နေပြည်တော် အောက်တိုဘာ ၄
ယခုအခါ မုတ်သုန်လေဆုတ်ခွာပြီး မိုးရာသီကာလကုန်ဆုံး၍ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသည်။ ထို့အပြင် ပြင်းထန်အယ်နီညိုရာသီဥတုဖြစ်စဉ် သက်ရောက်မှု များကြောင့် နိုင်ငံအတွင်း အပူချိန်သိသာစွာမြင့်မားလာပြီး ဓာတ်အားသုံးစွဲမှုများ မြင့်တက်ကာ ဓာတ်အားလိုအပ်ချက် တိုးတက်မြင့်မားလျက်ရှိပါသည်။
ယခုနှစ် နွေရာသီတွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ၏ ရေလှောင် တမံများတွင် ရေခန်းခြောက်မှုပိုမိုနိုင်ကြောင်းမျှော်မှန်း၍ လာမည့် ၂၀၂၇ ခုနှစ် မိုးရာသီကာလအထိ တမံများ၏ရေသိုလှောင်ထားမှုပမာဏအား ထိန်းညှိပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးသွားရန် စီမံထားရှိပြီးဖြစ်ပါသည်။
ထို့အပြင် ယခုနှစ်နွေရာသီအမီ ဆိုလာစီမံကိန်းအသစ်များ ၊ ရေအားလျှပ်စစ်စီမံကိန်း အသစ်များအပါအဝင် ဓာတ်အားထပ်မံထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေသကဲ့သို့ ဖျက်ဆီးခံထားရသည့် ဓာတ်အားပေးစနစ်များ ပြန်လည်ကောင်းမွန်လာစေရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။
ပြင်းထန်အယ်နီညို ရာသီဥတုဖြစ်စဉ်၏ သက်ရောက်မှုကြောင့် အပူချိန်မြင့်မား၍ ဓာတ်အားလိုအပ်ချက် မြင့်မားလာသည့်အချိန်တွင် ဓာတ်အားထုတ်လုပ်မှုနှင့်သုံးစွဲမှု အချိုးညီမှုမရှိပါက ဓာတ်အားစနစ်အတွင်းရှိ ဓာတ်အားထုတ်စက်များ ရုတ်တရက် ရပ်တန့်ခြင်း ၊ မဟာဓာတ်အားလိုင်းများအပြစ်ဖြစ်ပေါ်၍ တစ်နိုင်ငံလုံး ဓာတ်အားစနစ် ပြတ်တောက်ခြင်း(System Breakdown) စသည်တို့ ဖြစ်ပေါ်စေနိုင်ပါသည်။
သို့ဖြစ်ရာ ယခုကာလတွင် ဓာတ်အားထုတ်လုပ်နိုင်မှုနှင့်အညီ သုံးစွဲမှုကို အချိုးညီစေရေးအတွက် ဝန်အား ထိန်းညှိဖြန့်ဖြူးမှုကို မလွဲမရှောင်သာ အနည်းဆုံးပမာဏဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ဓာတ်အားသုံးစွဲသူ မိဘပြည်သူများအား အလှည့်ကျစနစ်ဖြင့် ဝန်အား ထိန်းညှိ၍ ဓာတ်အားဖြန့်ဖြူးမည့်အစီအစဉ်ကို (၅.၁၀.၂၀၂၆)နေ့မှ စတင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန