ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့ ဧရိယာများသို့ ဓာတ်အားပိုမိုဖြန့်ဖြူး ပေးနိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ် အတွင်းရှိ ကညင်ဆည်တွင် ကညင် (၁၀.၅) မဂ္ဂါဝပ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းအား Kanyin Hydro Power Co.,Ltd မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါစက်ရုံမှ ထုတ်လုပ်မည့် ဓာတ်အားကို ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်နိုင်ရေးအတွက် ထူးကြီးမြို့တွင် တည်ဆောက် လျက်ရှိသည့် ၆၆ ကေဗွီ ဓာတ်အားခွဲရုံကို ၆၆ ကေဗွီ မြန်အောင်-ဟင်္သာတ အမှတ် (၁) ဓာတ်အား လိုင်းနှင့် ချိတ်ဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ထိုသို့ ၆၆ ကေဗွီ မြန်အောင်-ဟင်္သာတ အမှတ် (၁) ဓာတ်အားလိုင်းနှင့် ချိတ်ဆက်ခြင်း လုပ်ငန်းကို ၂၀၂၆ ခုနှစ်၊ မေလ ၂၃ ရက် (စနေနေ့)နှင့် မေလ၂၄ ရက် (တနင်္ဂနွေနေ့)များတွင် ၀၇:၀၀ နာရီမှ ၁၈:၀၀ နာရီ အထိ ဓာတ်အားပိတ်၍ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အဆိုပါ ဓာတ်အားလိုင်း ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်အား ဧရာဝတီတိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာမှတစ်ဆင့် သက်ဆိုင်ရာဒေသအာဏာပိုင်များနှင့် ကြိုတင်ညှိနှိုင်းအကြောင်းကြားထားပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း အင်္ဂပူမြို့၊ မဲဇလီကုန်းမြို့နှင့် ထူးကြီးမြို့များ ဓာတ်အားပြတ်တောက်နေမည်ဖြစ်ပါကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။