လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် လျှပ်စစ်ဓာတ်အားစနစ်တည်ငြိမ်ရေး၊ ဓာတ်အားတိုးတက်ရရှိရေး၊ ရေနံနှင့်ရေနံထွက်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ စွမ်းအင်လေလွင့်ဆုံးရှုံးမှုလျော့ပါးရေးအပါအဝင် နိုင်ငံ တော်၏ စွမ်းအင်ဖူလုံရေးနှင့်လုံခြုံရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတော်တွင် စွမ်းအင်အရင်းအမြစ်မျိုးစုံတည်ရှိနေသည့်အတွက် ယင်းတို့ကို အချိုးညီစွာ ပေါင်းစပ်၍ အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ပါက မျှော်မှန်းထားသည့်အချိန်ကာလအတွင်း နိုင်ငံတော်နှင့် ပြည်သူတို့ အတွက် စွမ်းအင်လိုအပ်ချက်များကို ဖူလုံစွာ ဖြည့်ဆည်းပေးနိုင်မည်ဟု ယုံကြည်ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ စီမံကိန်းများ၊ လုပ်ငန်းများသည် ငွေကြေးအရင်းအနှီးကြီးမားပြီး အတတ်ပညာနှင့်လူ့စွမ်းအားအရင်းအမြစ်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်မှသာလျှင် အောင်မြင်နိုင်မည်ဖြစ်ရာ နိုင်ငံ တော်အနေဖြင့် ပြည်တွင်း/ပြည်ပအဖွဲ့အစည်းအသီးသီးအား ဖိတ်ခေါ်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
ယင်းသို့ဆောင်ရွက်ရာတွင် နိုင်ငံသားလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုကို အထူးအလေးထား၍ အားပေးလျက်ရှိသည်နှင့်အညီ နိုင်ငံသားလုပ်ငန်းရှင်များကို ရေရှည်တွင် နိုင်ငံတကာစွမ်းအင်ကုမ္ပဏီကြီးများ၊ အဖွဲ့ အစည်းကြီးများအဆင့်သို့ တက်လှမ်းနိုင်စေရေးအတွက် ရည်မျှော်လျက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတွင် ရင်းနှီးမြှုပ်နှံနိုင်မည့်အခွင့်အလမ်းများ၊ နိုင်ငံတော်အစိုးရအနေဖြင့် အားပေးကူညီမည့်အစီအစဉ်များကို Power Point Presentation များ၊ ရုပ်ပုံကားချပ်များ၊ 3D Model များဖြင့် တာဝန်ရှိသူများက ရှင်းလင်း၍ ချပြဆွေးနွေးသွား မည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် နေပြည်တော်၌ ကျင်းပမည့် လျှပ်စစ်နှင့်စွမ်းအင်ဝန် ကြီးဌာန၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများ ချပြဆွေးနွေးပွဲသို့ နိုင်ငံသားလုပ်ငန်းရှင်များနှင့် စိတ်ပါဝင် စားသူများ တက်ရောက်ဆွေးနွေးနိုင်ပါရန် ဖိတ်ခေါ်အပ်ပါကြောင်းနှင့် ဆွေးနွေးပွဲသို့ တက်ရောက်လိုသူများ အနေဖြင့် ၃၀-၁၀-၂၀၂၆ ရက်နေ့(၁၆:၃၀)နာရီနောက်ဆုံးထား၍ အောက်ဖော်ပြပါဖုန်းနံပါတ်သို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါကြောင်း အသိပေးဖိတ်ခေါ်အပ်ပါသည်-
ဆက်သွယ်ရန် -ဦးမင်းသူအောင်၊ ဒုတိယညွှန်ကြားရေးမှူး၊
ပြည်တွင်းပြည်ပဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးဌာနခွဲ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
၀၉ ၄၄၄ ၅၈၈ ၈၈၈၊ Email: messenger@e-moee.gov.mm
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန