The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်ဓာတ်အားလေလွင့် ဆုံးရှုံးမှုမရှိစေရေးအတွက် လျှပ်စစ်ဓာတ်အားတရားမဝင်ရယူသုံးစွဲမှုများကို စစ်ဆေးအရေးယူခဲ့ခြင်းနှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ချက်

   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် လျှပ်စစ် ဓာတ်အား လေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ကရင် ပြည်နယ်၊ ဘားအံ မြို့များရှိ ပျမ်းမျှယူနစ်ဖြင့် ဓာတ်အားခကောက်ခံလျက်ရှိသည့် နှစ်ကြာ/ ရပ်ပျက်နှေးမီတာများနှင့် LNG နှုန်းဖြင့် ကောက်ခံလျက်ရှိသည့် Analog မီတာများအား AMI မီတာများဖြင့် လဲလှယ်ခြင်း၊ လက်ရှိတပ်ဆင်အသုံးပြုထားသော Digital မီတာအတွင်းရှိ ဓာတ်အားသုံးစွဲခဲ့မှုမှတ်တမ်း အချက် အလက်များအား Download ရယူခြင်း၊ AMI CT မီတာများအား SIM Card များထည့်၍ Control Center ဖြင့် ချိတ်ဆက်ခြင်း၊ မီတာများတွင် တပ်ဆင်ထားသော Seal မှတ်တမ်းများအား  ESE Billing Server နှင့် ချိတ်ဆက်ခြင်း၊ တရားမဝင်ဓာတ်အားသုံးစွဲမှုများကို စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ရန် အတွက် AMI Monitoring and Control Center ကြီးကြပ်ရေးအဖွဲ့မှ ၂၅-၅-၂၀၂၆ ရက်နေ့မှစ၍ သွားရောက်စစ်ဆေးလျက်ရှိပါသည်။

   ထိုသို့စစ်ဆေးရာတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ကရင်ပြည်နယ်၊ ဘားအံ့မြို့တို့တွင် အသုံးပြုလျက်ရှိသည့် စီးပွားရေးလုပ်ငန်းသုံး မီတာ (၅၂)လုံးတို့အနက် မသမာသောနည်းလမ်းဖြင့် ဓာတ်အားရယူသုံးစွဲသူ (၁၃)ဦးတို့အား စိစစ်ဖော်ထုတ်နိုင်ခဲ့ပါသည်။ မသမာသောနည်းလမ်းဖြင့် ဓာတ် အားရယူသုံးစွဲသည့်ဖြစ်စဉ်ကြောင့် နိုင်ငံတော်အနေဖြင့် နေ့စဉ်လူဦးရေ ၃၆၆၉ ဦးခန့် လျှပ်စစ်မီး သုံးစွဲခွင့် မရရှိခြင်းနှင့် ညီမျှသော လျှပ်စစ်ဓာတ်အား ယူနစ်ပေါင်း ၁,၂၀၅,၂၆၆ (တစ်သန်းနှစ်သိန်း ငါးထောင်နှစ်ရာခြောက်ဆယ့်ခြောက် ယူနစ်)ဆုံးရှုုံးခဲ့ရပြီး  ငွေကျပ် ၇၈၅ သန်းကျော် ဆုံးရှုံးနစ်နာစေခဲ့ သဖြင့် လျှပ်စစ်မီတာများကို ချက်ချင်းပိတ်သိမ်းခဲ့ကာ လျှပ်စစ်ဥပဒေနှင့်အညီ နစ်နာဆုံးရှုံးမှုများ ပြန်လည်ရရှိရေးဆောင်ရွက်နိုင်ခဲ့ပါသည်။

   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် Control Center များမှ စောင့်ကြည့်စစ်ဆေး၍ သံသယဖြစ်ဖွယ်တွေ့ရှိသည်နှင့် မြေပြင်သို့ သွားရောက်စစ်ဆေးခြင်း၊ ပြည်သူများ၏ တိကျစွာ သတင်း ပေးတိုင်ကြားလာမှုများအပေါ် ထိရောက်စွာ စစ်ဆေးအရေးယူဆောင်ရွက်ခြင်းတို့ဖြင့် လျှပ်စစ်ဓာတ် အားလေလွင့်ပျောက်ဆုံးမှုများ သိသာစွာလျော့နည်းလာစေရေး ကြိုးပမ်းဆောင်ရွက်နေသည်ဖြစ်ရာ ယင်းသို့ ဓာတ်အားခိုးယူသုံးစွဲမှုများ ဖော်ထုတ်လာနိုင်သည်နှင့်အမျှ ပြည်သူများသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်၍ ပြည်သူများအနေဖြင့် ပိုမို၍ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် အသိပေး ထုတ်ပြန်အပ်ပါသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

16-Jun-2026