The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ Guandong DaPeng LNG Terminal သို့ သွားရောက်လေ့လာခြင်းနှင့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးသည့်သတင်း

၂၀၁၈ ခုနှစ်၊ သြဂုတ်လ (  ၂၄  ) ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စွမ်းအင်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့ (National Energy Administration) ၏ ဒုတိယအကြီးအကဲ (Vice Administrator) ဖြစ်သူ Mr. Li Fanrong လိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့၊ နံနက်ပိုင်းက Guandong ပြည်နယ်ရှိ Guandong DaPeng LNG Terminal သို့ရောက်ရှိခဲ့ရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။

ထို့နောက် LNG Terminal ရှင်းလင်းတင်ပြခန်းမတွင် LNG Terminal စတင် အကောင်အထည်ဖော်ခဲ့မှုအခြေအနေ၊ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ LNG တင်သွင်း၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်းရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် အခြားကဏ္ဍများသို့ သဘာဝဓာတ်ငွေ့ဖြန့်ဖြူးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ ကြပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် LNG Terminal အား လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြပါသည်။

သြဂုတ်လ ၂၄ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး (Deputy Governor) Mr. Zhang Gouhua ဦးဆောင်သော ယူနန်ပြည်နယ်အစိုးရမှ တာဝန်ရှိသူများနှင့် ယူနန်ပြည်နယ် ကူမင်းမြို့ရှိ Hai Geng ပြည်နယ်ဧည့်ဂေဟာတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့ဆွေးနွေးရာတွင် ယူနန်ပြည်နယ်အတွင်း ဆောင်ရွက် လျက်ရှိသော လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
24-Aug-2018