The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ်၊ ၁၉၈ / ၂၀၁၅ ၁၃၇၇ ခုနှစ်၊  သီတင်းကျွတ်လဆန်း ၁၄ ရက် (၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

အမိန့်ကြော်ငြာစာအမှတ်၊ ၁၉၈ / ၂၀၁၅

၁၃၇၇ ခုနှစ်၊  သီတင်းကျွတ်လဆန်း ၁၄ ရက်

(၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်)

          လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် လျှပ်စစ်ဥပဒေ ပုဒ်မ ၇၂ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အောက်ပါ နည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

အခန်း(၁)

အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။        ဤနည်းဥပဒေများကို လျှပ်စစ်နည်းဥပဒေများဟု ခေါ်တွင်စေရမည်။

၂။        ဤနည်းဥပဒေများတွင်ပါရှိသော စကားရပ်များသည်လျှပ်စစ်ဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်။ ထို့ပြင် ဤနည်းဥပဒေများတွင်ပါရှိသော အောက်ပါ စကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည် -

(က)  ခွင့်ပြုမိန့်ရရှိသူဆိုသည်မှာ ဤနည်းဥပဒေ ၁၂ ပါခွင့်ပြုမိန့်အမျိုးအစား တစ်ခုခု နှင့် သက်ဆိုင်သည့် လျှပ်စစ်ဆိုင်ရာလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရန် ခွင့်ပြုမိန့် ထုတ်ပေးခြင်းခံရသည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကိုဆိုသည်။

(ခ)       မဟာဓာတ်အားလိုင်းစနစ်ပို့လွှတ်ခြင်းခွင့်ပြုမိန့် ဆိုသည်မှာ ခွင့်ပြုမိန့်ရရှိသူအား မဟာ ဓာတ်အားလိုင်း ကွန်ရက်ကို တည်ဆောက်ခွင့်၊ ဆောင်ရွက်လည်ပတ်ခွင့်နှင့် စီမံခန့်ခွဲခွင့် ပေးထားသည့် ခွင့်ပြုမိန့်ကိုဆိုသည်။

(ဂ)       အထူးရည်ရွယ်ချက်ဖြင့်ခွင့်ပြုသော လျှပ်စစ်ဓာတ်အား ပို့လွှတ်ခြင်း ခွင့်ပြုမိန့်  ဆိုသည်မှာ ခွင့်ပြုမိန့်ရရှိသူသည် အများပြည်သူ အကျိုးစီးပွားကို မြှင့်တင်ပေးရန် အတွက် သတ်မှတ်ထားသည့်နေရာမှ အထူးရည်ရွယ်ချက်ဖြင့် လုပ်ငန်းဆောင်ရွက် မည့်နေရာသို့ လျှပ်စစ်ဓာတ်အားကို ပို့လွှတ်ရန်အလို့ငှာ မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်သည်ဖြစ်စေ၊ မချိတ်ဆက်သည်ဖြစ်စေ လျှပ်စစ်ဓာတ်အား ပို့လွှတ်ခြင်း ဆိုင်ရာ အဆောက်အအုံကို တည်ဆောက်ခွင့်၊ ဆောင်ရွက်လည်ပတ်ခွင့်နှင့် စီမံ ခန့်ခွဲခွင့် ပေးထားသည့် ခွင့်ပြုမိန့်ကို ဆိုသည်။

(ဃ)     လျှပ်စစ်ဓာတ်အားလက်ကားရောင်းချခြင်းခွင့်ပြုမိန့် ဆိုသည်မှာ ခွင့်ပြုမိန့်ရရှိသူ အား လျှပ်စစ်ဓာတ်အား လက်လီရောင်းချခြင်း ခွင့်ပြုမိန့်ရရှိသူများထံသို့ လည်းကောင်း၊ အကြီးစားစီးပွားရေးဆိုင်ရာ နှင့် အကြီးစား စက်မှုလုပ်ငန်းဆိုင်ရာ လျှပ်စစ်ဓာတ်အား သုံးစွဲသူများထံသို့လည်းကောင်း လျှပ်စစ်ဓာတ်အား လက်ကား ရောင်းချခွင့်ပြုသည့် ခွင့်ပြုမိန့်ကို ဆိုသည်။

(င)       လျှပ်စစ်ဓာတ်အားလက်လီရောင်းချခြင်းခွင့်ပြုမိန့် ဆိုသည်မှာ ခွင့်ပြုမိန့်ရရှိသူအား လျှပ်စစ်ဓာတ်အား လက်လီသုံးစွဲသူများထံ လျှပ်စစ်ဓာတ်အား ရောင်းချခွင့် ပေးထားသည့်  ခွင့်ပြုမိန့်ကို ဆိုသည်။

(စ)       လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းနှင့် လက်လီရောင်းချခြင်း ထပ်ဆင့်ခွင့်ပြုမိန့် ဆိုသည်မှာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းနှင့် လက်လီရောင်းချခြင်းလုပ်ငန်းများ အတွက် ခွင့်ပြုမိန့်ရရှိထားသူ၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး အဆောက်အအုံ များအား ငှားရမ်း၍  လျှပ်စစ်ဓာတ်အားလက်လီသုံးစွဲသူများထံ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချခြင်း ခွင့်ပြုမိန့်ကို ဆိုသည်။

(ဆ)     ဝန်ဆောင်မှုနယ်နိမိတ် ဆိုသည်မှာ လျှပ်စစ်ဆိုင်ရာလုပ်ငန်း ခွင့်ပြုမိန့်တွင် ဖော်ပြ ထားသော လျှပ်စစ်ဆိုင်ရာလုပ်ငန်းများကို ခွင့်ပြုမိန့်ရရှိသူက လုပ်ကိုင်ဆောင်ရွက် ခွင့်ရှိသည့် သတ်မှတ်ထားသော နယ်နိမိတ်ကို ဆိုသည်။

(ဇ)      လျှပ်စစ်ဓာတ်အားဝန်ဆောင်မှု ဆိုသည်မှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ရောင်းချခြင်းစသည့် လျှပ်စစ်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာလုပ်ငန်းများအလိုက် သတ်မှတ်ထားသော တာဝန် များကို ကျေပွန်အောင် ဆောင်ရွက်ပေးခြင်းကို ဆိုသည်။

(ဈ)      လျှပ်စစ်ဓာတ်အားအပြည့်အဝဝယ်ယူသူ ဆိုသည်မှာ လျှပ်စစ်ဓာတ်အားသုံးစွဲသူ များထံ ရောင်းချမည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များအားလုံးကို တစ်ခုတည်း သော လျှပ်စစ်ဓာတ်အား အရင်းအမြစ်ထံမှ ဝယ်ယူဖြည့်တင်းသည့် လျှပ်စစ် ဓာတ်အား လက်လီရောင်းချခြင်းခွင့်ပြုမိန့် ရရှိသူကို ဆိုသည်။

(ည)     လျှပ်စစ်ဓာတ်အားတစ်စိတ်တစ်ဒေသဝယ်ယူသူ ဆိုသည်မှာ လျှပ်စစ်ဓာတ်အား သုံးစွဲသူများထံ ရောင်းချမည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များအားလုံးကို လျှပ်စစ်ဓာတ်အား အရင်းအမြစ်ပေါင်းစုံထံမှ ဝယ်ယူဖြည့်တင်းသည့် လျှပ်စစ် ဓာတ်အား လက်လီရောင်းချခြင်းခွင့်ပြုမိန့် ရရှိသူကို ဆိုသည်။

(ဋ)      လျှပ်စစ်ဓာတ်အားခနှုန်းထား ဆိုသည်မှာ ခွင့်ပြုမိန့်ရရှိသူက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း ၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းများအတွက် တောင်းခံ သည့် အဖိုးစားနားကို ဆိုသည်။

(ဌ)       လျှပ်စစ်ဓာတ်အားကွပ်ကဲရေးဌာနများ ဆိုသည်မှာ လျှပ်စစ်ဥပဒေ ပုဒ်မ ၃၅ ပုဒ်မခွဲ (က)နှင့်အညီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဖွဲ့စည်းထားသည့် လျှပ်စစ်ဓာတ်အား ကွပ်ကဲရေးဌာနများကို ဆိုသည်။

အခန်း (၂) 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ တာဝန်များ

၃။        လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ တာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည် -

(က)     လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် လျှပ်စစ်ဆိုင်ရာလုပ်ငန်းများနှင့် လျှပ်စစ် ဓာတ်အားဝန်ဆောင်မှုပေးခြင်းတို့ကို နည်းဥပဒေများနှင့်အညီ ထိန်းသိမ်းကြီးကြပ် ရန် တာဝန်ရှိသည်။

(ခ)       လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် -

(၁)       ပြည်ပသို့ လျှပ်စစ်ဓာတ်အား တင်ပို့ခြင်း / ပြည်ပမှ လျှပ်စစ်ဓာတ်အား တင်သွင်းခြင်း ခွင့်ပြုမိန့်လျှောက်ထားချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့ ၏ သဘောတူညီချက်ဖြင့် အတည်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုလုပ် ရမည်။

(၂)       လျှပ်စစ်ဥပဒေပုဒ်မ ၅ ပုဒ်မခွဲ (ည) နှင့် ပုဒ်မ ၃၇ တို့တွင် ဖော်ပြထားသည့် အတိုင်း ခွင့်ပြုမိန့်အမျိုးအစားအလိုက် ခွင့်ပြုမိန့်ရရှိသူများက လိုက်နာ ဆောင်ရွက်ရမည့် လျှပ်စစ်ဓာတ်အားကွန်ရက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများ (Grid Code) ၊ နည်းပညာပိုင်းနှင့် လုပ်ငန်းပိုင်းဆိုင်ရာစံသတ်မှတ်ချက် များ (Technical and Industrial Standards) ၊ ကျင့်ဝတ်စည်းကမ်းများ (Code of Conduct) ၊ စစ်ဆေးမှုနည်းစနစ်များ (Inspection Methods) အား ထုတ်ပြန်ကြေငြာရမည်။

(၃)       အခြားဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်၍ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ခန့်မှန်းခြင်းနှင့် ကုန်ကျစရိတ်အနည်းဆုံး အရင်းအမြစ်များ နှင့် ရင်းနှီးမြှုပ်နှံမှု စီမံချက်များရေးဆွဲရန် နည်းစနစ်များ ပြုစုခြင်းနှင့် ခွင့်ပြုမိန့်ရရှိသူများကို ယင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လမ်းညွှန်ချက်များပေးခြင်းတို့ကို ဆောင်ရွက်ရမည်။

(၄)       ခွင့်ပြုမိန့်ရရှိသူများ ရေးဆွဲတင်ပြလာသည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ခန့်မှန်းခြင်းနှင့် ကုန်ကျစရိတ် အနည်းဆုံး အရင်းအမြစ်များနှင့် ရင်းနှီး မြှုပ်နှံမှု စီမံချက်များကို သုံးသပ်ခြင်း၊ စိစစ်ခြင်း၊ အတည်ပြုခြင်းများ ဆောင်ရွက်ရမည်။

(၅)       ခွင့်ပြုမိန့်ရရှိထားသူများ အဆိုပြုသည့် ရင်းနှီးမြှုပ်နှံမှုနှင့် လျှပ်စစ် ဓာတ်အား ဝယ်ယူမှုဆိုင်ရာ အစီအစဉ်များသည် ကုန်ကျစရိတ် အနည်းဆုံး အရင်းအမြစ်များ နှင့် ရင်းနှီးမြှုပ်နှံမှုအပေါ် အခြေခံထားခြင်း ဖြစ်မဖြစ် ၊ "အမျိုးသားလျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးတိုးတက်မှု စီမံချက် (National Electric Power Development Plan)” နှင့် ကိုက်ညီခြင်း ရှိ မရှိ၊ လျှပ်စစ်ဆိုင်ရာလုပ်ငန်းနှင့်ဆိုင်သော အလေ့အကျင့်ကောင်းများ (Prudent Utility Practices)ကို ဖြည့်ဆည်းနိုင်ခြင်း ရှိ မရှိ တို့နှင့်စပ်လျဉ်း၍ သုံးသပ်ခြင်း၊ စိစစ်ခြင်း၊ အတည်ပြုခြင်းများကို ဆောင်ရွက်ရမည်။

(၆)       ခွင့်ပြုမိန့်ရရှိသူများအားလုံး လိုက်နာဆောင်ရွက်ရန် နိုင်ငံတကာအဆင့် ရှိသော စာရင်းအင်းဆိုင်ရာ စံချိန်စံညွှန်းများ (International Accounting Standards) နှင့် လိုက်လျောညီထွေဖြစ်သည့် ငွေစာရင်း စနစ် (Uniform System of Account) နှင့် လိုအပ်ချက်များကို သတ်မှတ်ပေးရမည်။

(၇)       ခွင့်ပြုမိန့်ပါ စည်းကမ်းချက် သို့မဟုတ် သက်ဆိုင်ရာက ထုတ်ပြန်သော အမိန့် သို့မဟုတ် ညွှန်ကြားချက်များနှင့် သဘောတူစာချုပ်များပါ သတ်မှတ်ချက်များကို ခွင့်ပြုမိန့်ရရှိသူများ လိုက်နာစေရန် ကြပ်မတ် ဆောင်ရွက်ရမည်။

(၈)       လျှပ်စစ်ဓာတ်အားကဏ္ဍ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်သည့်အခါ ခွင့်ပြုမိန့်ပါသတ်မှတ်ချက်များအားပြင်ဆင်ရန် လိုအပ်ပါက ပြည်ထောင်စု အစိုးရအဖွဲ့ထံမှ သဘောတူညီချက်ရရှိရန် အဆိုပြု တင်ပြရမည်။

(၉)       လျှပ်စစ်ဓာတ်အားသုံးစွဲသူများအား အကျိုးရှိထိရောက်စွာ သုံးစွဲရေးနှင့် ခြိုးခြံချွေတာရေးဆိုင်ရာ အသိပညာပေးသည့် လုပ်ငန်းများနှင့် အကောင် အထည်ဖော်သည့် လုပ်ငန်းများကို ဆောင်ရွက်ရမည်။ (Energy Efficiency and Energy Saving)

(၁၀)    "အမျိုးသားလျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးတိုးတက်မှု စီမံချက် (National Electric Power Development Plan)”ကို နှစ်ရှည်ရည်မှန်းချက်ထား ရေးဆွဲကာ ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြ၍ သဘောတူညီချက် ရယူ ရမည်။ ယင်းစီမံချက်ကို နှစ်စဉ်မွမ်းမံရေးဆွဲ၍ ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြသဘောတူညီချက် ရယူရမည်။

(၁၁)    ယင်းလုပ်ငန်းစဉ်များတွင် လျှပ်စစ်ဓာတ်အားကဏ္ဍနှင့် သက်ဆိုင်သူများ၊ ပြည်သူများ ပါဝင်သော ဆွေးနွေးပွဲများကို စီစဉ်ကျင်းပရမည်။

(၁၂)    အမျိုးသားလျှပ်စစ်ဓာတ်အားဖွံ့ဖြိုးတိုးတက်ရေး စီမံချကသည် အားထား ရသည့် လျှပ်စစ်ဓာတ်အားပံ့ပိုးမှုနှင့် သုံးစွဲမှုပမာဏတို့အကြား ရေရှည် ဟန်ချက်ညီမျှမှုရှိပြီး၊ ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေးကို အထောက် အကူပြုသည့် ရင်းနှီးမြှုပ်နှံမှုများဖြစ်စေရန် အလေးပေး ဆောင်ရွက်ရမည်။

(၁၃)    ခွင့်ပြုမိန့်ရရှိသူများက တင်သွင်းလာသည့် တိုးချဲ့ရင်းနှီးမြှုပ်နှံမှုနှင့်လျှပ်စစ် ဓာတ်အား တိုးမြှင့်ရယူခြင်း အစီအစဉ်များကိုစုစည်း၍ ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြအတည်ပြုချက် ရယူရမည်။

(၁၄)    လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူညီချက်များသည် သင့်တင့် လျောက်ပတ်သည့် အနိမ့်ဆုံးကုန်ကျစရိတ်ဖြင့် ကိုက်ညီမှုရှိမရှိ စိစစ်ခွင့်ပြု ရမည်။

(၁၅)    ခွင့်ပြုမိန့်ရရှိသူများက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ခွင့်ပြုထားခြင်း မရှိသည့် မိမိ၏ကုန်ကျစရိတ် ကာမိစေရန် ပြုလုပ်သော တိုးချဲ့ရင်းနှီးမြှုပ်နှံ မှု အစီအစဉ်များကို တားမြစ်ရမည်။

(၁၆)    ခေတ်မီနည်းပညာများ မြှင့်တင်ရန်နှင့် ပညာရှင်များ၊ ကျွမ်းကျင်သူများ မွေးထုတ်ပေးရန်အတွက် သင်တန်းကျောင်းများဖွင့်လှစ်၍ လေ့ကျင့်ပညာ ပေးခြင်းများ ဆောင်ရွက်နိုင်သည်။ ယင်းသို့ ဆောင်ရွက်ရန်အတွက် အခြား မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကိုမဆို ခွင့်ပြုနိုင်သည်။

၄။        နည်းဥပဒေ ၃ နှင့်အညီ ဆောင်ရွက်သည့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက် ချက်များ၊  ဆုံးဖြတ်ချက်များနှင့် အမိန့်များသည် ဥပဒေနှင့် အကျိုးအကြောင်း အပြည့်အစုံအပေါ် အခြေခံ ဖော်ပြထားသည့် စာဖြင့် ရေးသားထားသော ဆုံးဖြတ်ချက်နှင့် အမိန့်များ ဖြစ်ရမည်။

လုပ်ငန်းဆောင်ရွက်မှု စံသတ်မှတ်ချက်များ (Performance Standards)

၅။        လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် လျှပ်စစ်ဓာတ်အားကို ယုံကြည်အားထားရစွာ၊ ဘေးကင်း လုံခြုံစွာ နှင့် ထိရောက်အကျိုးရှိစွာပေးပို့ရန်အလို့ငှာ ခွင့်ပြုမိန့်အမျိုးအစား အသီးသီးအတွက် ခွင့်ပြုမိန့်ရရှိသူများ လိုက်နာ ဆောင်ရွက်ရမည့် လုပ်ငန်းဆောင်ရွက်မှု စံသတ်မှတ်ချက်များ (Performance Standards) ကို ထုတ်ပြန်ရမည်။

၆။        ခွင့်ပြုမိန့်ရရှိသူများသည် လုပ်ငန်းဆောင်ရွက်မှု စံသတ်မှတ်ချက်များ (Performance Standards) ကို ပြည့်မီအောင် မဆောင်ရွက်နိုင်သေးမီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် လျှပ်စစ်ဆိုင်ရာလုပ်ငန်း တစ်ခုချင်းစီအလိုက် ဖြေလျော့ပေးထားသော စံသတ်မှတ်ချက်များ (tailor laxer standards specific) ကို အချိန်ကာလတစ်ခု သတ်မှတ်၍ အသုံးပြုစေနိုင်သည်။

၇။        ခွင့်ပြုမိန့်ရရှိသူများသည် သတ်မှတ်ထားသည့် အချိန်ကာလအတွင်း လုပ်ငန်းဆောင်ရွက် မှု စံသတ်မှတ်ချက်များ (Performance Standards) ကို ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်ပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် အဆိုပါလုပ်ငန်းများ၏ဆောင်ရွက်မှု တိုးတက် ကောင်းမွန်လာ‌သည့် အခြေအနေများကို စိစစ်သုံးသပ်လျက် မူလဖြေလျော့ထားသော လုပ်ငန်း ဆောင်ရွက်မှု စံသတ်မှတ်ချက်များကို ပြင်ဆင်ခြင်း ပြုနိုင်သည်။

နည်းပညာဆိုင်ရာ စံသတ်မှတ်ချက်များ နှင့် ကျင့်ဝတ်စည်းကမ်းများ

၈။        လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် အောက်ပါတို့ကို ပြဌာန်းပေးခြင်းဖြင့် နည်းပညာ ဆိုင်ရာ စံသတ်မှတ်ချက်များ (Technical Standards) တိုးတက်ကောင်းမွန်မှုနှင့်တစ်ပြေးညီ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ (Code of Conducts) ကို အားပေးမြှင့်တင်ရမည်-

(က)     လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းဆိုင်ရာ အဆောက် အအုံများ၏ ဘေးကင်းလုံခြုံမှု၊ အားထားရမှုနှင့် ကုန်ကျစရိတ်အလျောက် အကျိုး ဖြစ်ထွန်းမှုများနှင့်စပ်လျဉ်းသည့် စံနှုန်းများ။

(ခ)       လျှပ်စစ်ပစ္စည်းများတပ်ဆင်ခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများဆိုင်ရာ စံ သတ်မှတ်ချက်များ (Electrical Installation and Construction Standards)။

(ဂ)       လုပ်ငန်းလည်ပတ်ခြင်းဆိုင်ရာ စံသတ်မှတ်ချက်များ (Operating Standards) နှင့် လုပ်ငန်းစဉ်များ (Processes) ။

(ဃ)     ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းဇယားများ တစ်ခုနှင့်တစ်ခု ဟန်ချက်ညီ ချိတ်ဆက်မှု ရှိစေခြင်း (Coordination of Maintenance Schedules)။

(င)       လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် လုံလောက်သော အရန် လျှပ်စစ်ဓာတ်အားနှင့် အစီအမံများ။

(စ)       လျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာများ၏ အရည်အသွေးနှင့် စံချိန်စံညွှန်းဆိုင်ရာ သတ်မှတ်ချက်များ (Quality and Norm Specifications)။

၉။        လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် စံချိန်စံညွှန်းများ၊ လမ်းညွှန်ချက်များ နှင့် စပ်လျဉ်း၍ မွမ်းမံခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းများကို မည်သည့်အချိန်တွင်မဆို ပြုလုပ် နိုင်သည်။ ယင်းမွမ်းမံခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းများသည် ဆောင်ရွက်ဆဲ ဖြစ်သော ဆောင်ရွက်ချက်များအပေါ် နောက်ကြောင်းပြန် အကျိုးသက်ရောက်မှု မရှိစေရ။

၁၀။     လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် အထက်ပါတာဝန်များကို ဆောင်ရွက်ရာတွင် လျှပ်စစ် ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ကော်မရှင်၏ အကြံပြုချက်ကို ရယူနိုင်သည်။

ကုန်ကျစရိတ် အခြေပြုထားခြင်းမရှိသည့် လျှပ်စစ်ဓာတ်အားခ နှုန်းထားများ

၁၁။     လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ကုန်ကျစရိတ်အပေါ် အခြေပြုခြင်းမရှိဘဲ ယှဉ်ပြိုင်မှု စနစ်ဖြင့် ဆောင်ရွက်ထားသည့် လျှပ်စစ်ဓာတ်အားခနှုန်းထားများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက် ရယူ၍ ခွင့်ပြုပေးနိုင်သည်။

လျှပ်စစ်ဓာတ်အားခနှုန်းထားများနှင့်စပ်လျဉ်း၍ ကော်မရှင် သဘောထားရယူခြင်း

၁၂။      လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် လျှပ်စစ်ဓာတ်အားခနှုန်းထား သတ်မှတ်ခြင်း၊ ပြင်ဆင် ပြောင်းလဲခြင်း ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကော်မရှင်၏ အကြံပြုချက်ကို ရယူပြီး ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြရမည်။

အခန်း (၃)

ထုတ်ပေးနိုင်သော ခွင့်ပြုမိန့်အမျိုးအစားများ

ခွင့်ပြုမိန့်အမျိုးအစားများ

၁၃။     လျှပ်စစ်ဥပဒေ ပုဒ်မ ၈ ပုဒ်မခွဲ(ခ) တွင် ပြည်ထောင်စုက စီမံခန့်ခွဲခွင့်ရှိသည့် အကြီးစား လျှပ်စစ်ဓာတ်အား စူးစမ်းရှာဖွေခြင်း၊ တည်ဆောက်ခြင်း၊ ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူး ခြင်း၊ ရောင်းဝယ်ခြင်းနှင့် ဖလှယ်ခြင်းစသည့် လျှပ်စစ်ဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်ခွင့်ရှိသည့် ခွင့်ပြုမိန့်များ ထုတ်ပေးနိုင်ခွင့်ကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနထံ အပ်နှင်းထားပါသည်။ ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ထုတ်ပေးနိုင်သော ခွင့်ပြုမိန့်များတွင် အောက်ပါ တို့ပါဝင်ရမည် -

(က)     လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း ခွင့်ပြုမိန့်။

(ခ)       မဟာဓာတ်အားလိုင်းစနစ် ပို့လွှတ်ခြင်း ခွင့်ပြုမိန့်။

(ဂ)       အထူးရည်ရွယ်ချက်ဖြင့် ခွင့်ပြုသော လျှပ်စစ်ဓာတ်အား ပို့လွှတ်ခြင်းခွင့်ပြုမိန့်။

(ဃ)     လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း ခွင့်ပြုမိန့်။

(င)       လျှပ်စစ်ဓာတ်အားလက်ကား ရောင်းချခြင်း ခွင့်ပြုမိန့် (Wholesale Power Supply License)။

(စ)       လျှပ်စစ်ဓာတ်အားလက်လီ ရောင်းချခြင်း ခွင့်ပြုမိန့် (Retail Power Supply License)။

(ဆ)     လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းနှင့် လက်လီ ရောင်းချခြင်းထပ်ဆင့်ခွင့်ပြုမိန့်။

(ဇ)       ပြည်ပသို့ လျှပ်စစ်ဓာတ်အား တင်ပို့ခြင်း/ပြည်ပမှ လျှပ်စစ်ဓာတ်အား တင်သွင်း ခြင်း ခွင့်ပြုမိန့်။

လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း ခွင့်ပြုမိန့်

၁၄။     လျှပ်စစ်ဓာတ်အားထုတ်လုပခြင်းခွင့်ပြုမိန့် ရရှိသူသည် အသေးစိတ်ဖော်ပြထားသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းဆိုင်ရာ အဆောက်အအုံများ (generation facilities) ကို တည်ဆောက်ခွင့်၊ ဆောင်ရွက်လည်ပတ်ခွင့်၊ စီမံခန့်ခွဲခွင့်နှင့် လျှပ်စစ်ဓာတ်အားကို ဥပဒေနှင့်အညီ ထုတ်လုပ်၊ ရောင်းချခွင့် ရှသည်။

၁၅။     လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းခွင့်ပြုမိန့် လျှောက်ထားချက်များတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အမျိုးအစား၊ ထုတ်လုပ်မည့်ဝန်အား၊ တည်နေရာ၊ ဓာတ်အားချိတ်ဆက်မှု အစီအမံ များ၊ နည်းပညာပိုင်းဆိုင်ရာ ကန့်သတ်ချက်များ (technical limitations)၊ နည်းပညာနှင့် လုပ်ငန်းပိုင်းဆိုင်ရာ အသေးစိတ်ဖော်ပြချက်များ (technical and functional specifications) နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးဆိုင်ရာပစ္စည်းများ၏ စီးပွားဖြစ်လည်ပတ်နိုင်မည့် မျှော်မှန်း သက်တမ်း စသည်တို့ ပါဝင်ရမည်။

၁၆။     လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် အောက်ပါအချက်အားလုံးနှင့် ကိုက်ညီပါက လျှပ်စစ် ဓာတ်အား ထုတ်လုပ်ခြင်း ခွင့်ပြုမိန့်ကို ထုတ်ပေးရမည် -

(က)     မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က သဘောတူ ခွင့်ပြုခြင်း ။

(ခ)       လျှပ်စစ်ဓာတ်အားဝယ်ယူမှု သဘောတူညီချက် ချုပ်ဆိုမှုကို ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ခွင့်ပြုခြင်း။

(ဂ)       သက်ဆိုင်ရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းသည် တစ်ယူနစ် ထုတ်လုပ် မှု ကုန်ကျစရိတ် အနည်းဆုံးဖြစ်ကြောင်း စိစစ် အတည်ပြုခြင်း။

၁၇။     အောက်ပါအခြေအနေ တစ်ရပ်ရပ်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ခွင့်ပြုမိန့် ထုတ်ပေးရန် ငြင်းပယ်နိုင်သည် -

(က)     ခွင့်ပြုမိန့်လျှောက်ထားသူသည် အရည်အချင်း သတ်မှတ်ချက်စံနှုန်းနှင့် မပြည့်မီ ခြင်း။

(ခ)       လုပ်ငန်းခွင်တည်နေရာ၊ နည်းပညာ၊ ဒီဇိုင်းပုံစံ၊ လောင်စာအမျိုးအစားနှင့်  အခြား ဆက်စပ်သည့် အချက်အလက်များသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေနှင့် ကိုက်ညီမှု မရှိခြင်း။

(ဂ)       ဓာတ်အားခနှုန်းထားသည် အနည်းဆုံး ကုန်ကျစရိတ်အပေါ် အခြေခံ၍ တွက်ချက် ထားမှု မရှိခြင်း။

၁၈။     လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း ခွင့်ပြုမိန့်ရရှိသူသည် လျှပ်စစ်ဓာတ်အား ဝယ်ယူသူများ နှင့် သဘောတူချုပ်ဆိုထားသည့် စာချုပ်ပါဝန်ဆောင်မှုဆိုင်ရာ တာဝန်များ၊ လုပ်ငန်းပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းဆောင်ရွက်ချက် စံသတ်မှတ်ချက်များအား လိုက်နာရန် ခွင့်ပြုမိန့် တွင် ဖော်ပြထားရမည်။

၁၉။     လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းခွင့်ပြုမိန့်တွင် ခွင့်ပြုမိန့်ရရှိသူက အောက်ပါအချက်များ ကို သေချာစွာ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြပါရှိရမည် -

(က)     သက်ဆိုင်ရာ ဥပဒေ၊ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာရန်။

(ခ)       သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာရန်။

(ဂ)       မဟာဓာတ်အားလိုင်းစနစ်နှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးစနစ်များကို ဘေးကင်းလုံခြုံ စိတ်ချ သေချာစွာဖြင့် စီးပွားရေးအရ တွက်ခြေကိုက်စွာ လည်ပတ် အသုံးပြုရန်။

(ဃ)     အထက်ဖော်ပြပါ အပိုဒ်ခွဲငယ် (က) (ခ) နှင့် (ဂ) တို့ပါ အချက်များကို လိုက်နာရန် ပျက်ကွက်မှုကြောင့် မဟာဓာတ်အားလိုင်းစနစ်နှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး စနစ်တို့တွင် ထိခိုက်မှုများ ဖြစ်ပေါ်ပါက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သဘောတူခွင့်ပြုသည့် လျော်ကြေးကို နစ်နာသူထံ ပေးအပ်ရန်။

၂၀။     လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းခွင့်ပြုမိန့် သက်တမ်းမှာ တည်ဆဲဥပဒေများနှင့်အညီ ချုပ်ဆိုထားသော စာချုပ်ပါသက်တမ်းအတိုင်း ခွင့်ပြုနိုင်သည်။

လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်း

၂၁။      လျှပ်စစ်ဓာတ်အား ပို့လွှတ်ရာတွင် မဟာဓာတ်အားလိုင်းစနစ် ပို့လွှတ်ခြင်းခွင့်ပြုမိန့်နှင့် အထူးရည်ရွယ်ချက်ဖြင့် ခွင့်ပြုသော လျှပ်စစ်ဓာတ်အား ပို့လွှတ်ခြင်းခွင့်ပြုမိန့်ဟူ၍ အမျိုးအစား နှစ်မျိုး ရှိရမည်။

၂၂။      လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်းတွင် ၁၃၂ ကေဗွီနှင့်အထက် ဗို့အားဖြင့် လျှပ်စစ်ဓာတ်အား ပို့လွှတ်ခြင်းများအတွက် လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်းဆိုင်ရာ အဆောက်အအုံများကို တည်ဆောက်ခွင့်၊ ဆောင်ရွက်လည်ပတ်ခွင့်၊ စီမံခန့်ခွဲခွင့်များ ပါရှိစေရမည်။

မဟာဓာတ်အားလိုင်းစနစ် ပို့လွှတ်ခြင်းခွင့်ပြုမိန့်

၂၃။      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝှမ်းတွင် မဟာဓာတ်အားလိုင်း ပို့လွှတ်ကွန်ရက် ကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကသာ တစ်ဦးတည်း သီးသန့်ပိုင်ဆိုင်ရန်၊ တည်ဆောက်ရန်၊ ဆောင်ရွက်လည်ပတ်ရန်နှင့် စီမံခန့်ခွဲရန် လုပ်ပိုင်ခွင့်ရှိပြီး မဟာဓာတ်အားလိုင်းစနစ် ပို့လွှတ်ခြင်း ခွင့်ပြုမိန့်ကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအောက်ရှိ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေး လုပ်ငန်းကို တာဝန်ယူ ဆောင်ရွက်သည့် အဖွဲ့အစည်းနှင့် ၎င်းကို ဆက်ခံသူ မည်သူမဆိုအတွက် ထုတ်ပေးရမည်။

၂၄။      မဟာဓာတ်အားလိုင်းစနစ်ပို့လွှတ်ခြင်း ခွင့်ပြုမိန့်တွင် ခွင့်ပြုမိန့်ရရှိသူ၏ ဝန်ဆောင်မှု ဆိုင်ရာ တာဝန်များကို ဖော်ပြရမည်။

၂၅။      မဟာဓာတ်အားလိုင်းစနစ် ပို့လွှတ်ခြင်းခွင့်ပြုမိန့်တွင် ခွင့်ပြုမိန့်ရရှိသူက အောက်ပါအချက် များကို သေချာစွာ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြပါရှိရမည် -

(က)     သက်ဆိုင်သော ဥပဒေနှင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ သတ်မှတ်ချက်များ အားလုံးနှင့်အညီ မဟာဓာတ်အားလိုင်းစနစ် ပို့လွှတ်ခြင်းကို ဆောင်ရွက်လည်ပတ် ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် တိုးချဲ့ခြင်း။

(ခ)       လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သဘောတူထုတ်ပြန်သည့် လျှပ်စစ်ဓာတ်အား ကွန်ယက်ဆိုင်ရာ လုပ်ထုံးလုပ်နည်း (grid code)၊ သက်ဆိုင်သော လုပ်ငန်း ဆောင်ရွက်မှု စံ သတ်မှတ်ချက်များ (Performance Standards) အားလုံးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတ်မှတ်ချက်များအားလုံးကို လိုက်နာခြင်း။

(ဂ)       မဟာဓာတ်အားလိုင်းစနစ်နှင့် ယင်းနှင့် ချိတ်ဆက်ထားသည့် လျှပ်စစ်ဓာတ်အား ပေးစက်ရုံများ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးကွန်ရက်များသည် ဘေးကင်း လုံခြုံမှုရှိခြင်း၊ စီးပွားရေးအရ တွက်ခြေကိုက်ပြီး ယုံကြည်အားထားနိုင်စွာ လည်ပတ်နိုင်ခြင်း။

၂၆။    မဟာဓာတ်အားလိုင်းစနစ် ပို့လွှတ်ခြင်း ခွင့်ပြုမိန့်ရရှိသူသည် အောက်ပါတို့အတွက် တာဝန်ရှိသည် -

(က)     မဟာဓာတ်အားလိုင်းစနစ်နှင့် တိုက်ရိုက်ချိတ်ဆက်ထားသည့် သို့မဟုတ် ချိတ်ဆက်လာနိုင်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း ခွင့်ပြုမိန့်ရ ဓာတ်အား ပေးစက်ရုံများမှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားကို လက်ခံခြင်း။

(ခ)       ယင်းလျှပ်စစ်ဓာတ်အားကို မဟာဓာတ်အားလိုင်းစနစ်အတွင်းရှိ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးခြင်း ခွင့်ပြုမိန့်ရ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ကွန်ရက်များ သို့ ပို့လွှတ်ခြင်း။

(ဂ)       လျှပ်စစ်ဓာတ်အားပမာဏ အများအပြားသုံးစွဲရန် အလားအလာရှိသော အကြီးစား စီးပွားရေးလုပ်ငန်းများထံ ပို့လွှတ်ရန် စီမံဆောင်ရွက်ခြင်း။

၂၇။      လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း ခွင့်ပြုမိန့်ရရှိသူများအား ယင်းတို့နှင့်တိုက်ရိုက် ချိတ်ဆက်ထားခြင်းမရှိသော လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း ခွင့်ပြုမိန့်ရရှိသူ မည်သူ့ထံမှမဆို လျှပ်စစ်ဓာတ်အား ဝယ်ယူရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ခွင့်ပြုသည့်အခါ မဟာဓာတ်အား လိုင်းစနစ်ပို့လွှတ်ခြင်း ခွင့်ပြုမိန့်ရရှိသူသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းခွင့်ပြုမိန့် ရရှိသူ များ၏ ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားကို မဟာဓာတ်အားလိုင်း စနစ်မှတစ်ဆင့် ယင်းလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်း ခွင့်ပြုမိန့်ရရှိသူများထံ ပို့လွှတ်ရန် တာဝန် ရှိသည်။

၂၈။      မဟာဓာတ်အားလိုင်းစနစ် ပို့လွှတ်ခြင်းခွင့်ပြုမိန့် ရရှိသူသည် နိုင်ငံတော်အတွက် တစ်ဦးတည်းသော လျှပ်စစ်ဓာတ်အား ပို့လွှတ်သူအနေဖြင့် ရပ်တည်နေသမျှ ကာလပတ်လုံး လျှပ်စစ်ဝန်အားတိုးတက်လာမှုအပေါ် ဖြည့်ဆည်းပံ့ပိုးပေးရန်အတွက် မဟာဓာတ်အားလိုင်း စနစ် တိုးချဲ့မှုနှင့် အဆင့်မြှင့်တင်မှုတို့ကို အလေးပေး ဆောင်ရွက်ရမည်။

၂၉။      မဟာဓာတ်အားလိုင်းစနစ် ပို့လွှတ်ခြင်းခွင့်ပြုမိန့် ရရှိသူသည် လုပ်ငန်းတိုးချဲ့ရင်းနှီး မြှုပ်နှံမှုနှင့် လျှပ်စစ်ဓာတ်အား တိုးမြှင့်ရယူခြင်း အစီအစဉ်အသီးသီးကို နှစ်စဉ်ပြုစုရေးဆွဲပြီး ဝန်ကြီးဌာနသို့ တင်ပြရမည်။

၃၀။     မဟာဓာတ်အားလိုင်းစနစ် ပို့လွှတ်ခြင်းခွင့်ပြုမိန့် ရရှိသူသည် ၎င်းတို့၏ တိုးချဲ့ရင်းနှီး မြှုပ်နှံမှု အစီအစဉ်များကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သဘောတူခွင့်ပြုပြီးနောက် သဘောတူ ခွင့်ပြုသည့် တိုးချဲ့ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များတွင် ဖော်ပြထားသည့် အဆောက်အအုံများ၊ ပစ္စည်းကိရိယာများနှင့် ရင်းမြစ်များကို ရရှိရန် ဆောင်ရွက်ခွင့် ရှိသည်။

၃၁။    မဟာဓာတ်အားလိုင်းစနစ် ပို့လွှတ်ခြင်းခွင့်ပြုမိန့်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သဘောတူ ခွင့်ပြုထားခြင်းမရှိသည့် အောက်ပါအချက်များကို တားမြစ်ရမည် -

(က)     ဓာတ်အားခနှုန်းထားများ၊ ဝန်ဆောင်ခများကို သတ်မှတ်ခြင်း။

(ခ)       ဓာတ်အားပို့လွှတ်ခြင်းဆိုင်ရာ စည်းကမ်းချက်များ သတ်မှတ်ခြင်း။

အထူးရည်ရွယ်ချက်ဖြင့်ခွင့်ပြုသော လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်း ခွင့်ပြုမိန့်

၃၂။      အထူးရည်ရွယ်ချက်ဖြင့်ခွင့်ပြုသော လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်းခွင့်ပြုမိန့်အား အများ ပြည်သူအကျိုးစီးပွားကို မြှင့်တင်ပေးမည့် အထူးစီမံကိန်းများဆိုင်ရာ လုပ်ငန်းများအတွက် ခွင့်ပြု နိုင်သည်။

၃၃။     အထူးရည်ရွယ်ချက်ဖြင့်ခွင့်ပြုသော လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်းခွင့်ပြုမိန့်တွင် လျှပ်စစ် ဓာတ်အား ပို့လွှတ်ရေးဆိုင်ရာ အဆောက်အအုံများ (transmission facilities) ကို တည်ဆောက် ခွင့်၊ ဆောင်ရွက်လည်ပတ်ခွင့်နှင့် စီမံခန့်ခွဲခွင့်များ ပါဝင်ရမည်။ ထိုသို့ တည်ဆောက်ဆောင်ရွက် လည်ပတ်ရာတွင် လျှပ်စစ်ဓာတ်အားကွန်ရက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (Grid Code) နှင့် လုပ်ငန်းဆောင်ရွက်မှု စံသတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရမည်။

၃၄။    အထူးရည်ရွယ်ချက်ဖြင့်ခွင့်ပြုသော လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်း ခွင့်ပြုမိန့်များ ထုတ်ပေးခြင်းဆိုင်ရာ စည်းမျဉ်းများနှင့် စည်းကမ်းသတ်မှတ်ချက်များကို ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက်ရယူပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာရမည်။

၃၅။    အထူးရည်ရွယ်ချက်ဖြင့်ခွင့်ပြုသော လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်း ခွင့်ပြုမိန့်များ လျှောက်ထားရာတွင် ဆောက်လုပ်ရန် သတ်မှတ်ထားသော လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေး ဆိုင်ရာ အဆောက်အအုံများ၊ ဆောင်ရွက်မည့် ရည်ရွယ်ချက်နှင့် တည်နေရာ စသည်တို့ ပါဝင် ရမည်။ ခွင့်ပြုထားသော လုပ်ငန်းမှတစ်ပါး အခြားလုပ်ငန်းများ ဆောင်ရွက်ခြင်း မပြုရ။

၃၆။     အထူးရည်ရွယ်ချက်ဖြင့်ခွင့်ပြုသော လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်း ခွင့်ပြုမိန့်များကို တည်ဆဲဥပဒေများနှင့်အညီ ချုပ်ဆိုထားသော စာချုပ်ပါသက်တမ်းအတိုင်း ခွင့်ပြုနိုင်သည်။

၃၇။    အထူးရည်ရွယ်ချက်ဖြင့်ခွင့်ပြုသော လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်း ခွင့်ပြုမိန့်ပါ လျှပ်စစ် ဓာတ်အား ပို့လွှတ်ရေးဆိုင်ရာ အဆောက်အအုံများသည် မဟာဓာတ်အားလိုင်းစနစ်နှင့် ချိတ်ဆက်ပြီး ၎င်း၏ တစ်စိတ်တစ်ဒေသအဖြစ် အသုံးပြုနိုင်ရန် မဟာဓာတ်အားလိုင်းစနစ် ပို့လွှတ်ခြင်းခွင့်ပြုမိန့်ရရှိသူသည် ယင်း လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးဆိုင်ရာ အဆောက်အအုံ များ (transmission facilities) ၏ စာရင်းရှိ တန်ဖိုးအားပေးချေခြင်းဖြင့်ဖြစ်စေ၊ သဘောတူ ညီချက်တစ်ရပ်ရပ်အရဖြစ်စေ ပိုင်ဆိုင်မှုကို ရယူနိုင်သည်။

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း ခွင့်ပြုမိန့်

၃၈။     လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း ခွင့်ပြုမိန့်ရရှိသူသည် သတ်မှတ်ထားသော နယ်နိမိတ် အတွင်း လျှပ်စစ်ဓာတ်အား သုံးစွဲသူများထံ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းကို ဆောင်ရွက်ရန် အလို့ငှာ ယင်းသတ်မှတ်နယ်နိမိတ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဆိုင်ရာ အဆောက်အအုံ များ (distribution facilities) ကို တည်ဆောက်ခွင့်၊ ဆောင်ရွက်လည်ပတ်ခွင့်နှင့် စီမံခန့်ခွဲခွင့် ရှိသည်။

၃၉။     လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း ခွင့်ပြုမိန့်လျှောက်ထားရာတွင် အသုံးပြုမည့် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးဆိုင်ရာ အဆောက်အအုံများနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး နယ်နိမိတ် တို့ကို တိကျစွာ ဖော်ပြပါရှိရမည်။

၄၀။     လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း ခွင့်ပြုမိန့်တွင် ဝန်ဆောင်မှုဆိုင်ရာ တာဝန်များကို ဖော်ပြ ရမည်။

၄၁။     လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းခွင့်ပြုမိန့်ရရှိသူသည် အောက်ပါတို့အတွက် တာဝန်ရှိသည်-

(က)     ခွင့်ပြုမိန့်ပါ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးနယ်နိမိတ်အတွင်း တစ်ဦးတည်းသော လျှပ်စစ်ဓာတ်အား ရောင်းချသူဖြစ်နေသမျှ ကာလပတ်လုံး လက်လီလျှပ်စစ် ဓာတ်အားသုံးစွဲသူများအား လျှပ်စစ်ဓာတ်အား ပံ့ပိုးပေးခြင်း။

(ခ)       လျှပ်စစ်ဝန်အားတိုးလာမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ရာတွင် သက်ဆိုင်သော လုပ်ငန်းပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းဆောင်ရွက်မှု စံသတ်မှတ် ချက်များနှင့် ဘေးကင်းလုံခြုံမှုစံသတ်မှတ်ချက်များ (Safety Standards) ကို လိုက်နာဆောင်ရွက်ခြင်း။

(ဂ)       လျှပ်စစ်ဓာတ်အား လုံလောက်စွာ ပံ့ပိုးပေးနိုင်ရန်အတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုစနစ်တိုးချဲ့ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းတို့ကို အလေးပေးဆောင်ရွက် ခြင်း။

(ဃ)     ထပ်တိုးတောင်းခံသည့် လျှပ်စစ်ဓာတ်အားပမာဏကို လျှပ်စစ်ဓာတ်အား လက်ကားရောင်းချခြင်း ခွင့်ပြုမိန့်ရရှိသူထံမှ ပြည့်မီအောင် မရရှိခဲ့ပါက လျှပ်စစ် ဓာတ်အား လိုအပ်ချက်နှင့် ပေးပို့မှုနှစ်ရပ်အကြား ဟန်ချက်ညီမျှမှုရှိစေရန်အလို့ငှာ လိုအပ်သော လျှပ်စစ်ဓာတ်အားကို  အခြားအရင်းအမြစ်တစ်ခုခုထံမှ ရယူခြင်း သို့မဟုတ် လျှပ်စစ်ဓာတ်အား သုံးစွဲမှုဝန်အားကို စနစ်တကျ လျှော့ချခြင်း။

၄၂။      လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း ခွင့်ပြုမိန့်များတွင် ခွင့်ပြုမိန့်ရရှိသူက အောက်ပါအချက် များကို သေချာစွာ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း စည်းကမ်းချက်များ ဖော်ပြပါရှိရမည် -

(က)     သက်ဆိုင်သော ဥပဒေနှင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ သတ်မှတ်ချက်များ အားလုံးနှင့်အညီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစနစ်များကို ဆောင်ရွက်လည်ပတ် ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် တိုးချဲ့ခြင်း။

(ခ)       လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သဘောတူထုတ်ပြန်သည့် ဖြန့်ဖြူးရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (Distribution Code) နှင့် လုပ်ငန်းဆောင်ရွက်မှု စံသတ်မှတ်ချက်များအားလုံးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတ်မှတ်ချက်များ အားလုံးကို လိုက်နာခြင်း။

(ဂ)       လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစနစ်များသည် စီးပွားရေးအရ တွက်ခြေကိုက်ပြီး ယုံကြည် အားထားရမှုရှိခြင်း၊ ဘေးကင်းလုံခြုံမှုရှိခြင်းနှင့် စိတ်ချသေချာစေခြင်း။

၄၃။     လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း ခွင့်ပြုမိန့်ရရှိသူသည် လုပ်ငန်းတိုးချဲ့ရင်းနှီးမြှုပ်နှံမှုနှင့် လျှပ်စစ်ဓာတ်အား တိုးမြှင့်ရယူခြင်းအစီအစဉ် အသီးသီးကို နှစ်စဉ်ပြုစုရေးဆွဲပြီး လျှပ်စစ် စွမ်းအားဝန်ကြီးဌာနသို့ တင်ပြရမည်။

၄၄။     လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း ခွင့်ပြုမိန့်ရရှိသူသည် ၎င်းတို့၏ တိုးချဲ့ရင်းနှီးမြှုပ်နှံမှုနှင့် လျှပ်စစ်ဓာတ်အား တိုးမြှင့်ရယူခြင်းအစီအစဉ်အသီးသီးကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သဘောတူခွင့်ပြုပြီးနောက် သဘောတူခွင့်ပြုသည့် တိုးချဲ့ရင်းနှီးမြှုပ်နှံမှုနှင့် လျှပ်စစ်ဓာတ်အား တိုးမြှင့်ရယူခြင်း အစီအစဉ်အသီးသီးတွင် ဖော်ပြထားသည့် အဆောက်အအုံများ၊ ပစ္စည်းကိရိယာ များ၊ ရင်းမြစ်များနှင့် လျှပ်စစ်ဓာတ်အားပံ့ပိုးမှုတို့ကို ရယူရန် နှစ်ရှည်စာချုပ်များ ချုပ်ဆိုခွင့် ရှိသည်။

၄၅။      လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း ခွင့်ပြုမိန့်ရရှိသူသည် ခွင့်ပြုမိန့်ရရှိပြီး ရက်ပေါင်း ခြောက်ဆယ်အတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲသူ ဝန်ဆောင်မှုလက်စွဲ (consumer’s service manual)ကို ပြုစုပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ သဘောတူညီချက်ရရှိရန် တင်သွင်းရမည်။

၄၆။      လျှပ်စစ်ဓာတ်အားသုံးစွဲသူ ဝန်ဆောင်မှုလက်စွဲတွင် အောက်ပါအချက်များ ဖော်ပြပါရှိ ရမည် -

(က)     လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကွန်ရက်နှင့် ချိတ်ဆက်ရန်နှင့် လျှပ်စစ်ဓာတ်အား ပံ့ပိုးမှုကို ရရှိရန်တို့အတွက် လျှပ်စစ်ဓာတ်အားသုံးစွဲသူများ လျှောက်ထားရမည့် ပုံစံနှင့် နည်းလမ်း။

(ခ)       ခွင့်ပြုမိန့်ရရှိသူ တောင်းခံထားသည့်အတိုင်း ချိတ်ဆက်ပေးရန် လိုအပ်သည့် အချိန်ကာလ။

(ဂ)       ဘေးကင်းလုံခြုံမှုနှင့် စိတ်ချသေချာမှု။

(ဃ)     လျှပ်စစ်ဓာတ်အားသုံးစွဲသူများ၏ တိုင်ကြားချက်များကို ကိုင်တွယ်ဖြေရှင်းခြင်း ဆိုင်ရာ လုပ်ငန်းစဉ်များ။

(င)       ဓာတ်အားခကျသင့်ငွေပေးချေခြင်း မရှိသောကြောင့် လျှပ်စစ်ဓာတ်အား ဖြတ်တောက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ။

(စ)       မီတာတပ်ဆင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ။

၄၇။     လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းခွင့်ပြုမိန့်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သဘောတူ ခွင့်ပြုထားခြင်းမရှိသည့် အောက်ပါအချက်များကို တားမြစ်ရမည် -

(က)    လျှပ်စစ်ဓာတ်အားခနှုန်းထားများ၊ ဝန်ဆောင်ခများ သတ်မှတ်ခြင်း။

(ခ)       လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းဆိုင်ရာ စည်းကမ်းချက်များ သတ်မှတ်ခြင်း။

လျှပ်စစ်ဓာတ်အားလက်ကားရောင်းချခြင်းခွင့်ပြုမိန့်

၄၈။     လျှပ်စစ်ဓာတ်အားလက်ကားရောင်းချခြင်း ခွင့်ပြုမိန့်ရရှိသူသည် အောက်ပါတို့ကို ဆောင်ရွက်ခွင့်ရှိသည် -

(က)     စွမ်းအင်အရင်းအမြစ်တစ်မျိုးမျိုးမှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားကို ဝယ်ယူ ခွင့်။

(ခ)       လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း ခွင့်ပြုမိန့်ရယူပြီး မိမိဆောင်ရွက်လည်ပတ်နေ သော လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးဆိုင်ရာ အဆောက်အအုံများမှ လျှပ်စစ် ဓာတ်အားရယူခွင့်။

(ဂ)       လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း ခွင့်ပြုမိန့်ရရှိသူများထံသို့လည်းကောင်း၊ အကြီး စား စီးပွားရေးလုပ်ငန်းဆိုင်ရာနှင့် အကြီးစားစက်မှုလုပ်ငန်းဆိုင်ရာ လျှပ်စစ် ဓာတ်အားသုံးစွဲသူများထံသို့လည်းကောင်း လျှပ်စစ်ဓာတ်အား လက်ကားရောင်းချခွင့်။

၄၉။     လျှပ်စစ်ဓာတ်အားလက်ကားရောင်းချခြင်း ခွင့်ပြုမိန့်တွင် အောက်ပါဝန်ဆောင်မှုဆိုင်ရာ တာဝန်များကို ဖော်ပြရမည် -

(က)     လျှပ်စစ်ဓာတ်အားအပြည့်အဝ ဝယ်ယူသည့် လက်လီရောင်းချခြင်းခွင့်ပြုမိန့် ရရှိ ထားသူ၊ အကြီးစားစီးပွားရေးလုပ်ငန်းဆိုင်ရာနှင့် အကြီးစားစက်မှုလုပ်ငန်းဆိုင်ရာ လျှပ်စစ်ဓာတ်အားသုံးစွဲသူများ၏ သုံးစွဲဝန်အားတိုးလာမှုကို ခန့်မှန်းရန်နှင့် ယင်းဝန်အားတိုးလာမှုကို ဖြည့်ဆည်းရန်အတွက် အချိန်မီ ပံ့ပိုးပေးခြင်းငှာ စီမံ ဆောင်ရွက်ခြင်း။

(ခ)       လျှပ်စစ်ဓာတ်အားလက်လီရောင်းချခြင်း ခွင့်ပြုမိန့်ရရှိသူသည် လျှပ်စစ်ဓာတ်အား တစ်စိတ် တစ်ဒေသ ဝယ်ယူသူအဖြစ် ဝယ်ယူခဲ့ပါက လျှပ်စစ်ဓာတ်အားလက်ကား ရောင်းချသူသည် ပေးပို့မည့် လျှပ်စစ်ဓာတ်အားပမာဏ ပုံသေသတ်မှတ်ခြင်း၊ လျှပ်စစ်ဓာတ်အား အရည်အသွေးကန့်သတ်ခြင်းတို့ကို လျှပ်စစ်ဓာတ်အား ရောင်းချမှု သဘောတူညီချက်တွင် ဖော်ပြဆောင်ရွက်ခြင်း။

(ဂ)       ယင်းတစ်စိတ်တစ်ဒေသဝယ်ယူသည့် လျှပ်စစ်ဓာတ်အားလက်လီရောင်းချခြင်း ခွင့်ပြုမိန့်ရရှိသူသည် ဓာတ်အားရောင်းချမှု သဘောတူညီချက်တွင် ဖော်ပြထား သည့်ပမာဏထက် ပို၍ရရှိလိုကြောင်း လျှပ်စစ်ဓာတ်အား လက်ကားရောင်းချခြင်း ခွင့်ပြုမိန့်ရရှိသူထံသို့ တောင်းခံလာပါက လျှပ်စစ်ဓာတ်အားလက်ကား ရောင်းချ ခြင်း ခွင့်ပြုမိန့်ရရှိသူသည် မိမိတွင် ရရှိနိုင်သလောက် လျှပ်စစ်ဓာတ်အားကို ရောင်းချပေးခြင်း။

၅၀။     လျှပ်စစ်ဓာတ်အားလက်ကားရောင်းချခြင်း ခွင့်ပြုမိန့်များတွင် ခွင့်ပြုမိန့်ရရှိသူ၏ လုပ်ငန်း ဆောင်ရွက်ချက်များသည် သက်ဆိုင်သောဥပဒေနှင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ သတ်မှတ် ချက်များ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လုပ်ငန်းပိုင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများ၊ လုပ်ငန်းဆောင်ရွက်မှု စံသတ်မှတ်ချက်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတ်မှတ်ချက်များအားလုံးနှင့် ကိုက်ညီရမည်ဖြစ်ကြောင်း ဖော်ပြပါရှိရမည်။

၅၁။     လျှပ်စစ်ဓာတ်အားလက်ကားရောင်းချခြင်း ခွင့်ပြုမိန့်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သဘောတူခွင့်ပြုထားခြင်းမရှိသည့် အောက်ပါအချက်များကို တားမြစ်ရမည်-

(က)    လျှပ်စစ်ဓာတ်အားခနှုန်းထားများ၊ ဝန်ဆောင်ခများသတ်မှတ်ခြင်း။

(ခ)       လျှပ်စစ်ဓာတ်အားလက်ကားရောင်းချခြင်းဆိုင်ရာ စည်းကမ်းချက်များ သတ်မှတ် ခြင်း။

၅၂။      လျှပ်စစ်ဓာတ်အားလက်ကားရောင်းချခြင်း ခွင့်ပြုမိန့်များတွင် လုပ်ကိုင်ခွင့်သက်တမ်းကို သတ်မှတ် ဖော်ပြရမည်။

လျှပ်စစ်ဓာတ်အားလက်လီရောင်းချခြင်းခွင့်ပြုမိန့်

၅၃။     လျှပ်စစ်ဓာတ်အားလက်လီရောင်းချခြင်း ခွင့်ပြုမိန့်ရရှိသူသည် သတ်မှတ်ထားသော နယ်နိမိတ်အတွင်း တစ်ဦးတည်းသော လျှပ်စစ်ဓာတ်အား လက်လီရောင်းချသူအဖြစ် လျှပ်စစ် ဓာတ်အား သုံးစွဲသူများထံ လျှပ်စစ်ဓာတ်အားရောင်းချခြင်းကို ဆောင်ရွက်ခွင့်ရှသည်။

၅၄။     လျှပ်စစ်ဓာတ်အားလက်လီရောင်းချခြင်း ခွင့်ပြုမိန့်ရရှိသူများ လိုက်နာဆောင်ရွက်ရမည့်  ဝန်ဆောင်မှုဆိုင်ရာ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)     လက်လီဓာတ်အားသုံးစွဲသူ အသီးသီးအတွက် လျှပ်စစ်ဓာတ်အား ပံ့ပိုးပေးရန် အလို့ငှာ လျှပ်စစ်ဓာတ်အား လက်ကားရောင်းချခြင်း ခွင့်ပြုမိန့်ရရှိသူထံမှ လိုအပ် သော လျှပ်စစ်ဓာတ်အားကို ဝယ်ယူခြင်း။

(ခ)       လျှပ်စစ်ဓာတ်အားလက်လီရောင်းချရာတွင် အကန့်အသတ် ဖြစ်ပေါ်နေပါက ယင်း အခြေအနေအား လျှပ်စစ်ဝန်အားတိုးတက်မှု ကြိုတင်ခန့်မှန်းခြင်းနှင့် အခြား အချက်အလက်များနှင့်အတူ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် လျှပ်စစ်ဓာတ်အား လက်ကားရောင်းချခြင်း ခွင့်ပြုမိန့်ရရှိသူတို့ထံ တင်ပြခြင်း။

(ဂ)       ထိုသို့ အကန့်အသတ်ဖြစ်ပေါ်နေသည့် အခြေအနေတွင် ပြည်ထောင်စုအစိုးရအဖွဲ့ ၏ သဘောတူညီချက်အရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ပြင်ဆင်သတ်မှတ် ပေးသည့်အတိုင်း လျှပ်စစ်ဓာတ်အားဝယ်ယူခွင့် သို့မဟုတ် စီစဉ်ဆောင်ရွက်ခွင့်ကို လိုက်နာဆောင်ရွက်ခြင်း။

(ဃ)     လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အထက်အပိုဒ်ခွဲ (ဂ) နှင့်အညီ  ပြင်ဆင်သတ်မှတ် ခြင်းပြုပြီးနောက် လျှပ်စစ်ဓာတ်အားသုံးစွဲသူများ၏ လျှပ်စစ်ဓာတ်အား လိုအပ် ချက်ကို စရိတ်အနည်းဆုံးဖြင့် ဖြည့်ဆည်းပေးရန်နှင့် အချိန်မီအလုံအလောက် ပံ့ပိုးပေးနိုင်ရန်အတွက် စီမံဆောင်ရွက်ခြင်း။

(င)       လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးနယ်နိမိတ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်းမျဉ်းများနှင့် ကိုက်ညီသည့် မည်သည့်လျှပ်စစ်ဓာတ်အား သုံးစွဲသူကိုမဆို ခွဲခြားခြင်းမပြုဘဲ တန်းတူရည်တူစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ရောင်းချခြင်း။

(စ)       သက်ဆိုင်သောဥပဒေနှင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ သတ်မှတ်ချက်များ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် လုပ်ငန်းပိုင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများ၊ လုပ်ငန်းဆောင်ရွက်မှု စံသတ်မှတ်ချက်များ၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ သတ်မှတ်ချက်များ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းခွင့်ပြုမိန့်ရရှိသူ ထုတ်ပြန်ထားသော လျှပ်စစ်ဓာတ်အား သုံးစွဲသူဝန်ဆောင်မှုလက်စွဲတို့ကို လိုက်နာ ဆောင်ရွက်ခြင်း။

၅၅။     လျှပ်စစ်ဓာတ်အားလက်လီရောင်းချခြင်း ခွင့်ပြုမိန့်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သဘောတူ ခွင့်ပြုထားခြင်း မရှိသည့် အောက်ပါအချက်များကို တားမြစ်ရမည်-

(က)    လျှပ်စစ်ဓာတ်အားခနှုန်းထားများ၊ ဝန်ဆောင်ခများ သတ်မှတ်ခြင်း။

(ခ)       လျှပ်စစ်ဓာတ်အား လက်လီရောင်းချရေးဆိုင်ရာ စည်းကမ်းချက်များ သတ်မှတ် ခြင်း။

၅၆။     လျှပ်စစ်ဓာတ်အားလက်လီရောင်းချခြင်းခွင့်ပြုမိန့်များတွင် လုပ်ကိုင်ခွင့်သက်တမ်းကို သတ်မှတ် ဖော်ပြရမည်။

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းနှင့် လက်လီရောင်းချခြင်းထပ်ဆင့် ခွင့်ပြုမိန့်

၅၇။     လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် မည်သူ့ကိုမဆို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း ခွင့်ပြုမိန့်နှင့် လျှပ်စစ်ဓာတ်အားလက်လီ ရောင်းချ ခြင်းခွင့်ပြုမိန့်ရရှိထားသူ၏ ခွင့်ပြုမိန့်ပါ နယ်နိမိတ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းနှင့် လျှပ်စစ်ဓာတ်အား လက်လီရောင်းချခြင်းလုပ်ငန်းအား ထပ်ဆင့်ဆောင်ရွက်ခွင့်ပြုနိုင်သည်။

၅၈။     ထိုသို့ ဆောင်ရွက်ခွင့်ပြုရာတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း ခွင့်ပြုမိန့်နှင့် လက်လီ ရောင်းချခြင်း ခွင့်ပြုမိန့်များ ရရှိထားသူနှင့် ထပ်ဆင့်ခွင့်ပြုမိန့်ရရှိသူတို့သည် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက သဘောတူခွင့်ပြုသည့် စည်းကမ်းချက်များနှင့် လုပ်ကိုင်ခွင့်သက်တမ်းများ ပါရှိ သော စာချုပ်ချုပ်ဆို ဆောင်ရွက်စေရမည်။

၅၉။     ထပ်ဆင့်ခွင့်ပြုမိန့်ရရှိသူသည် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း ခွင့်ပြုမိန့်နှင့် လက်လီ ရောင်းချခြင်း ခွင့်ပြုမိန့်များ ရရှိထားသူ၏ လုပ်ငန်းအဆောက်အအုံများနှင့် ဝန်ထမ်းများကို တည်ဆဲဥပဒေများနှင့်အညီ ငှားရမ်းဆောင်ရွက်ခွင့်ရှိပြီး အခြားသူတစ်ဦးထံ ထပ်ဆင့်ငှားရမ်း လွှဲပြောင်းဆောင်ရွက်ခြင်း မပြုရ။

၆၀။     ထပ်ဆင့်ခွင့်ပြုမိန့်ရရှိသူသည် သတ်မှတ်နယ်နိမိတ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ခြင်းနှင့် လက်လီရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်းသည့် တာဝန်များအား လိုက်နာရန် တာဝန်ရှိသည့်အပြင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်သော နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာ ရမည်။          

၆၁။     ထပ်ဆင့်ခွင့်ပြုမိန့်ရရှိသူသည် ဓာတ်အားစနစ်တိုးတက် ကောင်းမွန်မှုအစီအမံ (System Improvement Plan)၊ ဓာတ်အားစနစ်ဖွံ့ဖြိုးမှုအစီအမံ (System Development Plan) နှင့် ဓာတ်အား ပျောက်ဆုံးမှုလျော့ကျရေးအစီအမံများ ရေးဆွဲပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့ တင်ပြရမည်။ ယင်းအစီ အမံများနှင့်အညီ  အကောင်အထည်ဖော် ဆောင်ရွက်ရမည်။

၆၂။      ထပ်ဆင့်ခွင့်ပြုမိန့်ရရှိသူသည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သတ်မှတ်ထားသော ဓာတ်အားခ နှုန်းထားများအတိုင်း ရောင်းချရမည်။

ပြည်ပသို့ လျှပ်စစ်ဓာတ်အား တင်ပို့ခြင်း /  ပြည်ပမှ လျှပ်စစ် ဓာတ်အား တင်သွင်းခြင်း ခွင့်ပြုမိန့်

၆၃။     လျှပ်စစ်ဆိုင်ရာလုပ်ငန်းခွင့်ပြုမိန့် ရရှိထားပြီးသူများသည် လျှပ်စစ်ဓာတ်အား အရောင်း အဝယ် တစ်ခုချင်းစီအလိုက် ပြည်ပသို့ လျှပ်စစ်ဓာတ်အားတင်ပို့ခြင်း/ ပြည်ပမှ လျှပ်စစ် ဓာတ်အားတင်သွင်းခြင်း ခွင့်ပြုမိန့်ကို ထပ်မံရယူကာ ယင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်သည်။

၆၄။     လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားပြီးနောက် လျှပ်စစ်ဓာတ်အား တင်ပို့ခြင်း/ တင်သွင်းခြင်းတို့ကို ခွင့်ပြုနိုင်သည် -

(က)     အဆိုပြုလျှောက်ထားလာသည့် လျှပ်စစ်ဓာတ်အားတင်ပို့မှု သို့မဟုတ် တင်သွင်းမှု သည် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားစနစ် လုံခြုံစိတ်ချရမှု၊ အားထားရမှု၊ ဖူလုံမှု နှင့် တည်ငြိမ်မှုတို့အပေါ် အကျိုးသက်ရောက်နိုင်မှု။

(ခ)       အဆိုပြုလျှောက်ထားလာသည့် လျှပ်စစ်ဓာတ်အားတင်ပို့မှု သို့မဟုတ် တင်သွင်းမှု သည် သုံးစွဲသူများအတွက် လျှပ်စစ်ဓာတ်အား ရရှိနိုင်မှုနှင့် ကုန်ကျစရိတ်တို့အပေါ် အကျိုးသက်ရောက်နိုင်မှု။

(ဂ)       နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားကဏ္ဍ လုံခြုံမှု။

(ဃ)     လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အများပြည်သူအကျိုးစီးပွားအလို့ငှာ လိုအပ်သည် ဟု ထင်မြင်ယူဆသော အခြားအကြောင်းအချက်များ။

၆၅။     ပြည်ပသို့ လျှပ်စစ်ဓာတ်အားတင်ပို့ခြင်း / ပြည်ပမှ လျှပ်စစ်ဓာတ်အားတင်သွင်းခြင်း ခွင့်ပြုမိန့်များတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သတ်မှတ်သည့် စည်းကမ်းချက်များနှင့် လုပ်ကိုင်ခွင့်သက်တမ်းများ ပါဝင်စေရမည်။

လျှပ်စစ်ဝန်အားပမာဏခန့်မှန်းခြင်း

၆၆။     လျှပ်စစ်ဆိုင်ရာလုပ်ငန်း ခွင့်ပြုမိန့်များတွင် ခွင့်ပြုမိန့် ရရှိသူများသည် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ချမှတ်ပေးမည့် လမ်းညွှန်ချက်၊ နည်းစနစ်တို့နှင့်အညီ လျှပ်စစ်ဝန်အား တိုးလာမှု နှင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပမာဏ ခန့်မှန်းရေးဆွဲရမည့် တာဝန်ရှိကြောင်း ဖော်ပြပါရှိ ရမည်။

စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်ခြင်း

၆၇။     ဤနည်းဥပဒေ ၉၈ အရ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရာတွင် ခွင့်ပြုမိန့်ရရှိသူများသည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာန က တောင်းခံသော မည်သည့်သတင်းအချက်အလက်များကိုမဆို ထုတ်ဖော်တင်ပြရန် တာဝန်ရှိ ကြောင်း ခွင့်ပြုမိန့်အားလုံးတွင် ဖော်ပြပါရှိရမည်။

ဝန်ကြီးဌာန လက်အောက်ရှိ လုပ်ငန်းဌာနများ၊ အဖွဲ့အစည်းများ

၆၈။    လျှပ်စစ်စွမ်းအားဝန်ကြီးဌာနလက်အောက်ရှိ လုပ်ငန်းဌာနများ၊ အဖွဲ့အစည်းများနှင့် လျှပ်စစ်ဥပဒေ ပုဒ်မ ၈ ပုဒ်မခွဲ (ဂ) အရ ဖွဲ့စည်းထားသော လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ သို့မဟုတ် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းများသည် -

(က)    လျှပ်စစ်ဥပဒေပါ ပြဋ္ဌာန်းချက်များအရ ခွင့်ပြုမိန့်ရရှိသူများအဖြစ် မှတ်ယူရမည် ဖြစ်ပြီး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်သည်။

(ခ)       ဤနည်းဥပဒေထုတ်ပြန်ပြီး ခြောက်လအတွင်း နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ သက်ဆိုင်သည့် ခွင့်ပြုမိန့်များကို လျှောက်ထားရမည်။

(ဂ)       ခွင့်ပြုမိန့်ပါ လျှပ်စစ်ဆိုင်ရာလုပ်ငန်းနှင့် စပ်လျဉ်းသည့် ဝန်ဆောင်မှုများအတွက် ခွင့်ပြုမိန့်ရရှိသူများ လိုက်နာရမည့် စည်းကမ်းချက်များအတိုင်း တန်းတူရည်တူ လိုက်နာရမည်။

အခန်း (၄)

ခွင့်ပြုမိန့်ထုတ်ပေးခြင်း

ခွင့်ပြုမိန့်ရယူရန်သတ်မှတ်ချက်

၆၉။     ပြည်‌ထောင်စုက စီမံခန့်ခွဲခွင့်ရှိသည့် အကြီးစားလျှပ်စစ်ဓာတ်အားနှင့်စပ်လျဉ်းသည့် လျှပ်စစ်ဆိုင်ရာလုပ်ငန်း ခွင့်ပြုမိန့်များကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့ လျှောက်ထားရမည်။

၇၀။     ပြည်ထောင်စုက စီမံခန့်ခွဲခွင့်ရှိသည့် အကြီးစားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး မှအပ မဟာဓာတ်အားလိုင်းစနစ်နှင့် ဆက်သွယ်ခြင်းမရှိသော အလတ်စားနှင့်အသေးစား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများနှင့် စပ်လျဉ်းသည့် ခွင့်ပြုမိန့်များ ကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များထံမှ လျှောက်ထားရယူ ရမည်။

၇၁။     ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နှင့်ကျေးရွာ များအတွက် လျှပ်စစ်ဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်းသည့် ခွင့်ပြုမိန့်များကို သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့များထံမှ လျှောက် ထားရယူရမည်။

ခွင့်ပြုမိန့်ကင်းလွတ်ခွင့်များ

၇၂။      မိမိကိုယ်ပိုင်သုံးစွဲရန်သက်သက်အလို့ငှာ မိမိပိုင်မြေပေါ်တွင် တည်ဆောက်ထားပြီး မဟာဓာတ်အားလိုင်းစနစ်နှင့် ချိတ်ဆက်ထားခြင်းမရှိသော ဓာတ်အားထုတ်လုပ်သူများသည် အခြားသူများအား လျှပ်စစ်ဓာတ်အားကို လွှဲပြောင်းရောင်းချခြင်းမရှိလျှင် ထိုသို့လျှပ်စစ် ဓာတ်အားထုတ်လုပ်သူသည် ခွင့်ပြုမိန့် ရယူရန် မလိုအပ်ပါ။ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အတွက် စစ်ဆေးမှု ခံယူရမည်။

၇၃။     ခွင့်ပြုမိန့်ရယူရန်မလိုအပ်သည့် ကင်းလွတ်ခွင့်များနှင့်ပတ်သက်သည့် လုပ်ထုံးလုပ်နည်း များကို ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပြန် ရမည်။

ခွင့်ပြုမိန့် ထုတ်ပေးရန် သတ်မှတ်ချက်များ

၇၄။     လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် -

(က)     ခွင့်ပြုမိန့်လျှောက်ထားသူက မိမိလျှောက်ထားသည့် လျှပ်စစ်ဆိုင်ရာလုပ်ငန်းများ ကို ဆောင်ရွက်နိုင်စွမ်းရှိကြောင်းနှင့် သက်ဆိုင်ရာဥပဒေရေးရာ၊ စည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာနှင့် ခွင့်ပြုမိန့်ပါ စည်းကမ်းချက်များကို လိုက်နာရန် တာဝန်ခံနိုင်ကြောင်း ခိုင်လုံစွာ တင်ပြနိုင်မှသာ ခွင့်ပြုမိန့်များကို ထုတ်ပေးရမည်။

(ခ)       ခွင့်ပြုမိန့်ထုတ်ပေးရာတွင် အောက်ဖော်ပြပါ အချက်များကို ထည့်သွင်း စဉ်းစား ရမည် -

(၁)       စီးပွားရေးလုပ်ငန်းအတွေ့အကြုံ။

(၂)       သက်ဆိုင်ရာ လျှပ်စစ်လုပ်ငန်း အတွေ့ အကြုံ။

(၃)       ဘဏ္ဍာငွေ တောင့်တင်းခိုင်မာမှု။

(၄)       နည်းပညာနှင့်လုပ်ငန်းပိုင်းဆိုင်ရာ အသေးစိတ် သတ်မှတ်ချက်များ၊ စံပြပုံစံ၊ ဒီဇိုင်းပုံစံ၊ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ဝိသေသလက္ခဏာများ (Operational Characteristics) ။

(၅)       နည်းပညာပိုင်းဆိုင်ရာနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ဆောင်ရွက်နိုင်စွမ်းရှိမှု။

(၆)       ခွင့်ပြုမိန့်ပါ စည်းကမ်းချက်များ၊ သက်ဆိုင်သော ဥပဒေရေးရာနှင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာနိုင်စွမ်း ရှိမှု။

(၇)       လျှပ်စစ်ဆိုင်ရာလုပ်ငန်းနှင့်ဆိုင်သော အလေ့အကျင့်ကောင်းများ (Prudent Utility Practices) ၊ လျှပ်စစ်ဓာတ်အားကွန်ရက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများ၊ လုပ်ငန်းပိုင်းဆိုင်ရာ စံသက်မှတ်ချက်များနှင့် ကျင့်ဝတ် စည်းကမ်းများကို လိုက်နာနိုင်စွမ်းရှိမှု။

(ဂ)       ခွင့်ပြုမိန့်အသီးသီးတွင် ဖော်ပြထားသည့် ဝန်ဆောင်မှုများအား အပြည့်အဝ ဆောင်ရွက်ပေးရန်အတွက် ခွင့်ပြုမိန့်လျှောက်ထားသူများ၏ ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်ချက်များ (financial activities) နှင့် အဖွဲ့အစည်းပိုင်းဆိုင်ရာများ (organizational affairs) တောင့်တင်းခိုင်မာမှု ရှိ မရှိကို သုံးသပ်၍ အတည်ပြု ခြင်း သို့မဟုတ် ငြင်းပယ်ခြင်းတို့ကို ပြုလုပ်ရမည်။

(ဃ)     အထက်အပိုဒ်ခွဲ(က)နှင့်(ခ)ပါ အချက်များနှင့် ကိုက်ညီသော်လည်း အဆိုပြု လျှောက်ထားသည့် လျှပ်စစ်ဆိုင်ရာ ရင်းနှီးမြှပ်နှံမှုနှင့် ပတ်သက်သည့် ပစ္စည်း ကိရိယာများ၊ အဆောက်အအုံများ၊ နည်းစနစ်များသည် လျှပ်စစ်ဓာတ်အားကဏ္ဍ အတွက် အထောက်အကူ မပေးနိုင်ခြင်း၊ အသုံးမပြုနိုင်ခြင်းများ စိစစ်တွေ့ရှိရပါက ခွင့်ပြုမိန့်ထုတ်ပေးရန် ငြင်းဆိုနိုင်သည်။

ဘဏ္ဍာရေးဆိုင်ရာ အာမခံချက်

၇၅။     ခွင့်ပြုမိန့်ထုတ်ပေးခြင်းမပြုမီ သို့မဟုတ် ဆိုင်းငံ့ထားသော ခွင့်ပြုမိန့်ကို ပြန်လည် ခွင့်ပြုခြင်းမပြုမီ ခွင့်ပြုမိန့်လျှောက်ထားသူသည် ခွင့်ပြုမိန့်ကြေး ပေးသွင်းရမည့်အပြင် ဤနည်းဥပဒေနှင့် ခွင့်ပြုမိန့်ပါ စည်းကမ်းချက်များနှင့်အညီ ဖော်ပြထားသည့် ဝန်ဆောင်မှုဆိုင်ရာ တာဝန်များကို ဖြည့်ဆည်းပေးခြင်းနှင့် ယင်းခွင့်ပြုမိန့်ပါ စည်းကမ်းချက်များကို အမှန်တကယ် လိုက်နာမှုရှိစေရန်အတွက် နိုင်ငံတော်အစိုးရမှ အသိအမှတ်ပြုသည့် အာမခံစာချုပ် (Bond) သို့မဟုတ် ဘဏ္ဍာရေးအာမခံပုံစံ တစ်မျိုးမျိုးကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့ တင်သွင်း ရမည်။

လုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာ လက်စွဲစာစောင် (Operating Procedures Manual)

 ၇၆။    ခွင့်ပြုမိန့်ရရှိသူသည် ခွင့်ပြုမိန့်ရရှိပြီး ရက်ပေါင်း ၉ဝ အတွင်း လုပ်ငန်းဆောင်ရွက်ခြင်း ဆိုင်ရာ လက်စွဲစာစောင် (Operating Procedures Manual) ကို ရေးသားပြုစု၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ အတည်ပြုချက် ရရှိရန် တင်သွင်းရမည်။ ယင်းအတည်ပြုချက် ရရှိပြီးပါက ခွင့်ပြုမိန့်ရရှိသူသည် လုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာ လက်စွဲစာစောင်ပါလုပ်ငန်းစဉ် များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရမည်။

ဝန်ဆောင်မှုများ ကန့်သတ်ခြင်း

၇၇။     ခွင့်ပြုမိန့်ရရှိသူများသည် နိုင်ငံတော်မှကူညီထောက်ပံ့မှု (Subsidies) ပေးထားသော လျှပ်စစ်ဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ သဘောတူထားပြီးဖြစ်ပါက ပြည်ထောင်စုအစိုးရအဖွဲ့ ၏ သဘောတူညီချက်ဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် လျှပ်စစ် ဓာတ်အားခနှုန်းထားများအတိုင်း လက်ခံဆောင်ရွက် ပေးရမည်။

လျှပ်စစ်ဓာတ်အားဝယ်ယူခြင်းနှင့် ရယူခြင်း

၇၈။     ခွင့်ပြုမိန့်ရရှိသူများသည် အောက်ပါတို့ကို ဆောင်ရွက်ခြင်း မပြုရ -

(က)     လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သဘောတူထားသည့် ယှဉ်ပြိုင်မှုရှိသော လျှပ်စစ် ဓာတ်အားဝယ်ယူမှု အစီအစဉ်ဖြင့်မဟုတ်ဘဲ လျှပ်စစ်ဓာတ်အား ကိုယ်တိုင် ထုတ်လုပ်သူ (IPP) အသစ်များထံမှ လျှပ်စစ်ဓာတ်အား ဝယ်ယူခြင်း။

(ခ)      လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သဘောတူထားခြင်းမရှိသော လျှပ်စစ်ဓာတ်အား ဝယ်ယူရေး သဘောတူညီချက်များအရ ကုန်ကျထားသည့် လျှပ်စစ်ဓာတ်အားရယူ ရေး ကုန်ကျစရိတ်ကို ပြန်လည် ကာမိစေရန် ပြုလုပ်ခြင်း။

ခွင့်ပြုမိန့်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း နှင့်ပယ်ဖျက်ခြင်း

၇၉။     (က)     မည်သည့်ခွင့်ပြုမိန့်ကိုမဆို ခွင့်ပြုမိန့်ထုတ်ပေးသူက အောက်ပါအခြေအနေများ တွင် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင် သည်-

(၁) ခွင့်ပြုမိန့်အသီးသီးတွင် ဖော်ပြပါရှိသည့် စည်းကမ်းချက်များကို လိုက်နာရန် ပျက်ကွက်ခြင်း။

(၂) အချိန်စေ့ရောက်သည့်နေ့တွင် ခွင့်ပြုမိန့်အတွက် သတ်မှတ်ကြေးပေးဆောင်ရန် ပျက်ကွက်ခြင်း။

(၃) ခွင့်ပြုမိန့်ရရှိသူသည် ပြဋ္ဌာန်းထားသည့် လုပ်ထုံးလုပ်နည်း တစ်ရပ်ရပ်ကို ဖြစ်စေ၊ အစီအစဉ်များ သို့မဟုတ် လက်စွဲများကိုဖြစ်စေ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်းကြောင့် ၎င်း၏ခွင့်ပြုမိန့်ပါ ဝန်ဆောင်မှုဆိုင်ရာတာဝန်များကို ဆောင်ရွက်ရာတွင် တစ်ပါးသူအပေါ် ကြီးမားစွာထိခိုက်နစ်နာမှု ဖြစ်ပေါ်စေခြင်း။

(၄) မိမိနှင့်သက်ဆိုင်သော ဥပဒေရေးရာနှင့် စည်းမျဉ်းစည်းကမ်းများ၊ စာချုပ်ပါ သတ်မှတ်ချက်များကို အလေးမထားခြင်း။

(၅) ခွင့်ပြုမိန့်ကိုဖြစ်စေ၊ ခွင့်ပြုမိန့်ပါလုပ်ငန်းတစ်ခုလုံး သို့မဟုတ် တစ်စိတ် တစ်ဒေသကိုဖြစ်စေ ခွင့်ပြုမိန့် ထုတ်ပေးခဲ့သည့် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၏ ခွင့်ပြုချက်မရှိဘဲ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ အငှားချထားခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းပေးခြင်း။

(၆) ခွင့်ပြုမိန့်ပါ စာရွက်စာတမ်း၊ အချက်အလက်များကို သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများ၏ ခွင့်ပြုချက်မရှိဘဲ ပြင်ဆင်ရေးသားခြင်း။

(ခ)      ခွင့်ပြုမိန့်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်းနှင့် ပယ်ဖျက်ခြင်း ပြုလုပ်ပြီး နောက် ခွင့်ပြုမိန့်ထုတ်ပေးခဲ့သည့် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်း များသည် ခွင့်ပြုမိန့်ပါ လုပ်ငန်းနှင့်သက်ဆိုင်သော ပစ္စည်းကိရိယာများနှင့် အဆောက်အအုံများ စဉ်ဆက်မပြတ် လည်ပတ်ဆောင်ရွက်နိုင်စေရန် အောက် ဖော်ပြပါ လုပ်ဆောင်ချက်အားလုံးကိုဖြစ်စေ၊ တစ်ရပ်ရပ်ကိုဖြစ်စေ ဆောင်ရွက် နိုင်သည် -

(၁) ခွင့်ပြုမိန့်ရရှိသူကိုယ်စား စီမံအုပ်ချုပ်သတစ်ဦးဦးကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ပစ္စည်းကိရိယာများနှင့် အဆောက်အအုံများကို လွှဲပြောင်းရယူ ပြီး လုပ်ငန်းဆောင်ရွက်စေခြင်း။

(၂) ခွင့်ပြုမိန့်ရရှိသူနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သဘောတူသည့် အခြား ပုဂ္ဂိုလ်တစ်ဦးဦးအကြား ထပ်ဆင့်စာချုပ် တစ်ရပ်ချုပ်ဆိုစေ၍ အဆိုပါပုဂ္ဂိုလ် အား ခွင့်ပြုမိန့်ပါ ပစ္စည်းကိရိယာများ၊ အဆောက်အအုံများနှင့် လုပ်ငန်း တာဝန်များကို ချက်ချင်း လွှဲပြောင်းရယူ ဆောင်ရွက်စေခြင်း။

(ဂ)       ခွင့်ပြုမိန့်ပယ်ဖျက်ခြင်းခံရသူ၏ လျှပ်စစ်ဆိုင်ရာလုပ်ငန်း အဆောက်အအုံတွင် တပ်ဆင်ထားသည့် စက်ရုံ၊ စက်ယန္တရားများနှင့် အခြားပစ္စည်းကိရိယာများ အတွက် အဖိုးစားနား အပြည့်အဝပေးအပ်ပြီး သတ်မှတ်ထားသည့် စည်းကမ်းချက် များနှင့်အညီ ခွင့်ပြုမိန့်ပါ တာဝန်ကို ဆက်ခံမည့်သူတစ်ဦးဦးက လွှဲပြောင်းရယူ ခြင်းမပြုမီအချိန်ထိ အထက်ပုဒ်မခွဲ (ခ) ပါအတိုင်း ဆက်လက်ဆောင်ရွက်စေ နိုင်သည်။

မဟာဓာတ်အားလိုင်းစနစ်နှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း

၈၀။     (က)     သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့များ၊ သက်ဆိုင်ရာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ များမှ ထုတ်ပေးသော ခွင့်ပြုမိန့်ရရှိထားသူများသည် ခွင့်ပြုမိန့်ပါ နယ်နိမိတ် အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်း ဆောင်ရွက်ရန်အတွက် မဟာဓာတ်အားလိုင်းစနစ်နှင့်  တိုက်ရိုက်ဖြစ်စေ၊ တစ်ဆင့်ခံဖြစ်စေ ချိတ်ဆက်လို ပါက ခွင့်ပြုမိန့်ထုတ်ပေးခဲ့သည့် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ၏ သဘော တူညီချက် ရယူရမည်။

(ခ)       သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ၏သဘောတူညီချက်ရရှိပါက မဟာဓာတ်အား လိုင်းစနစ်နှင့်တိုက်ရိုက်ဖြစ်စေ၊ တစ်ဆင့်ခံဖြစ်စေချိတ်ဆက်ရန်အတွက် လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ ခွင့်ပြုချက်ကို ရယူရမည်။

(ဂ)       လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစား ပြီးနောက် လျှပ်စစ်ဓာတ်အား ချိတ်ဆက်ဆောင်ရွက်ခြင်းကို ခွင့်ပြုနိုင်သည် -

(၁) မဟာဓာတ်အားလိုင်းစနစ်၏ တည်ငြိမ်မှုအပေါ် အကျိုးသက်ရောက်နိုင်မှု။

(၂) ဒေသခံပြည်သူတို့၏ လျှပ်စစ်ဓာတ်အားခ ကုန်ကျစရိတ်အပေါ် အကျိုး သက်ရောက်နိုင်မှု။

(၃) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ သက်ဆိုင်ရာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း လျှပ်စစ် ဓာတ်အားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာနိုင်မှု။

(၄) အများပြည်သူအကျိုးစီးပွားအလို့ငှာ လိုအပ်သည်ဟုထင်မြင်ယူဆသော အခြား အကြောင်းအချက်များ။

(ဃ)     ထိုသို့ချိတ်ဆက်ရန် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း နှင့် ဖြန့်ဖြူးခြင်းများ အပါအဝင် သီးခြားလျှပ်စစ်ဓာတ်အားကွန်ရက်စနစ် ရှိပြီးဖြစ်ရမည်။

(င)       မဟာဓာတ်အားလိုင်းစနစ်နှင့်တိုက်ရိုက်ဖြစ်စေ၊ တစ်ဆင့်ခံဖြစ်စေ ချိတ်ဆက် ဆောင်ရွက်ခွင့် ရရှိသူများသည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်ဥပဒေနှင့် အညီ ထုတ်ပြန်သော နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအား လိုက်နာဆောင်ရွက် ရမည်။

ခွင့်ပြုမိန့်ထုတ်ပေးခြင်းဆိုင်ရာစည်းမျဉ်းများ

၈၁။     လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ခွင့်ပြုမိန့် လျှောက်ထားခြင်း၊ ထုတ်ပေးခြင်း၊ ပြင်ဆင်တည်းဖြတ်ခြင်း၊ မွမ်းမံပြင်ဆင်ခြင်း၊ ဆိုင်းငံ့ခြင်း၊ ရုပ်သိမ်းခြင်းတို့နှင့် စပ်လျဉ်းသည့် စည်းမျဉ်းများကို ချမှတ်ရမည်။ ယင်းစည်းမျဉ်း များတွင် ခွင့်ပြုမိန့်လျှောက်ထားရာတွင် ပါဝင်ရမည့် ပုံစံများ၊ အကြောင်းအရာများ၊ သတ်မှတ် ချက်များ၊ အထောက်အထား စာရွက်စာတမ်းများနှင့် ခွင့်ပြုမိန့်ထုတ်ပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ် များစသည်တို့ ဖော်ပြပါရှိရမည်။

၈၂။      လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်မည့် ခွင့်ပြုမိန့်ထုတ်ပေးရေးဆိုင်ရာ  စည်းမျဉ်း များတွင် -

(က)  လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူညီချက်များ (Power Purchase Agreements) နှင့်စပ်လျဉ်း၍လည်းကောင်း၊ ယှဉ်ပြိုင်မှုရှိသော လျှပ်စစ်ဓာတ်အား ဝယ်ယူမှုအစီစဉ်များနှင့် စပ်လျဉ်း၍လည်းကောင်း သတ်မှတ်ချက်များကို ဖော်ပြ ရမည်။

(ခ)    လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူညီချက် ပဋိညာဉ်စာချုပ် စံပြုပုံစံများကို သတ်မှတ် ပေးရမည်။

၈၃။     လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ခွင့်ပြုမိန့်ရရှိသူများ ဆောင်ရွက်နေသော လုပ်ငန်းများ တွင် နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော ဆက်စပ်နေသည့် လျှပ်စစ်ဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ လိုအပ်သည့် ခွင့်ပြုမိန့်များ ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပေးနိုင်သည်။

အခန်း (၅)

လျှပ်စစ်ဓာတ်အားခနှုန်းထား

လျှပ်စစ်ဓာတ်အားခနှုန်းထားများ အဆိုတင်သွင်းခြင်း

၈၄။     (က)     ခွင့်ပြုမိန့်ရရှိသူများသည် လျှပ်စစ်ဓာတ်အားခနှုန်းထားများအား လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသို့ အဆိုပြု တင်သွင်းရမည်။

(ခ)       အဆိုပါ အဆိုပြုချက်တွင် သတ်မှတ်လိုသည့် လျှပ်စစ်ဓာတ်အားခနှုန်းထား၊ ပဋိညာဉ် စာချုပ်ပါ စာရင်းဇယားများနှင့် အခြားစာရွက်စာတမ်းများကို ရှင်းလင်း ပီသသော ပုံနှိပ် စာလုံးဖြင့် မူရင်းနှင့်မူပွားများ ပြုလုပ်တင်သွင်းရမည်။

(ဂ)       အဆိုပြုစာရင်းဇယားတွင် ဈေးနှုန်း သို့မဟုတ် သုံးစွဲယူနစ်ကို အခြေခံသည့် လျှပ်စစ်ဓာတ်အားခနှုန်းထားကို ဖော်ပြရမည့်အပြင် လျှပ်စစ်ဓာတ်အားခနှုန်းထား တွင်ပါရှိသည့် အခြားအဖိုးအခများကို သုံးစွဲသူများ အလုံးစုံသဘောပေါက် နားလည်စေရန်အတွက်  မီတာငှားရမ်းသုံးစွဲခ၊ တပ်ဆင်ခ၊ အခြေခံဝယ်ယူလိုသည့် ဓာတ်အားပမာဏ သတ်မှတ်ချက်၊ ဈေးလျှော့ပေးခြင်းနှင့် အခြားအသေးစိတ် အချက်များကိုလည်း ဖော်ပြရမည်။

၈၅။     (က)     ခွင့်ပြုမိန့်ရရှိသူတိုင်းသည် ခွင့်ပြုမိန့်ပါ လျှပ်စစ်ဆိုင်ရာ လုပ်ငန်းနှင့်စပ်လျဉ်းသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သဘောတူထားသော လျှပ်စစ်ဓာတ်အားခ နှုန်းထားများကို ကော်မရှင်ရုံး၏ အများပြည်သူဆိုင်ရာ မှတ်တမ်းခန်းတွင် ထား ရှိနိုင်ရန် ကော်မရှင်ရုံးသို့ ပေးပို့ရမည်။

(ခ)       လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် သဘောတူညီချက် မရရှိသေးသော သို့မဟုတ် အဆိုပြု တင်သွင်းထားခြင်း မရှိသေးသော လျှပ်စစ်ဓာတ်အားခနှုန်းထားများ နှင့်စပ်လျဉ်း၍ အဆိုပြု တင်သွင်းရန် ခွင့်ပြုမိန့်ရရှိသူများကို ညွှန်ကြားရမည်။

လျှပ်စစ်ဓာတ်အားခနှုန်းထား သတ်မှတ်သည့် အခြေခံမူများ

၈၆။     လျှပ်စစ်ဓာတ်အားခနှုန်းထားများသည် အောက်ပါအချက်များအပေါ် အခြေခံရမည်-

(က)     လျှပ်စစ်ဓာတ်အားသုံးစွဲသူများ၏ လိုအပ်ချက်ကို အလေးထား ဖြည့်ဆည်း ဆောင်ရွက်ခြင်းဖြင့် ခွင့်ပြုမိန့်ရရှိသူများက ကျခံထားရသော ကုန်ကျစရိတ် အားလုံးကို ကာမိစေခြင်း။

(ခ)       လျှပ်စစ်ကဏ္ဍတွင် ငွေလုံးငွေရင်းရင်းနှီးမြှုပ်နှံမှုများမှ အကျိုးအမြတ်ရရှိနှုန်းသည် ယင်းနှင့် အလားတူ စွန့်စားရင်းနှီးမြှုပ်နှံမှုများကဲ့သို့ အကျိုးဖြစ်ထွန်းစေခြင်း။

(ဂ)       ရေတိုနှင့် ရေရှည်ကာလများအတွက် ကာမိစေသော အနီးစပ်ဆုံး ခန့်မှန်း ကုန်ကျစရိတ် (short run and long run marginal costs) ၊ မှန်ကန်တိကျသော ဈေးနှုန်းဆိုင်ရာ သတင်းအချက်အလက်များ၊ လျှပ်စစ်ဓာတ်အားလိုအပ်မှုနှင့် ဖြည့်ဆည်းပေးနိုင်မှု အခြေအနေများကို ပွင့်လင်းမြင်သာစွာ ဖော်ပြခြင်း။

(ဃ)     သုံးစွဲသူအမျိုးအစားအသီးသီးထံ ပို့လွှတ်သော လျှပ်စစ်ဓာတ်အား အရည်အသွေး နှင့် အခြားလျှပ်စစ်ဆိုင်ရာ ဝန်ဆောင်မှုပေးခြင်းတို့နှင့် ထိုက်တန်သည့် ဓာတ်အားခနှုန်းထား ဖြစ်ခြင်း။

(င)       ဝန်အားအသုံးအများဆုံးအချိန်၊ ပုံမှန်အသုံးပြုသည့် အချိန်စသည့် အချိန်အမျိုးမျိုး အလိုက်ဖြစ်စေ၊ လျှပ်စစ်ဓာတ်အားသုံးစွဲမှုပမာဏ အလိုက်ဖြစ်စေ ဝန်ဆောင်မှု ပေးခြင်း။

(စ)       ပြည်ထောင်စုအစိုးရ၏ချမှတ်ထားသော မူဝါဒများနှင့်အညီ ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် အစိုးရက အထောက်အပံ့ ပြုရန် လိုအပ်ခြင်း။

လျှပ်စစ်ဓာတ်အားခနှုန်းထားပြောင်းလဲရန်လျှောက်ထားခြင်း

၈၇။     (က)  ခွင့်ပြုမိန့်ရရှိသူများသည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သဘောတူခွင့်ပြုထားပြီး သော လျှပ်စစ်ဓာတ်အားခ နှုန်းထားများကို ပြင်ဆင်တည်းဖြတ်ရန် သို့မဟုတ် မွမ်းမံပြင်ဆင်ရန် လိုအပ်လာပါက ဝန်ကြီးဌာနသို့ တင်ပြလျှောက်ထားနိုင်သည်။

            (ခ)    ပြင်ဆင်တည်းဖြတ်ရန် သို့မဟုတ် မွမ်းမံပြင်ဆင်ရန် တင်ပြလျှောက်ထားချက်တွင် လျှပ်စစ်ဓာတ်အားခနှုန်းထား မွမ်းမံပြင်ဆင်ခြင်းကြောင့် လျှပ်စစ်ဓာတ်အား သုံးစွဲသူ များအပေါ် သက်ရောက်မှုရှိနိုင်သည့် အကျိုးအပြစ် နှိုင်းယှဉ်ချက်များ ပါဝင်ရမည်။

အခန်း (၆)

အခြားစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာတာဝန်များ

ဘဏ္ဍာငွေအစီအမံများ

၈၈။     ခွင့်ပြုမိန့်ရရှိသူအားလုံးသည် ၎င်းတို့၏ ဘဏ္ဍာငွေထောက်ပံ့ပေးရေးအစီအမံများအား စီးပွားရေးအရ တွက်ခြေကိုက်ပြီး ကျိုးကြောင်းခိုင်လုံသော စည်းကမ်းသတ်မှတ်ချက်များဖြင့် သေချာစွာ ဆောင်ရွက်ထားရမည်။

လုပ်ငန်းပေါင်းစည်းခြင်း၊ ပြန်လည်ဖွဲ့စည်းခြင်းနှင့် ချဲ့ထွင်ခြင်း

၈၉။    ခွင့်ပြုမိန့်ရရှိသူများသည် မိတ်ဖက်ကုမ္ပဏီများနှင့် လုပ်ငန်းပူးပေါင်းဆောင်ရွက်ခြင်း အတွက်လည်းကောင်း၊ လုပ်ငန်းပေါင်းစည်းခြင်း သို့မဟုတ် အဓိကအဆောက်အအုံများကို ရောင်းဝယ်ခြင်းအတွက်လည်းကောင်း၊ စီးပွားရေးလုပ်ငန်းများ ချဲ့ထွင်ခြင်းအတွက် လည်းကောင်း သက်ဆိုင်ရာခွင့်ပြုမိန့် ထုတ်ပေးသူထံ သဘောတူညီချက် တောင်းခံရမည်။

လျှပ်စစ်ဓာတ်အားကွပ်ကဲရေးဌာနများ

၉၀။     (က)    လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် လျှပ်စစ်ဓာတ်အားစနစ် တည်တံ့ခိုင်မြဲမှု၊ အားထားရမှု၊ လုံခြုံစိတ်ချရမှုနှင့် ထိရောက်အကျိုးရှိမှုတို့ရှိစေရန်အတွက် လျှပ်စစ် ဓာတ်အားစနစ် ထိန်းညှိကွပ်ကဲခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန် ရမည်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဖွဲ့စည်းထားသော လျှပ်စစ်ဓာတ်အား ကွပ်ကဲရေးဌာနများနှင့် လျှပ်စစ်ဆိုင်ရာလုပ်ငန်း ခွင့်ပြုမိန့်ရရှိသူများက ယင်း လုပ်ထုံးလုပ်နည်းများကို တိကျစွာလိုက်နာ ရမည်။

(ခ)   လျှပ်စစ်ဓာတ်အားကွပ်ကဲရေးဌာနများသည် လျှပ်စစ်ဓာတ်အား လိုအပ်မှုကို ထိရောက်အကျိုးရှိစွာ ဖြည့်ဆည်းပေးနိုင်ရန် မဟာဓာတ်အားလိုင်းစနစ်နှင့် ချိတ်ဆက်ထားသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးဆိုင်ရာ အဆောက်အအုံများ အားလုံးမှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားကို စီမံခန့်ခွဲရမည်။

(ဂ)    လျှပ်စစ်ဓာတ်အားလက်လီရောင်းချသူသည် လျှပ်စစ်ဓာတ်အား လက်ကားရောင်းချ သူ တစ်ဦးထက်ပိုသူထံမှ လျှပ်စစ်ဓာတ်အားဝယ်ယူနိုင်သည့်အခါ လျှပ်စစ်ဓာတ်အား ကွပ်ကဲရေးဌာနများသည် အဆိုပါလက်ကားရောင်းချသူများ၏ ဓာတ်အားထုတ်လုပ် ရေး အဆောက်အအုံများကို ခွဲခြားခြင်းမပြုဘဲ တန်းတူရည်တူစနစ်ဖြင့် ကွပ်ကဲ (dispatch) ဆောင်ရွက်ပေး ရမည်။

အခန်း (၇)

အရည်အသွေးနှင့်စံချိန်စံညွှန်းသတ်မှတ်ချက်များ

၉၁။     (က)     စက်မှုဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် လျှပ်စစ်ဆိုင်ရာ ပစ္စည်းကိရိယာများ၏ အရည်အသွေးနှင့် စံချိန်စံညွှန်းဆိုင်ရာ သတ်မှတ်ချက်များကို သတ်မှတ်ထုတ်ပြန်ရမည်။

(ခ)       အထက်ပုဒ်မခွဲ (က) အရ ဆောင်ရွက်ရာတွင် နည်းပညာနယ်ပယ်အသီးသီး အလိုက် သက်ဆိုင်သော ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ရမည်။

အခန်း(၈)

လျှပ်စစ်ဆိုင်ရာလုပ်ငန်းနှင့် လျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာများ စစ်ဆေးခြင်း

၉၂။      စစ်ဆေးရေးမှူးချုပ်သည် လျှပ်စစ်ဥပဒေပုဒ်မ ၃၂ နှင့် ၃၃ ပါ ပြဌာန်းချက်များနှင့်အညီ အောက် ဖော်ပြပါလုပ်ငန်းများကို ဆောင်ရွက်ရမည်-

(က)     ခွင့်ပြုမိန့်ရရှိပြီးဖြစ်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းများကို သတ်မှတ်ချက်များနှင့်အညီ စစ်ဆေးပြီး လျှပ်စစ်အန္တရာယ် ကင်းရှင်းကြောင်း လက်မှတ်ထုတ်ပေးခြင်း။

(ခ)       လျှပ်စစ်ဓာတ်အားအသုံးပြုသည့် ဓာတ်လှေကား၊ စက်လှေကား၊ လျှပ်စစ်ရထား၊ အထူး စီးပွားရေးစက်မှုဇုန်မှ စက်ရုံများ၊ အသေးစား၊ အလတ်စား၊ အကြီးစား စက်ရုံများ၊ အများပြည်သူသက်ဆိုင်စုဝေးရာ အဆောက်အဦးများ စသည့်တို့ကို စစ်ဆေးပြီး လျှပ်စစ် အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ်ထုတ်ပေးခြင်း။

(ဂ)       လျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာများကို သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် အညီ စစ်ဆေးပြီး အရည်အသွေးစစ်ဆေးချက်လက်မှတ် ထုတ်ပေးခြင်း။

(ဃ)     လျှပ်စစ်ဥပဒေပုဒ်မ ၃၄ အရ တည်ထောင်ဖွင့်လှစ်ထားသည့် ဓာတ်ခွဲခန်းမှ သတ်မှတ် စံချိန်စံညွှန်းများဖြင့် စစ်ဆေးပြီး အတည်ပြုချက်ရသော ပြည်တွင်း ပြည်ပမှထုတ်လုပ်သည့် လျှပ်စစ်ပစ္စည်းကိရိယာများကို အရည်အသွေးစစ်ဆေး ချက်လက်မှတ် ထုတ်ပေးခြင်း။

(င)       လျှပ်စစ်တပ်ဆင်ရေးလုပ်ငန်းလုပ်ကိုင်ရန် သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူ များအား လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ် ထုတ်ပေးခြင်း။

(စ)       လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများအတွက် လုပ်ငန်း မှတ်ပုံတင်ခြင်းနှင့် သတ်မှတ်ချက်များနှင့်အညီ ထုတ်ပေးခြင်း။

(ဆ)     လျှပ်စစ်အန္တရာယ်ကြောင့် လူနှင့်တိရိစ္ဆာန်တို့ ထိခိုက်နာကျင်စေခြင်း၊ အသက် ဆုံးရှုံးခြင်း၊ ပစ္စည်းဥစ္စာနှင့် အဆောက်အဦများ ပျက်စီးဆုံးရှုံးခြင်းစသည့် အန္တရာယ်ဖြစ်ပေါ်မှုများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများနှင့် လိုအပ်သော သက်သေ များကိုစစ်ဆေး၍ မည်သူ့တွင် တာဝန်ရှိကြောင်းကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန သို့ သဘောထားမှတ်ချက် ပေးပို့ခြင်း။

၉၃။     လျှပ်စစ်ဆိုင်ရာလုပ်ငန်းခွင့်ပြုမိန့်ရရှိသူသည် မိမိ၏လုပ်ငန်းလည်ပတ်ခြင်းမပြုမီ လျှပ်စစ် အန္တရာယ် ကင်းရှင်းကြောင်းနှင့် လျှပ်စစ်ပစ္စည်းအရည်အသွေးတို့အတွက် စစ်ဆေးခြင်းခံရမည့် အပြင် လုပ်ငန်းဆောင်ရွက်လည်ပတ်နေသည့် ကာလအတွင်း နှစ်စဉ်စစ်ဆေးခြင်း ခံရမည်။

၉၄။     စစ်ဆေးရေးမှူးချုပ်သည် အထက်နည်းဥပဒေ ၉၃ အရ စစ်ဆေးရာတွင် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုမရှိကြောင်း စစ်ဆေးတွေ့ရှိပါက လုပ်ငန်း များရပ်ဆိုင်းနိုင်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ခွင့်ပြုမိန့်ရရှိသူတို့ထံသို့ အကြောင်းကြား ရမည်။

၉၅။ ခွင့်ပြုမိန့်ရရှိသူသည် လျှပ်စစ်အန္တရာယ်ဖြစ်ပွားခြင်းနှင့်စပ်လျဉ်း၍ စစ်ဆေးရေးမှူးချုပ်၏ သဘောထားမှတ်ချက်အပေါ်တွင် မည်သို့အရေးယူဆောင်ရွက်ထားကြောင်း စစ်ဆေးရေးမှူးချုပ် ထံသို့ အမြန်ဆုံး အကြောင်းပြန်ကြားရမည်။

၉၆။     စစ်ဆေးရေးမှူးချုပ်သည် လျှပ်စစ်ဥပဒေပုဒ်မ ၃၄ နှင့်အညီ စက်မှုဝန်ကြီးဌာနက ဆောင်ရွက်ရမည့် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းများ တည်ထောင်ဖွင့်လှစ်နိုင်ရေးကိစ္စကို တာဝန်ယူ ဆောင်ရွက်ရမည်။

၉၇။     စစ်ဆေးရေးမှူးချုပ်သည် လျှပ်စစ်ဆိုင်ရာလုပ်ငန်းစစ်ဆေးခြင်းနှင့် လျှပ်စစ်ပစ္စည်း ကိရိယာများ စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လိုအပ်သော လုပ်ထုံးလုပ်နည်းများကို ရေးဆွဲ၍ စက်မှုဝန်ကြီးဌာနသို့ တင်ပြရမည်။

အခန်း (၉)

စည်းကမ်းထိန်းသိမ်းရေး၊ ပြစ်ဒဏ်များနှင့် အရေးယူမှုများ

စုံစမ်းစစ်ဆေးမှုများ

၉၈။     လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ဥပဒေ၊ အမိန့်၊ နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် ခွင့်ပြုမိန့်ပါ စည်းကမ်းချက်တို့ကို ခွင့်ပြုမိန့်ရရှိသူတစ်ဦးဦးက ဖောက်ဖျက်ကြောင်း မိမိထံ စာဖြင့်တိုင်ကြားလာခြင်းကြောင့်ဖြစ်စေ၊ မိမိ ကိုယ်တိုင်သံသယရှိခြင်းကြောင့်ဖြစ်စေ လိုအပ်သော စုံစမ်းစစ်ဆေးမှုများပြုလုပ်နိုင်ရန် သင့်လျော်သော လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများကို တာဝန်ပေးနိုင်သည်။

စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများ

၉၉။     (က)     ခွင့်ပြုမိန့်ရရှိသူတစ်ဦးဦးအား စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အရေးယူခြင်း ပြုရန် အကြောင်းပေါ်ပေါက်လာပါက အရေးယူခြင်းမပြုမီ ယင်းအရေးယူမှုသည် မည်သည့်အတွက်ကြောင့် လျော်ကန်မှုမရှိကြောင်းကို သတ်မှတ်ကာလ အတွင်း ဖြေရှင်းချက်ပေးရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ခွင့်ပြုမိန့်ရရှိသူထံ စာဖြင့် အကြောင်းကြားရမည်။

(ခ)       လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက် ဖြင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍ စည်းမျဉ်းများ ထုတ်ပြန်ရမည်။ ယင်း စည်းမျဉ်းများတွင် အောက်ပါအချက်များ ပါဝင်ရမည်-

(၁) စည်းကမ်းဖောက်ဖျက်ခြင်းအတွက် ဖြေရှင်းချက်ပေးရန် အခွင့်အရေး ပေးခြင်း။

(၂)  ဖြေရှင်းချက်သည် ခိုင်လုံပြည့်စုံမှုမရှိပါက စည်းကမ်းဖောက်ဖျက်ခြင်းကို ပြန်လည်ကုစားရန်အတွက် သင့်တော်သည့် အချိန်အတိုင်းအတာ တစ်ရပ်ပေး ခြင်း။

(၃) သင့်တော်သည့် အချိန်အတိုင်းအတာအတွင်း ပြန်လည်ကုစားနိုင်ခြင်းမရှိပါက  အရေးယူရမည့် လုပ်ထုံးလုပ်နည်းများနှင့် ချမှတ်နိုင်သည့် ဒဏ်ကြေးငွ ေပမာဏ။

အရေးယူမှုများ

၁၀၀။  လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် သတ်မှတ်စည်းကမ်းချက်တို့ကို ဖောက်ဖျက်ကြောင်း တွေ့ရှိရသည့် သက်ဆိုင်ရာ ခွင့်ပြုမိန့်ရရှိသူကို အောက်ပါအရေးယူမှု တစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ အရေးယူ ဆောင်ရွက်နိုင်သည်-

(က)     စည်းကမ်းဖောက်ဖျက်မှု ထပ်မံကျူးလွန်ခြင်း မပြုနိုင်ရန်အတွက် ဘဏ္ဍာရေး အာမခံထားရှိရန် သတ်မှတခြင်း။

(ခ)      ဘဏ္ဍာရေးဆိုင်ရာ ပြစ်ဒဏ်များချမှတ်ခြင်း။

(ဂ)      ခွင့်ပြုမိန့်ကို ရပ်ဆိုင်းခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း။

(ဃ)    တရားမကြောင်းအရဖြစ်စေ ၊ ပြစ်မှုကြောင်းအရဖြစ်စေ တရားစွဲဆိုခြင်း သို့မဟုတ် တရားစွဲဆိုရန် လွှဲပြောင်းပေးခြင်း။

အခန်း (၁၀)

အထွေထွေ

လုံခြုံမှုအဆင့်အတန်းထားရှိမှု

၁၀၁။   စာရွက်စာတမ်းတွင်ပါရှိသော သတင်းအချက်အလက်အချို့ သို့မဟုတ် အားလုံးကို မဖြစ်မနေ ထုတ်ဖော်ပြသရန် သို့မဟုတ် ပြောဆိုရန် အခြေအနေတစ်ရပ် ဖြစ်ပေါ်သည့်အခါ ထိုကိစ္စရပ်များနှင့် ပတ်သက်သည့် ပုဂ္ဂိုလ်သည် အဆိုပါ စာရွက်စာတမ်းတွင် ပါရှိသော သတင်းအချက်အလက်များမှာ လုံခြုံမှုအဆင့်အတန်း သတ်မှတ်ချက်အရ ထိုသို့ထုတ်ဖော် ပြောဆိုခြင်းမှ ကင်းလွတ်ခွင့်ပြုရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့ တင်ပြလျှောက်ထားနိုင် သည်။ ထိုသို့လျှောက်ထားရာတွင် လျှို့ဝှက်ထားရှိမှုအဖြစ် သတ်မှတ်ရန် မိမိလျှောက်ထားမှု အကျိုးအကြောင်း ခိုင်လုံကြောင်း လုံလောက်သည့် အသေးစိတ် အထောက်အထားများကို လျှောက်ထားတင်သွင်းရမည်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် လျှို့ဝှက်ထားရှိမှုအဖြစ် သတ်မှတ်ရန် မည်သည့် တောင်းဆိုမှုမျိုးကိုမဆို ဆုံးဖြတ်သတ်မှတ်ပိုင်ခွင့် ရှိသည်။

သတင်းအချက်အလက်များ

၁၀၂။   လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် လျှပ်စစ်ဥပဒေနှင့် နည်းဥပဒေပါလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်ပါက လျှပ်စစ်ဆိုင်ရာလုပ်ငန်း ခွင့်ပြုမိန့်ရရှိသူ ထံမှ မည်သည့်သတင်း အချက်အလက်ကိုမဆို တောင်းဆိုနိုင်သည်။ ယင်းသို့ တောင်းဆိုခံရသည့် ပုဂ္ဂိုလ်သည်  တောင်းဆိုလာသည့် အချက်အလက်များကို ပံ့ပိုးပေးရမည်ဖြစ်ပြီး ပျက်ကွက်ပါက အခါအားလျော်စွာ သတ်မှတ်သည့် ဒဏ်ငွေ သို့မဟုတ် အခြားပြစ်ဒဏ်များအတွက် တာဝန်ရှိ စေရမည်။

 

(ပုံ) ခင်မောင်စိုး

ပြည်ထောင်စုဝန်ကြီး

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

 

21-Dec-2017