The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ငွေပင်လယ်စက်မှုဇုန်တွင် လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲနေသည့် ဦးသိန်းနိုင်၏ “777” ပလတ်စတစ်စက်ရုံအား စစ်ဆေးဖော်ထုတ်ပြီး နိုင်ငံတော်အနေဖြင့် နစ်နာခဲ့သည့် ငွေကျပ် ၇.၉၀၇ ဘီလီယံအား ပြန်လည်ပေးသွင်းစေပြီး ဥပဒေအရ အရေးယူဆောင်ရွက်

၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက်  

   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဓာတ်အားခိုးယူသုံးစွဲမှုများကို Control Center များမှ စောင့်ကြည့်စစ်ဆေး၍ စဉ်ဆက်မပြတ်ဖော်ထုတ်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ လ ၂၁ ရက်တွင် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ ရွှေလင်ပန်း၊ ငွေပင်လယ် စက်မှုဇုန်အတွင်း မြေကွက်အမှတ် (၇/B) ရှိ ဦးသိန်းနိုင်၏ “777” ပလတ်စတစ်စက်ရုံတွင် တပ်ဆင်ထားသည့် 2 MVA ထရန်စဖော်မာနှင့် တွဲဆက်တပ်ဆင်ထားသည့် မီတာတွင် Alarm ပေါ်နေသဖြင့်  ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပို ရေးရှင်း ရုံးချုပ်၊ ခရိုင်၊ မြို့နယ်  ပါဝင်သော (၅)ဦး ကော်မတီအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ရာ လျှပ်စစ် ဓာတ်အားခိုးယူသုံးစွဲထားကြောင်း သက်သေအထောက်အထားများဖြင့် စစ်ဆေးတွေ့ရှိရသဖြင့် မီတာ အား ချက်ချင်းဖြုတ်သိမ်းခဲ့ပြီး နစ်နာဆုံးရှုံးခဲ့သော လျှပ်စစ်ဓာတ်အား ယူနစ် ၁၀.၄၆၈ သန်း အတွက် ကျသင့် လျော်ကြေးငွေကျပ် ၇.၉၀၇ ဘီလီယံအား ပြန်လည်ပေးလျော်စေရေးနှင့် လျှပ်စစ် ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ သောင်ကြီးနယ် မြေရဲစခန်းတွင် စက်ရုံပိုင်ရှင် ဦးသိန်းနိုင်နှင့် စက်ရုံ မန်နေဂျာ ဦးကြည်လှိုင်တို့အား အမှုဖွင့်အရေးယူလျက်ရှိပါသည်။

   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရှိ Control Center များ၏ နည်းပညာများအဆင့်မြှင့်တင်လာ နိုင်သည့်အတွက်  လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲမှုများ ပိုမို၍ ဖော်ထုတ်လာနိုင်သည်နှင့်အမျှ လျှပ်စစ် ဓာတ်အားမရရှိသေးသည့် ပြည်သူများကို ပိုမို၍ တိုးမြှင့်ဖြန့်ဖြူးပေးနိုင်လျက်ရှိပါသည်။

   ပြည်သူများအနေဖြင့်လည်း လျှပ်စစ်ဓာတ်အားကို စနစ်တကျသုံးစွဲကြရန်နှင့် ဓာတ်အားခိုးယူ သုံးစွဲမှုများတွေ့ရှိပါက Call Center များသို့ ဆက်သွယ်သတင်းပေးခြင်းဖြင့် ပူးပေါင်း ဆောင်ရွက်ကြပါရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အသိပေးကြေညာအပ်ပါသည်။ 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

23-Sep-2026