The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

၂၃၀ ကေဗွီ သပြေဝ - မြင်းခြံ (သံမဏိ) ဓာတ်အားလိုင်း ချိတ်ဆက်ခြင်းနှင့် ၆၆ ကေဗွီ ဝိုင်းမော် - မြစ်ကြီးနား အမှတ် (၁) ဓာတ်အားလိုင်း၏ တိုင်အမှတ် (၃၄ နှင့် ၃၅) ကြားတွင် ကေဘယ်လ်ကြိုးအသစ် အစားထိုးလဲလှယ်ခြင်းလုပ်ငန်းများအား အများပြည်သူသိရှိနိုင်ရန် သတင်းထုတ်ပြန်ခြင်း

၂၀၂၆ ခုနှစ် ၊ သြဂုတ် ၂၈ ရက်

   မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နှင့် ပတ်ဝန်းကျင်ဒေသများသို့ တည်ငြိမ်သော လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ၂၃၀ ကေဗွီ မြင်းခြံ Switching Station ဓာတ်အားခွဲရုံအား ဓာတ်အား ပို့လွှတ်နိုင်ရေးအတွက် ၂၃၀ ကေဗွီ သပြေဝ-မြင်းခြံ (သံမဏိ) ဓာတ်အားလိုင်းနှင့် ချိတ်ဆက်ခြင်းလုပ်ငန်းများ  ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

   အဆိုပါလုပ်ငန်းများဆောင်ရွက်နိုင်ရန် ၂၃၀ ကေဗွီ သပြေဝ-မြင်းခြံ(သံမဏိ) ဓာတ်အား လိုင်းကို ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဓာတ်အားပိတ်၍ လုပ်ငန်းများ‌ဆောင်ရွက်သွားမည်ဖြစ်ရာ ယာယီဓာတ်အားပြတ်တောက် နိုင်မည်ဖြစ်ကြောင်းနှင့် ဓာတ်အားပြတ်တောက်မည့် ဧရိယာများရှိ စက်ရုံ၊ အလုပ်ရုံများကို ကြိုတင်ညှိနှိုင်း အကြောင်းကြား ထားပြီးဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

   အလားတူ ကချင်ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့ဧရိယာများသို့ ဓာတ်အား တည်ငြိမ်စွာ ပို့လွှတ်နိုင်ရန်အတွက် ၆၆ ကေဗွီ ဝိုင်းမော် - မြစ်ကြီးနား အမှတ် (၁) ဓာတ်အားလိုင်း၏ ဗလမင်းထင် တံတားပေါ်ရှိ တိုင်အမှတ် (၃၄ နှင့် ၃၅) ကြားတွင် ကေဘယ်လ်ကြိုးအသစ် အစားထိုးလဲလှယ်ခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးပြီးဖြစ်ပါသဖြင့် အဆိုပါကေဘယ်လ်ကြိုးအား ဝန်အားချိတ်ဆက် ပို့လွှတ် ခြင်းလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ရာ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့ ၀၉:၃၀ နာရီမှ ၁၂:၃၀ နာရီ အထိ (၃) နာရီအကြာ မြစ်ကြီးနားခရိုင်နှင့် မိုးညှင်းခရိုင်အတွင်းရှိ မြို့နယ်များ ယာယီဓာတ်အား ပြတ်တောက်နေမည် ဖြစ်ပါကြောင်းနှင့် စက်ရုံ၊ အလုပ်ရုံများသို့ ကြိုတင်ညှိနှိုင်းဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

28-Aug-2026