The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

အများပြည်သူသို့ လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရန်ရည်ရွယ်ပြီး နေ့လည်ပိုင်း ဝန်အားသုံးစွဲမှုများပြားသည့် စက်မှုလုပ်ငန်းကြီးများကို ဓာတ်အားခလျှော့ချပေး၍ ညပိုင်းအချိန်များသို့ ပြောင်းရွှေ့ ဓာတ်အားသုံးစွဲနိုင်မည့် အစီအစဉ်အား အသိပေးကြေညာခြင်း

 

၁။   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်အတွင်း လျှပ်စစ်ဓာတ်အား ထုတ် လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးပေးရာတွင် အများပြည်သူနှင့် စက်မှု/စီးပွားရေးလုပ်ငန်းများ စဉ်ဆက် မပြတ် ဓာတ်အားရရှိစေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်မှုရှိစေရေးတို့အတွက် ပြုပြင် ပြောင်းလဲမှုများကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

၂။   ထို့သို့ဆောင်ရွက်လျက်ရှိရာ မိုးရာသီကာလများတွင် ရေဝင်ရောက်မှု ကောင်းမွန် သောကြောင့် ရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံများမှ အပြည့်အဝ ဓာတ်အားထုတ် လုပ်ပေးနိုင်သော်လည်း မဟာဓာတ်အားလိုင်း များ၏ ပို့လွှတ်နိုင်စွမ်း ကန့်သတ် ချက် များ ရှိနေခြင်းကြောင့် လျှပ်စစ်ဓာတ်အားအသုံးများ သည့် နေ့အချိန်ပိုင်းတွင် အချိန်ပိုင်း လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ ညဉ့်နက်ပိုင်းအချိန်တွင်မူ လျှပ်စစ်ဓာတ် အားသုံးစွဲမှုမှာ လွန်စွာလျော့နည်းသွားသဖြင့် ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှုကို လျှော့ချမောင်းနှင်ပေးရသည်ဖြစ်ရာ မိုးရာသီကာလတွင် ရေစွမ်းအင်များပြုန်းတီးနေသည့် အပြင် ရေအားလျှပ်စစ်ထုတ်လုပ်သည့် တမံကြီးများတွင် ရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိနေ ပါသည်။

၃။   သို့ဖြစ်ပါ၍ ပထမအဆင့်အနေဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပမာဏများပြားသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုလုပ်ငန်းများအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် အချက်များနှင့် ပြည့်စုံပါက နေ့စဉ်ညပိုင်း ၂၃:၀၀ နာရီမှ နောက်တစ် နေ့ နံနက် ၅:၀၀ နာရီအထိ အချိန်ကာလအတွင်း တစ်ယူနစ်လျှင် မူလ ကျပ် ၉၀၀ နှုန်းမှ ၆၀၀ ကျပ်နှုန်းသို့ လျှော့ချ၍ ဓာတ်အားရယူသုံးစွဲခွင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

၄။   ထိုသို့ဆောင်ရွက်နိုင်ခြင်းဖြင့် မိုးရာသီကာလအတွင်း အချိန်နှင့်အမျှ ဆုံးရှုံးနေသည့် ရေများမှ နိုင်ငံတော်အတွက် ဝင်ငွေရရှိလာခြင်း၊ ဓာတ်အားစနစ်တည်ငြိမ်မှုရှိလာခြင်း၊ သတ်မှတ်ချက်နှင့်ကိုက်ညီပြီး ဆန္ဒရှိသည့် စက်မှုလုပ်ငန်းကြီးများသည် ညဘက်သို့ ပြောင်းရွှေ့လုပ်ငန်းဆောင်ရွက်ခြင်းကြောင့် နေ့ပိုင်းတွင် လျှပ်စစ်မီးသုံးစွဲသူပြည်သူများသို့ ပိုမိုဖြန့်ဖြူးပေးနိုင်ခြင်း၊ စက်မှုလုပ်ငန်းရှင်များအနေဖြင့်လည်း ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချနိုင်ခြင်း စသည့် သုံးဦးသုံးဖလှယ် အကျိုးကျေးဇူး ရရှိစေမည်ဖြစ်ပါသည်။

၅။   နိုင်ငံတကာတွင် Smart Grid စနစ်ကို အသုံးပြုနေကြသဖြင့် ယခုကဲ့သို့ အချိန်ဖြင့် ဓာတ်အားခကောက်ခံသည့် (Time of Use- TOU) ကို အသုံးပြုနေကြပြီဖြစ်ရာ လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန အနေဖြင့်လည်း လက်ရှိအခြေအနေပေါ်တွင် မူတည်၍ ပထမ အဆင့်အနေဖြင့် စတင် စမ်း သပ်ဆောင်ရွက်ခြင်းဖြစ်၍ မိဘပြည်သူများအနေဖြင့် နိုင်ငံ တော်၏ လျှပ်စစ်ဓာတ်အားစနစ် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အပြုသဘောဖြင့် အကြံ ဉာဏ်များပေးခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်းတို့ဖြင့် ကူညီကြပါရန် အသိပေးကြေညာ မေတ္တာရပ်ခံအပ်ပါသည်။

၆။   သိရှိလိုသည်များကို မေးမြန်းလိုပါက အောက်ဖော်ပြပါဖုန်းနံပါတ်များသို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်-

          (က)   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးချုပ် (၀၉-၄၅၀၅၄၁၂၀၀)

          (ခ)     ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(၀၉-၄၂၈၃၀၄၂၀၃)(၁၇၁၇)

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

16-Aug-2026