The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

မိုးဗြဲရေလှောင်တမံနှင့်ဝန်ထမ်းအိမ်ရာစခန်းဝင်းတွင် အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူ များကြောင့်  ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်အခြေအနေများနှင့် ပြန်လည်ပြုပြင်ဆောင်ရွက် နေမှုအခြေအနေများအား အများပြည်သူသိရှိနိုင်ရန် သတင်းထုတ်ပြန်ခြင်း

   မိုးဗြဲရေလှောင်တမံသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့၏ အရှေ့တောင်ဘက် (၉.၅)မိုင်ခန့်အကွာ ဘီလူးချောင်းပေါ်တွင် တည်ရှိပါသည်။ တမံအလျား(၈၀၀၀)ပေနှင့် အမြင့် (၆၀) ပေရှိသည့် မြေသားတမံအမျိုးအစားဖြစ်ပြီး ရေပိုလွှဲတံခါးပေါက်(၄)ခုနှင့် ရေယာဉ်သွားလမ်း (Navigation Lock Gate) (၁)ခု ပါရှိပါသည်။ မိုးဗြဲရေလှောင်တမံကို နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့် ၁၉၆၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၇၀ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပါသည်။

   မိုးဗြဲရေလှောင်တမံသည် ဘီလူးချောင်းအမှတ် (၁၊၂၊ ၃) ရေအားလျှပ်စစ်စက်ရုံများ လျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သောရေပမာဏနှင့် တမံအောက်ဘက်ရှိ ဆည်ရေသောက် ဧရိယာ (၂၀,၀၀၀) ဧကအတွက် စုစုပေါင်းရေပမာဏ (၆၈၇,၀၀၀)ဧကပေကို သိုလှောင်ထိန်းညှိ ထုတ်လွှတ်ပေးလျက်ရှိပါသည်။ ထို့အပြင် မိုးဗြဲရေလှောင်တမံသည် ရေယာဉ်သွားလမ်းထည့်သွင်း တည်ဆောက်ထားသည့်အတွက် ရေကြောင်းခရီးသွားလာမှုအပေါ် အထောက်အကူပြုလျက်ရှိပြီး တမံအထက်ဘက်ရှိ အင်းလေးကန်၏ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု လျော့နည်းသက်သာ စေရေးအတွက်လည်းကောင်း၊ တမံအောက်ဘက်ဒေသများတွင် ရေကြီးရေလျှံမှုထိန်းသိမ်းလျှော့ချ နိုင်ရေးတို့အတွက်လည်းကောင်း တစ်ဖက်တစ်လမ်းမှ ထိန်းသိမ်းပေးလျက်ရှိသည့် ဘက်စုံရေလှောင် တမံကြီး ဖြစ်ပါသည်။

    ၂၀၂၃ ခုနှစ်အတွင်း အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများကြောင့် တမံအောက် ဘက် မိုးဗြဲထိန်းသိမ်းရေးစခန်းရှိ ဧည့်ရိပ်သာ၊ ရုံးအဆောက်အဦ၊ ဝန်ထမ်းအိမ်ရာနှင့် စတိုဂိုဒေါင် များ အပါအဝင် အဆောက်အဦ (၄၄)လုံး ဖျက်ဆီးခံခဲ့ရပါသည်။ ဝန်ထမ်းအိမ်ရာအဆောက်အဦ (၃၄)လုံးနှင့် ဌာနပိုင်မော်တော်ယာဉ် (TE) (၁)စီးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စတိုဂိုဒေါင်အတွင်းရှိ ထရန်စဖော်မာများနှင့် စက်ပစ္စည်းများလည်း ဖျက်ဆီးခံခဲ့ရပါသည်။  

   ထို့အပြင် ရေပိုလွှဲထိန်းချုပ်ခန်းအဆောက်အဦနှင့် ထိန်းချုပ်ရေးစနစ်များ၊ ရေယာဉ်သွား လမ်း ထိန်းချုပ်ခန်းအဆောက်အဦနှင့် ထိန်းချုပ်ရေးစနစ်များ၊ (၁၀၈)ကေဗွီအေ မီးစက် (၁)လုံး၊ ထရန်စဖော်မာများနှင့် ဓာတ်အားလိုင်းများ၊ ရေပေးဝေရေးအဆောက်အဦနှင့် ရေစက်ပစ္စည်းများ လည်း ဖျက်ဆီးခံခဲ့ရပါသည်။ ထို့အတွက် ရေပိုလွှဲတံခါးများကို အလိုအလျောက် လျင်မြန်စွာ ဖွင့်ပိတ်၍ မရခြင်းကြောင့် တမံရေထိန်းညှိထုတ်လွှတ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာ ခြင်းနှင့် ရေယာဉ်သွားလမ်းတံခါးများ အဖွင့်အပိတ်ပြုလုပ်၍ မရခြင်းကြောင့် အများပြည်သူများ ရေကြောင်း ခရီးသွားလာမှုအပေါ် ထိခိုက်ခဲ့ရပါသည်။

   မိုးဗြဲရေလှောင်တမံနှင့် စခန်းတစ်ခုလုံးတွင် အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူ များ၏ ဖျက်ဆီးခဲ့မှုများကြောင့် နိုင်ငံတော်မှ ငွေကျပ် (၁၀) ဘီလီယံခန့် ပျက်စီးဆုံးရှုံးခဲ့ရပါသည်။

   နယ်မြေလုံခြုံရေးအခြေအနေများ ကောင်းမွန်ပြီးနောက် (၂၇-၇-၂၀၂၅) ရက်နေ့မှသာ ဌာန ဝန်ထမ်းများသည် မိုးဗြဲရေလှောင်တမံသို့ ပြန်လည်ဝင်ရောက်နိုင်ခဲ့ပါသည်။ ထို့နောက် ရေလှောင် တမံ ဧရိယာဝန်းကျင်တွင် မိုင်းအန္တရာယ်ရှင်းလင်းခြင်းကို နယ်မြေခံတပ်မဌာနချုပ်နှင့် ဌာနဝန်ထမ်း များမှ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ တမံပတ်ဝန်းကျင်နှင့် အဆောက်အဦပတ်ဝန်းကျင် သစ်ပင် ခြုံနွယ်များ ရှင်းလင်းခြင်းတို့ကိုလည်း ဌာနပိုင်စက်/ယာဉ်ယန္တရား (၃)စီးဖြင့် ရှင်းလင်းဆောင်ရွက် ခဲ့ပြီး ဖြစ်ပါသည်။

   အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများကြောင့် ပျက်စီးဆုံးရှုံးမှုများအား ထိန်းသိမ်း ပြုပြင်ရေးလုပ်ငန်းများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ ဆောင်ရွက်လျက်ရှိပြီး ပျက်စီးခဲ့ သည့် အဆောက်အဦများ၊ တမံနှင့် ဆက်စပ်ရေအားအဆောက်အအုံများကိုလည်း ဘဏ္ဍာရေးနှစ် အလိုက် ဆက်လက်ပြုပြင် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

   သို့ဖြစ်ပါ၍ ရေကြီးရေလျှံမှုထိန်းသိမ်းရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ စိုက်ပျိုးရေးနှင့် ရေကြောင်းခရီးသွားလာရေးလုပ်ငန်းတို့အတွက် အလွန်အရေးပါသည့် မိုးဗြဲရေလှောင်တမံတွင် အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများ၏ဖျက်ဆီးခဲ့မှုများအပေါ် ပြန်လည်ပြုပြင်တည်ဆောက် ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်သူသို့ အသိပေးတင်ပြအပ်ပါသည်။

24-Jul-2026