၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်
၁။ လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများအနေဖြင့် မသမာသောနည်းလမ်းများကို အသုံးပြု၍ တရားမဝင်ဓာတ်အားရယူသုံးစွဲမှုများ ပြုလုပ်ထားပါက ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက် နောက်ဆုံး ထားပြီး သက်ဆိုင်ရာဌာနများသို့ ဆက်သွယ်အသိပေးကြပါရန်နှင့် ယင်းသို့အသိပေးလာပါက ဖြေလျှော့ပေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ ကာလကျော်လွန်ပြီးချိန်တွင် တရားမဝင် ဓာတ်အားသုံးစွဲမှုများကို Control Center များမှ စစ်ဆေးတွေ့ရှိရပါက ပြဋ္ဌာန်း ထားသည့် လျှပ်စစ်ဥပဒေများနှင့်အညီ ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း၊ မီတာအသုံးပြုခွင့်ကို ကာလ အကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းနှင့် လုပ်ငန်းလိုင်စင်ပိတ်သိမ်းခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းကို ပြည်သူသို့အသိပေးပန်ကြားချက်အဖြစ် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
၂။ ယခုအခါ မသမာသောနည်းလမ်းများကို အသုံးပြု၍ တရားမဝင်ဓာတ်အားရယူသုံးစွဲနေသူ များမှ သက်ဆိုင်ရာဌာနအသီးသီးသို့ ဆက်သွယ်အသိပေးလျက်ရှိနေကြပြီဖြစ်ရာ အောက်ပါအတိုင်း ဖြေလျော့ပေးလျက်ရှိပါသည်-
(က) ဓာတ်အားဖြတ်တောက်ခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း ၊
(ခ) ဒဏ်ကြေးငွေကျပ် ၃၀၀,၀၀၀/- တောင်းခံခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း ၊
(ဂ) ၂၀၁၄ ခုနှစ်၊ လျှပ်စစ်ဥပဒေနှင့်အညီ တရားစွဲဆိုခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း ၊
(ဃ) တရားမဝင် ဓာတ်အားရယူသုံးစွဲမှုများအတွက် လျော်ကြေးငွေတွက်ချက်ရာတွင် မူလသတ်မှတ်ချက်၏ ၅၀ % ကိုသာကောက်ခံခြင်း ၊
၃။ လျှပ်စစ်ဓာတ်အား တရားမဝင်ရယူသုံးစွဲမှုများ လျော့နည်းပပျောက်လာသည်နှင့်အမျှ လျှပ်စစ်ဓာတ်အား မရရှိသေးသည့် ပြည်သူများသို့ ပိုမို၍တိုးမြှင့် ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ရာ ပြည်သူ များအနေဖြင့် ကိုယ်ချင်းစာစိတ်များဖြင့် ပိုမိုပူးပေါင်းဆောင်ရွက်ပေးကြပါရန် အသိပေး မေတ္တာရပ်ခံ အပ်ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန