ကျိုင်းတောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျိုင်းတောင်းမြို့၏ တောင်ဘက် (၁၈) မိုင်ခန့်အကွာ နမ့်တိန်ချောင်းပေါ်တွင် တည်ရှိပါသည်။ ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းကို ၂၀၀၃-၂၀၀၄ ဘဏ္ဍာရေးမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး တပ်ဆင်စက်အင်အား (၅၄) မဂ္ဂါဝပ်ဖြင့် ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးမှစတင်၍ နှစ်စဉ် (၃၇၇.၆) ကီလိုဝပ်နာရီသန်းကို မဟာဓတ်အားလိုင်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက် ရှိပါသည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သည့် ရာဂီမုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့်အတွက် ကျိုင်းတောင်းရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ၏ မြေသားဆည်ဘောင်ရိုး ကျိုးပေါက်ပျက်စီးခြင်း၊ ရေလွှဲဆည်များ၏အောက်ဘက် ရေတိုက်စား ခံရခြင်း၊ သစ်လုံးတံတားများ ရေတိုက်စားခံရခြင်း၊ အမှိုက်စစ်သံဇကာ ပျက်စီးခြင်း၊ စက်ရုံရေထုတ်မြောင်း အတွင်း သဲနုန်းများတင်ကျန်ခြင်း စသည်တို့ဖြစ်ပေါ်ခဲ့ပါသည်။ မြေသားဆည်ဘောင်ရိုးကျိုးပေါက် ပျက်စီးခဲ့သည့်အတွက် ဓာတ်အားပြည့်ဝစွာ ထုတ်လုပ်နိုင်ရေး လိုအပ်သောရေများမှာ လမ်းကြောင်း ပြောင်းစီးဆင်းခဲ့ပါသဖြင့် လျှပ်စစ်ဓာတ်အားကို ပြည့်ဝစွာ ထုတ်လုပ်ရန် အခက်အခဲများကြုံတွေ့ခဲ့ ပါသည်။ ရာဂီမုန်တိုင်းကြောင့် ကျိုင်းတောင်းဓာတ်အားပေးစက်ရုံတွင် စုစုပေါင်းကျပ်(၅၂၇၁.၃၅၁၆) သန်းခန့် ပျက်စီးဆုံးရှုံးခဲ့ရပါသည်။
ရာဂီမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ကျိုင်းတောင်းရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ၏ ရေလွှဲဆည်နှင့် ဆက်စပ်အဆောက်အဦတို့ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ကုန်သည်အထိ ပြန်လည်ပြင်ဆင်တည်ဆောက်ခဲ့ရာတွင် ကျိုးပေါက်ပျက်စီးခဲ့သော ဆည်ဘောင်ရိုးနေရာ၌ ကွန်ကရစ် ရေလွှဲဆည်အမှတ်(၃)ကို တည်ဆောက်ခြင်း၊ အခြေခံအုတ်မြစ်ခိုင်ခံ့ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ရေတိုက်စားခြင်းခံရသည့် ရေလွှဲဆည်၏ အောက်ဘက်များတွင် ကျောက်ဖြည့်ကွန်ကရစ်လောင်းခြင်း၊ ယာယီသစ်လုံးတံတားနေရာတွင် ကွန်ကရစ်တံတားတည်ဆောက်ခြင်း၊ အမှိုက်စစ်သံဇကာ ပြန်လည် ပြုပြင်တပ်ဆင်ခြင်း၊ သဲနုန်းများ ပြန်လည်ဖယ်ရှားခြင်းနှင့် စက်ရုံရေထုတ်မြောင်းအကျယ်တိုးချဲ့ခြင်း စသည့်လုပ်ငန်းတို့ကို ဆောင်ရွက်ပြီးခဲ့ပါသဖြင့် နိုင်ငံတော်ဓာတ်အားလိုအပ်ချက်ကို ထိခိုက်မှုမရှိစေရေး ဆောင်ရွက်နိုင်ခဲ့ပါကြောင်းနှင့် လက်ရှိလျှပ်စစ်ဓာတ်အားမောင်းနှင်လျက်ရှိပြီး နှစ်စဉ်လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ (၃၇၇.၆) သန်းကို မဟာဓာတ်အားလိုင်းမှတဆင့် ပြည်သူများထံသို့ ဖြန့်ဖြူးပေးလျက် ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်သူသို့ အသိပေးထုတ်ပြန်အပ်ပါသည်။