး နိုင်ငံတော်စီးပွားဖွံ့ဖြိုးမှုအတွက် အားကိုးအားထား ပြုရသည့် လျှပ်စစ်ဓာတ်အားပေးစနစ် ဖြစ်ပေါ်လာစေရေးအတွက် ပြည်သူများနှင့် ထိတွေ့ ဆက်ဆံနေရ သည့် ဝန်ထမ်းများအားလုံးသည် စေတနာအရင်းခံ၍ ဝန်ဆောင်မှုပေးကြပါရန် တိုက်တွန်းပါကြောင်း ပြော ကြားခဲ့ပါသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီတာများ တိုးမြှင့်တပ်ဆင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေသည့် အစီအမံများကို ရှင်းလင်း ဆွေး နွေးခဲ့ကြောင်း သတင်းရရှိပါသည်။