၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ပြည်သူများသို့ လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရန် အတွက် စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ဓာတ်အားများကို စိစစ်ထုတ်လုပ်၍ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၂) ရက်နေ့မှ စတင်ပြီး အဆင့်ဆင့်တိုးမြှင့် ထုတ်လုပ်ပေးခဲ့ရာ ယနေ့အချိန်အထိ နေ့စဉ် ယူနစ် ၁၀ သန်းခန့်ထိ တိုးမြှင့်ဖြန့်ဖြူး ပေးလျက်ရှိပါသည်။

၂။ တိုးမြင့်ရရှိလာသော လျှပ်စစ်ဓာတ်အားများကို နိုင်ငံတစ်ဝှမ်းရှိ မြို့နယ်များသို့ အချိုးကျတိုးမြှင့် ဖြန့်ဖြူးပေးလျက်ရှိရာ နေ့စဉ် ယူနစ် (၅၉.၄) သန်း ဖြန့်ဖြူးပေးနေရာမှ ယူနစ် (၇၀) သန်းအထိ တိုးမြင့် လာခြင်းဖြစ်ပါသည်။
၃။ လျှပ်စစ်သုံးစွဲမှု အမြင့်ဆုံးကာလများဖြစ်သည့် ၂၀၂၆ ခုနှစ် ဧပြီလနှင့် မေလတို့အတွက် ဖြန့််ဖြူး ပေးနိုင်ခဲ့မှုကို ၂၀၂၅ ခုနှစ် ဧပြီလ၊ မေလတို့နှင့်နှိုင်းယှဉ်ပါက သိသာစွာ တိုးမြင့်ဖြန့်ဖြူးနိုင်ခဲ့သည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။


၄။ ပူပြင်းသည့် ယခုအချိန်အခါများတွင် သုံးစွဲမှုမှာ သိသာစွာတိုးမြင့်လျက်ရှိသဖြင့် နေရာဒေသ အလိုက် အလှည့်ကျ အချိန်ပိုင်းဝန်အားလျှော့ချ၍ ဆောင်ရွက်နေရပါသည်။ သို့ဖြစ်ရာ လျှပ်စစ်မီး ပြန်လည်ပေးဝေသည့်အချိန်များတွင် တစ်ပြိုင်တည်း ရယူသုံးစွဲကြသဖြင့် Starting Load များ မြင့်တက်ပြီး ဓာတ်အားပြတ်တောက်ခြင်းအပြင် မမျှော်မှန်းနိုင်သည့်အခြေအနေများဖြစ်သည့် မိုးသက် လေပြင်းတိုက်ခတ်ခြင်း၊ မြေပြိုခြင်းများ စသည့်အခြေအနေများကြောင့် အချိန်ပိုင်း ဓာတ်အားပြတ်တောက် ခြင်းများ ဖြစ်ပေါ်နေလျက်ရှိပါသည်။
၅။ ယင်းဖြစ်စဉ်များ လျော့နည်းပပျောက်သွားစေရန်အတွက် အစီအမံများ ချမှတ်ဆောင်ရွက် လျက်ရှိနေပြီး ဒေသအလိုက် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ၏ ဝန်အား နိုင်နင်းမှုအပေါ် မူတည်ပြီး ပြည်သူများ လျှပ်စစ်ဓာတ်အားပိုမိုသုံးစွဲနိုင်ရေး အဆင့်လိုက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၆။ ပြည်သူ့ဆေးရုံကြီးများ၊ အရေးကြီးဌာနဆိုင်ရာများ၊ LNG ဖြင့် ဓာတ်အားရယူထားသော စက်မှုဇုန်များ၊ စီးပွားရေးလုပ်ငန်းများသို့ အချိန်ပြည့်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားပြီး၊ ရုံးပိတ် ရက်များတွင် အများပြည်သူသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးလျက်ရှိပါသည်။
၇။ လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများအနေဖြင့်လည်း လျှပ်စစ်ဓာတ်အားပြုန်းတီးမှု မဖြစ်ပေါ် စေရေး တစ်ဦးချင်းအနေဖြင့် စနစ်တကျသုံးစွဲရန်လိုအပ်မည် ဖြစ်သကဲ့သို့ ရည်ရွယ်ချက်ရှိစွာ လျှပ်စစ် ဓာတ်အားပြုန်းတီးမှု ဖြစ်ပေါ်စေရေး ဆောင်ရွက်နေမှုများကို တိကျစွာ တိုင်ကြားလာမှုများအပေါ် ထိရောက်စွာ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိရာ ယခုရက်သတ္တပတ်အတွင်း တိုင်ကြားသူများ ကျေနပ်မှု ရှိသည်အထိ ဝန်ဆောင်မှုပေးနိုင်ခဲ့ခြင်းဖြင့် ပြည်သူများ ဓာတ်အားတိုးမြင့်ရရှိစေလျက် ရှိပါသည်။
၈။ နိုင်ငံတော် ဓာတ်အားစနစ်အတွင်း လေလွင့်ဆုံးရှုံးမှုများ လျော့နည်းလာခြင်းဖြင့် ပြည်သူများ အနေဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲခွင့် ပိုမိုရရှိလာကြမည်ဖြစ်ရာ လျှပ်စစ်ဓာတ်အားစနစ်နှင့်စပ်လျဉ်း၍ နိုင်ငံတော်နှင့် ပြည်သူများ နစ်နာစေမှုများ တွေ့ရှိရပါက ဖော်ပြပါ Call Center များသို့ အကြံပြုခြင်း၊ တိကျစွာ တိုင်ကြားခြင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် အသိပေး မေတ္တာရပ်ခံအပ်ပါသည်-
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန