The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ခြင်း (၁/၂၀၁၉)

၂၀၁၉ ခုနှစ်၊  ဇန်နဝါရီလ  ၁၇  ရက်

          သတင်းထုတ်ပြန်ခြင်း (၁/၂၀၁၉) အခမ်းအနားကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ နေပြည်တော်၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား၌ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နှင့် သံဖြူဇရပ်မြို့များနယ်များအတွင်းဖြတ်သန်း၍ ၆၆ကေဗွီ မော်လမြိုင်-သံဖြူဇရပ်ဓာတ်အားလိုင်း ၄၀.၄၈မိုင်၊ ၆၆/၃၃/၁၁ကေဗွီ ၂၀အမ်ဗွီအေ သံဖြူဇရပ်ဓာတ်အားခွဲရုံနှင့် မော်လမြိုင်ဓာတ်အားခွဲရုံ Switch Bay Extension လုပ်ငန်းဆောင်ရွက်ခဲ့မှုနှင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးမှုအခြေအနေ၊ ရခိုင်ပြည်နယ်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောဒေသများရှိ ပြည်သူများ လူမှုဘဝတိုးတက်ရေးအတွက် လိုအပ်သောလျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်မှ ရရှိသုံးစွဲနိုင်ရန် ၆၆ကေဗွီ ဘူးသီးတောင်-မောင်တောဓာတ်အားလိုင်း ၉.၁ မိုင်တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ ဧရာဝတီတိုင်းဒေသကြီး၊ ငရုပ်ကောင်း တောင်မြို့နယ်နှင့် ငရုပ်ကောင်းမြို့နယ်များရှိ ၆၆ကေဗွီ ဓာတ်အားလိုင်း ၁၅.၅၄ မိုင် တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေ​၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်နှင့် ငွေဆောင်မြို့နယ်များရှိ ဒေသနေပြည်သူများ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ် ဓာတ်အားကို ရရှိသုံးစွဲနိုင်ရေးနှင့် ဗို့အားပြည့်ဝစွာသုံးစွဲနိုင်ရေးတို့အတွက် ၆၆ကေဗွီ ပုသိမ်-ငွေဆောင် ဓာတ်အားလိုင်း ၁၄.၉၂ မိုင် တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေ​၊ ဧရာဝတီတိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ်တို့တွင် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံအသစ် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်း မြိုင် ပေနက်ရှာဖွေရေး အစမ်းတွင်းအမှတ်(၁) တူးဖော်မည့်အခြေအနေ၊ ပုဂ္ဂလိကစက်သုံးဆီသိုလှောင်ကန်စခန်းများနှင့် အရောင်းဆိုင်များမှ သိုလှောင်ဖြန့်ဖြူးရောင်းချသည့် စက်သုံးဆီများ သတ်မှတ်အရည်အသွေးနှင့် အခြင်အတွယ်မှန်ကန်ပြည့်ဝမှုရှိ/မရှိ ရှောင်တခင်စစ်ဆေးအရေးယူဆောင်ရွက်မှုများကို ယခုထက်ပို၍ တိုးမြှင့်ပြုလုပ်ဆောင်ရွက်သွားမည့်အခြေအနေနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အား ပြတ်တောက်မှုလျော့နည်းစေရေးနှင့် ဗို့အားပြည့်မီစွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် ဝန်ကြီးဌာန မူဝါဒအရ ဓာတ်အားလိုင်းများ ကြိုတင်ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆောင်ရွက် ပြီးစီးမှုအခြေအနေများနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်နှင့်သတင်း ထုတ်ပြန်ရေး အဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သတင်းမီဒီယာသမားများ တက်ရောက်ခဲ့ပါသည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

ပြောရေးဆိုခွင့်နှင့်သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်(၁/၂၀၁၉)

၂၀၁၉ ခုနှစ်၊  ဇန်နဝါရီလ  ၁၇  ရက်

  • ၆၆ကေဗွီ မော်လမြိုင်-သံဖြူဇရပ် ဓာတ်အားလိုင်း ၄၀.၄၈ မိုင်၊ ၆၆ကေဗွီ သံဖြူဇရပ်ဓာတ်အား ခွဲရုံနှင့် မော်လမြိုင်ဓာတ်အားခွဲရုံ Switch Bay Extension တို့ ဆောင်ရွက်ခဲ့မှုနှင့် ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးမှုအခြေအနေ
  • ၆၆ကေဗွီ ဘူးသီးတောင်-မောင်တော ဓာတ်အားလိုင်း ၉.၁ မိုင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေ
  • ၆၆ကေဗွီ ငရုတ်ကောင်းတောင်-ငရုတ်ကောင်းမြို့ ဓာတ်အားလိုင်း ၁၅.၅၄ မိုင် တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေ​၊
  • ၆၆ကေဗွီ ပုသိမ်-ငွေဆောင် ဓာတ်အားလိုင်း ၁၄.၉၂ မိုင် တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေ​၊
  • ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံအသစ် တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေ၊
  • မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်း မြိုင် ပေနက်ရှာဖွေရေးအစမ်းတွင်း အမှတ်(၁) တူးဖော်မည့်အခြေအနေ၊
  • ပုဂ္ဂလိကစက်သုံးဆီသိုလှောင်ကန်စခန်းများနှင့် အရောင်းဆိုင်များမှ သိုလှောင်ဖြန့်ဖြူးရောင်းချ သည့် စက်သုံးဆီများသတ်မှတ်အရည်အသွေးနှင့် အခြင်အတွယ်မှန်ကန်ပြည့်ဝမှုရှိ/မရှိ ရှောင်တခင်စစ်ဆေးအရေးယူဆောင်ရွက်မှုများကို ယခုထက်ပို၍ တိုးမြှင့်ပြုလုပ်ဆောင်ရွက် သွားမည့်အခြေအနေ၊
  • ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရေးနှင့် ဗို့အားပြည့်မီစွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် ဝန်ကြီးဌာနမူဝါဒအရ ဓာတ်အားလိုင်းများ ကြိုတင် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေ

        

“ထုတ်ပြန်သည့် အချက်အလက်များနှင့်စပ်လျဉ်း၍ မီဒီယာများအနေဖြင့် အသေးစိတ် ထပ်မံသိရှိလိုပါက ဆက်သွယ်မေးမြန်းရန် ”

                                          ဦးဌေးအောင်                                                                            ဦးစိုးမြင့်

                   ဒုတိယအမြဲတမ်းအတွင်းဝန်(စွမ်းအင်ကဏ္ဍ)                          ဒုတိယအမြဲတမ်းအတွင်းဝန်(လျှစ်စစ်ကဏ္ဍ)

                    လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန(ဝန်ကြီးရုံး)                            လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန(ဝန်ကြီးရုံး)

                                     ဖုန်း- ၀၆၇ ၄၁၀၅၉၉                                                             ဖုန်း- ၀၆၇ ၄၁၀၂၀၇

   

၆၆ကေဗွီ မော်လမြိုင်-သံဖြူဇရပ် ဓာတ်အားလိုင်း ၄၀.၄၈ မိုင်၊

၆၆ကေဗွီ သံဖြူဇရပ်ဓာတ်အားခွဲရုံနှင့် မော်လမြိုင်ဓာတ်အားခွဲရုံ Switch Bay Extension တို့ ဆောင်ရွက်ခဲ့မှုနှင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးမှုအခြေအနေ

  • လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတစ်ဝန်းလုံးတွင် လျှပ်စစ်ဓာတ်အား တည်ငြိမ် ပြည့်ဝစွာရရှိရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးအတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတည်ဆောက်ရေးစီမံကိန်းများကို စီမံချက်ရေးဆွဲ၍ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိရာ မွန်ပြည်နယ် မော်လမြိုင်မြို့၊ ကျိုက်မရောမြို့နှင့် သံဖြူဇရပ်မြို့နယ် များအတွင်း ဖြတ်သန်း၍ ၆၆ကေဗွီ မော်လမြိုင်-သံဖြူဇရပ် ဓာတ်အားလိုင်း ၄၀.၄၈ မိုင်၊ ၆၆/၃၃/၁၁ကေဗွီ ၂၀အမ်ဗွီအေ သံဖြူဇရပ်ဓာတ်အားခွဲရုံနှင့် မော်လမြိုင်ဓာတ်အားခွဲရုံတွင် 66kV Switch Bay တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများအား ၂၀၁၆ခုနှစ်မှစ၍ ဆောင်ရွက် ခဲ့ပါသည်။
  • တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် စီမံကိန်းမန်နေဂျာ(၂)၊ သာယာကုန်းမှကြီးကြပ် ၍ ခင်မောင်ညွှန့်ကုမ္ပဏီသို့ Turnkey စနစ်ဖြင့် လုပ်ငန်းအပ်နှံဆောင်ရွက်စေခဲ့ပြီး ဓာတ်အား ခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းများအားလုံးပြီးစီးခဲ့ပြီး လျှပ်စစ်ပိုင်းဆိုင်ရာစမ်းသပ်စစ်ဆေး ခြင်းများလည်း ဆောင်ရွက်ပြီးစီးပြီဖြစ်ပါသည်။
  • ဓာတ်အားလိုင်းတည်ဆောက်ရေးစီမံကိန်းသည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကျိုက်မရောမြို့ နှင့် သံဖြူဇရပ်မြို့များသို့ ဖြတ်သန်းတည်ဆောက်လျက်ရှိရာ ကျိုက်မရောမြို့နယ်၊ ကျိုက်မရောမြို့ အဝင်/အထွက်တွင် လိုင်းအူကြောင်းနှင့်မလွတ်ကင်းသောအပင်ကြီးများ ခုတ်ထွင်ရှင်းလင်း နိုင်ရေး၊ သံဖြူဇရပ်မြို့နယ်အတွင်း စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂၇)စက်မှုကုန်ကြမ်းဌာန(ကျိုက်ထို)ပိုင် သံဖြူဇရပ်ရာဘာခြံအတွင်း ဓာတ်အားလိုင်း ဖြတ်သန်းတည်ဆောက်ခွင့်ရရှိရေးနှင့် သံဖြူဇရပ်မြို့ မြို့သစ်တည်ဆောက်ရေးစီမံကိန်းအတွက် လျာထားမြေနေရာအတွင်း ဓာတ်အားလိုင်းဖြတ်သန်းတည်ဆောက်ခွင့်ရရှိနိုင်ရေးတို့အတွက် သစ်တောဦးစီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက် ခဲ့ရပါသည်။
  • ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသည့် သစ်ပင်များခုတ်ထွင်ရှင်းလင်းခွင့်ရရှိရေးအတွက် မွန် ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်အဖွဲ့တို့နှင့် ညှိနှိုင်းဆောင်ရွက်ထားသော်လည်း ဒေသနေပြည်သူအချို့၏ ကန့်ကွက်တင်ပြနေမှုများကြောင့် ဒေသနေပြည်သူများအား နားလည် သဘောပေါက်အောင် ရှင်းလင်းပြီးမှ တည်ဆောက်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက် ခဲ့ရသည့်အပြင် မုတ်သုံမုန်တိုင်းဝင်ရောက်မှုကြောင့် မိုးများခြင်း၊ ရေကြီးခြင်းတို့ ဖြစ်ပေါ်ခဲ့ သဖြင့် လုပ်ငန်းများနှောင့်နှေးခဲ့ရပါသည်။
  • တည်ဆောက်ရေးအဖွဲ့များသည် ဒေသအခက်အခဲများ၊ ရာသီဥတုခက်ခဲကြမ်းတမ်းခြင်းများ တွေ့ကြုံခဲ့သော်လည်း ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ဓာတ်အားလိုင်းတည်ဆောက်ခြင်း နှင့်ဓာတ်အားခွဲရုံတည်ဆောက်ရေးလုပ်ငန်းများပြီးစီး၍ ၇-၁၂-၂၀၁၈ရက်နေ့ (၁၁:၁၅)နာရီ တွင် Line Only Charge ပြုလုပ်ခဲ့ပါသည်။ မော်လမြိုင်ဓာတ်အားခွဲရုံ၏ Sending Voltage  မှ 65.32 kV ရှိပြီး သံဖြူဇရပ်ဓာတ်အားခွဲရုံ၏ Receiving Voltage မှာ 65.2 kV ရှိ ပါသည်။
  • သံဖြူဇရပ်ဓာတ်အားခွဲရုံ၏ 66/33kV, 20MVA Transformer (SIEMENS) အား (၁၅:၂၇)နာရီတွင် စတင်ဓာတ်အားပို့လွှတ်ခြင်းပြုလုပ်ခဲ့ရာ Transformer Voltage မှာ Primary Side တွင် 64.7kV နှင့် Secondary Side တွင် 32.5kV ရှိပြီး Normal Tap N0.4 ၌ထားရှိပါသည်။
  • သံဖြူဇရပ်ဓာတ်အားခွဲရုံ Main Transformer ကို Float Charge (၄၈)နာရီပြုလုပ်ခဲ့ပြီး ၉-၁၂-၂၀၁၈ရက်နေ့ (၁၇:၀၀)နာရီတွင် သံဖြူဇရပ်မြို့နယ်နှင့် ကျိုက္ခမီမြို့နယ်အနီးတဝိုက် ဒေသများသို့ ၃၃ကေဗွီ ဖီဒါများဖြင့် ဓာတ်အားဖြန့်ဖြူးခဲ့ရာ ဝန်အား 8.5MW ခန့် သုံးစွဲလျက် ရှိပါသည်။
  • အဆိုပါစီမံကိန်းအား နိုင်ငံတော်ဘဏ္ဍာငွေမှ ကျပ်သန်းပေါင်း ၉,၇၈၈.၅၁၇ အကုန်ကျခံ ဆောင်ရွက်ခဲ့ပြီး ယခုအခါ နိုင်ငံတော်ဓာတ်အားစနစ်မှ ၂၄နာရီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးနေပြီဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

၆၆ကေဗွီ ဘူးသီးတောင်-မောင်တော ဓာတ်အားလိုင်း ၉.၁ မိုင် တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေ

  • ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောဒေသများရှိ ပြည်သူများ လူမှုဘဝ တိုးတက်ရေးမှာ  လိုအပ်သော လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်မှ ရရှိ သုံးစွဲ နိုင်ရေး ၆၆ကေဗွီ ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်-မောင်တော ဓာတ်အားလိုင်း ၆၄.၃၁ မိုင်နှင့် ၆၆ကေဗွီ ဓာတ်အားခွဲရုံများတည်ဆောက်ရေးစီမံကိန်းအား အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ပထမအဆင့်အနေဖြင့် ၆၆ကေဗွီ ပုဏ္ဏားကျွန်း-ရသေ့တောင် ဓာတ်အားလိုင်း ၂၂.၂၁ မိုင်၊ ပုဏ္ဏားကျွန်း ဓာတ်အားခွဲရုံတိုးချဲ့တည်ဆောက်ခြင်းနှင့် ၆၆/၁၁ကေဗွီ ရသေ့တောင်ဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းများပြီးစီး၍ ၁၅-၃-၂၀၁၈ရက်နေ့မှစ၍ ရသေ့တောင်ဓာတ်အားခွဲရုံမှ ရသေ့တောင်မြို့ပေါ် အိမ်ထောင်စုပေါင်း ၁၅၃၀ စုသို့လည်းကောင်း  ရသေ့တောင်-ဘူးသီးတောင် ဓာတ်အားလိုင်း ၃၃ မိုင်နှင့်  ၆၆/၁၁ကေဗွီ ၅အမ်ဗွီအေ ဘူးသီးတောင် ဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းများပြီးစီး၍ ၃၀-၁၀-၂၀၁၈ရက်နေ့တွင် ဘူးသီးတောင် မြို့ပေါ်ရှိ  အိမ်ထောင်စု ၃၃၇၄ စုသို့လည်းကောင်း နိုင်ငံတော်ဓာတ်အားစနစ်မှ (၂၄)နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။
  • ဒေသအခက်အခဲများ၊ ရာသီဥတုခက်ခဲကြမ်းတမ်းခြင်းများတွေ့ကြုံခဲ့သော်လည်း တည်ဆောက် ရေးအဖွဲ့များ၏ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၆၆ကေဗွီ ဘူးသီးတောင်-မောင်တောဓာတ်အားလိုင်း ၉.၁ မိုင်နှင့် ၆၆/၁၁ကေဗွီ ၅အမ်ဗွီအေ မောင်တောဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီး၍ ၂၃-၁၂-၂၀၁၈ရက်နေ့တွင် မောင်တောမြို့ပေါ်သို့ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိ ပါကြောင်းနှင့်  ကျီးကန်ပြင်ကျေးရွာနှင့် ဥဒေါင်းကျေးရွာများသို့  ဓာတ်အားစတင်ဖြန့်ဖြူး ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါသဖြင့် ပုဏ္ဏားကျွန်းမြို့မှ  မောင်တောမြို့အထိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။
  • အဆိုပါ ၆၆ကေဗွီ ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်-မောင်တောဓာတ်အားလိုင်း ၆၄.၃၁ မိုင်နှင့် ၆၆ကေဗွီ ဓာတ်အားခွဲရုံများတည်ဆောက်ရေးစီမံကိန်းကို စီမံကိန်းလက်ကျန် ပစ္စည်းများဖြင့် ဆောင်ရွက်ခဲ့ပြီး ကုန်ကျစရိတ် ကျပ် ၂၀ ဘီလီယံခန့် အကုန်အကျခံ တည်ဆောက်ခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။      

 

၆၆ကေဗွီ ငရုတ်ကောင်းတောင်-ငရုတ်ကောင်းမြို့ ဓာတ်အားလိုင်း ၁၅.၅၄မိုင် တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေ

  • ဧရာဝတီတိုင်းဒေသကြီး ငရုတ်ကောင်းတောင်မြို့နယ်နှင့် ငရုတ်ကောင်းမြို့ မြို့နယ်များရှိ ဒေသနေပြည်သူများ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားကို ရရှိသုံးစွဲနိုင်ရေး၊ ဗို့အားပြည့်ဝစွာသုံးစွဲနိုင်ရေးတို့အတွက် ၆၆ကေဗွီ ငရုတ်ကောင်းတောင်-ငရုတ်ကောင်းမြို့ ဓာတ်အားလိုင်း ၁၅.၅၄မိုင်နှင့် ၆၆/၃၃/၁၁ကေဗွီ ၁၀အမ်ဗွီအေ ငရုတ်ကောင်းမြို့ဓာတ်အား ခွဲရုံတည်ဆောက်ရေး စီမံကိန်းအား ၁-၁၁-၂၀၁၇ရက်နေ့မှစ၍  အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ပါသည်။
  • တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြစ်ဝကျွန်းပေါ်ဒေသဖြစ်၍ မိုးရာသီတွင် ဓာတ်အားလိုင်းသုံးပစ္စည်းများသယ်ပို့ရန် ခက်ခဲခြင်း၊ ဖောင်ဒေးရှင်းနှင့် တိုင်ဆင်လုပ်ငန်း များဆောင်ရွက်ရာတွင် လုပ်ငန်းပြီးစီးမှုနှောင့်နှေးခြင်းများကြောင့် လုပ်ငန်းကြန့်ကြာမှုဖြစ်ပေါ် ခဲ့ပါသည်။
  • သို့သော်  ပွင်းလင်းရာသီအချိန်များတွင် တည်ဆောက်ရေးအဖွဲ့များ၏ ကြိုးပမ်းဆောင်ရွက် ခဲ့ရာ ၆၆ကေဗွီ ငရုတ်ကောင်းတောင်-ငရုတ်ကောင်းမြို့ ဓာတ်အားလိုင်း ၁၅.၅၄ မိုင်နှင့်   ၆၆/၃၃/၁၁ကေဗွီ ၁၀အမ်ဗွီအေ ငရုတ်ကောင်းမြို့ဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်း များအားပြီးစီးခဲ့ပြီဖြစ်ပါသဖြင့် ၂၃-၁၂-၂၀၁၈ရက်နေ့တွင် ဓာတ်အားစမ်းသပ်ပို့လွှတ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
  • သို့ဖြစ်ပါ၍ ငရုတ်ကောင်းမြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများသို့ ဓာတ်အားဖြန့်ဖြူးပေးနိုင် ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
  • အဆိုပါ ၆၆ကေဗွီ ငရုတ်ကောင်းတောင်-ငရုတ်ကောင်းမြို့ဓာတ်အားလိုင်း ၁၅.၅၄ မိုင်နှင့် ၆၆/၃၃/၁၁ကေဗွီ ၁၀အမ်ဗွီအေ ငရုတ်ကောင်းမြို့ဓာတ်အားခွဲရုံတည်ဆောက်ရေးစီမံကိန်းကို ပစ္စည်းဘိုးနှင့် တည်ဆောက်ရေးအသုံးစရိတ် မြန်မာကျပ်ငွေ ကျပ်သန်းပေါင်း ၆၆၂၂ ခန့်ဖြင့် တည်ဆောက်ခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

၆၆ကေဗွီ ပုသိမ်-ငွေဆောင် ဓာတ်အားလိုင်း ၁၄.၉၂ မိုင် တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေ

  • ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်နှင့် ငွေဆောင်မြို့နယ်များရှိ ဒေသနေပြည်သူများ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားကို ရရှိသုံးစွဲနိုင်ရေး၊ ဗို့အားပြည့်ဝစွာ သုံးစွဲ နိုင်ရေးတို့အတွက် ၆၆ကေဗွီ ပုသိမ်-ငွေဆောင် ဓာတ်အားလိုင်း ၁၄.၉၂ မိုင်နှင့် ၆၆/၁၁ကေဗွီ ၅အမ်ဗွီအေ ငွေဆောင်ဓာတ်အားခွဲရုံတည်ဆောက်ရေးစီမံကိန်းအား ၉-၂-၂၀၁၆ရက်နေ့မှ စ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။
  • တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြစ်ဝကျွန်းပေါ်ဒေသဖြစ်၍ မိုးရာသီတွင် ဓာတ်အားလိုင်းသုံးပစ္စည်းများသယ်ပို့ရန် ခက်ခဲခြင်း၊ ဖောင်ဒေးရှင်းနှင့် တိုင်ဆင်လုပ်ငန်း များ ဆောင်ရွက်ရာတွင် လုပ်ငန်းပြီးစီးမှုနှောင့်နှေးခြင်းများကြောင့် လုပ်ငန်းကြန့်ကြာမှုဖြစ်ပေါ် ခဲ့ပါသည်။
  • သို့သော်  ပွင်းလင်းရာသီအချိန်များတွင် တည်ဆောက်ရေးအဖွဲ့များ၏ ကြိုးပမ်းဆောင်ရွက် ခဲ့ရာ ၆၆ကေဗွီ ပုသိမ်-ငွေဆောင်ဓာတ်အားလိုင်း ၁၄.၉၂ မိုင်နှင့် ၆၆/၁၁ကေဗွီ ၅အမ်ဗွီအေ ငွေဆောင်ဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းများအား ၂၁-၁၂-၂၀၁၈ရက်နေ့တွင်  ပြီးစီး ခဲ့ပြီ ဖြစ်ပါသည်။
  • သို့ဖြစ်ပါ၍ ငွေဆောင်မြို့နှင့် အနီးပတ်ဝန်းကျင်ဒေသ များသို့ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
  • အဆိုပါ ၆၆ကေဗွီ ပုသိမ်-ငွေဆောင်ဓာတ်အားလိုင်း ၁၄.၉၂ မိုင်နှင့် ၆၆/၁၁ကေဗွီ ၅အမ်ဗွီအေ ငွေဆောင်ဓာတ်အားခွဲရုံ တည်ဆောက်ရေးစီမံကိန်းကို ပစ္စည်းဘိုးနှင့် တည်ဆောက်ရေးအသုံး စရိတ် မြန်မာကျပ်ငွေ ကျပ်သန်းပေါင်း ၅၄၉၈.၆၈ ဖြင့် တည်ဆောက်ခဲ့ကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။

 

ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံအသစ် တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေ

  • လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် အများပြည်သူများသို့ လျှပ်စစ်ဓာတ်အားပြည့်ဝစွာရရှိရေးနှင့် တိုးတက်သုံးစွဲ လာသော ဓာတ်အားလိုအပ်ချက်များ ပြည့်ဝစွာရရှိရေး ဖြည့်ဆည်းဖြန့်ဖြူးပေးနိုင်ရန်နှင့် ဓာတ်အားစနစ်အတွင်းရှိ လျှပ်စစ်ဓာတ်အားမရရှိသေးသော ကျေးလက်နေပြည်သူများအား ဓာတ်အားရရှိရေးတို့အတွက် အထူးအလေးထား၍ ဆောင်ရွက်လျက်ရှိသည့်အနက် ဓာတ်အား လိုင်းနှင့် ဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများကို ဒေသအသီးသီးတွင် ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ၆၆ကေဗွီ ဘူးသီးတောင်-မောင်တော ဓာတ်အားလိုင်း ၉.၁မိုင်နှင့် မောင်တော ၆၆/၁၁ကေဗွီ၊ ၅အမ်ဗွီအေ ဓာတ်အားခွဲရုံအသစ် တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီး၍ မောင်တောမြို့ပေါ် ၅ ရပ်ကွက်နှင့် ပတ်ဝန်းကျင် ၁၅ရွာအား ဓာတ်အားစနစ်မှ (၂၄)နာရီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပါသည်။
  • ထို့အတူ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင် ၆၆/၁၁ကေဗွီ ၅အမ်ဗွီအေဓာတ်အား ခွဲရုံနှင့် ငရုပ်ကောင်း ၆၆/၃၃/၁၁ကေဗွီ ၁၀အမ်ဗွီအေဓာတ်အားခွဲရုံ အသစ်တည်ဆောက်ခြင်း လုပ်ငန်းများတည်ဆောက်ပြီးစီး၍ ငရုတ်ကောင်းမြို့နှင့်ငွေဆောင်မြို့တို့တွင် ဓာတ်အားစနစ်မှ (၂၄)နာရီလျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပါသည်။
  • ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့အား ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ၆၆ကေဗွီ ဘူးသီးတောင်-မောင်တောဓာတ်အားလိုင်း ၉.၁မိုင် တည်ဆောက်ခြင်း လုပ်ငန်းများပြီးစီး၍ ဓာတ်အားလိုင်းအား စမ်းသပ်စစ်ဆေးခြင်းများပြုလုပ်ကာ ၂၀-၁၂-၂၀၁၉ ရက်နေ့ (၁၅:၁၂)နာရီတွင် ၆၆/၁၁ကေဗွီ၊ ဘူးသီးတောင် ၅အမ်ဗွီအေဓာတ်အားခွဲရုံမှ ဓာတ်အား ပို့လွှတ်စမ်းသပ်ရာ ကောင်းမွန်စွာဓာတ်အားလက်ခံခဲ့ပါသည်။
  • ဆက်လက်၍ မောင်တော ၆၆/၁၁ကေဗွီ၊ ၅အမ်ဗွီအေ ဓာတ်အားခွဲရုံအား လျှပ်စစ်စမ်းသပ် စစ်ဆေးရေးအဖွဲ့မှ စမ်းသပ်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ကာ ၂၁-၁၂-၂၀၁၈ရက်နေ့ (၁၅:၁၃)နာရီတွင် ၅အမ်ဗွီအေ ထရန်စဖော်မာအား စတင်စမ်းသပ်ဓာတ်အားလွှတ်၍ ၂၂-၁၂-၂၀၁၈ ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် မောင်တောမြို့ပေါ်(၅)ရက်ကွက်ရှိ ၁၁ကေဗွီဓာတ်အားလိုင်း ၉.၇ မိုင်၊ ၁၁/၀.၄ကေဗွီ ထရန်စဖော်မာ ၁၆ လုံးနှင့် ၄၀၀ဗို့ဓာတ်အားလိုင်း ၁၅.၃ မိုင်၊ စုစုပေါင်းအိမ်ထောင်စု ၂၁၈၂ စုအားလည်းကောင်း၊ ၂၃-၁၂-၂၀၁၈ရက်နေ့ (၁၇:၀၀)နာရီ အချိန်တွင် ကျန်ပတ်ဝန်းကျင်ကျေးရွာပေါင်း ၁၅ ရွာရှိ ၁၁ကေဗွီ ဓာတ်အားလိုင်း ၂၈.၉၂ မိုင်၊ ၁၁/၀.၄ကေဗွီ ထရန်စဖော်မာ ၂၀ လုံးနှင့် ၄၀၀ဗို့ဓာတ်အားလိုင်း ၅.၈၄ မိုင်၊ စုစုပေါင်းအိမ်ထောင်စု (၅၁၉)စုအားလည်းကောင်း ဓာတ်အားစနစ်မှ (၂၄)နာရီဓာတ်အားပြည့်ဝစွာ ပို့လွှတ်ဖြန့်ဖြူး ပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။
  • ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းတောင်မြို့နယ်နှင့် ငရုတ်ကောင်းမြို့နယ် များရှိ ယခင်ဒီဇယ်ဓာတ်အားပေးစက်ဖြင့် ဓာတ်အားသုံးစွဲလျက်ရှိသော ဒေသနေပြည်သူများ အား နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိရေးသုံးစွဲနိုင်ရေးတို့အတွက် ၆၆ကေဗွီ ငရုတ်ကောင်း တောင်-ငရုတ်ကောင်းမြို့ဓာတ်အားလိုင်း ၁၅.၅၄မိုင်နှင့် ငရုတ်ကောင်း ၆၆/၃၃/၁၁ ကေဗွီ ၁၀အမ်ဗွီအေ ဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းများပြီးစီး၍ ၂၇-၁၂-၂၀၁၈ ရက်နေ့ (၁၈:၂၅)နာရီတွင် ငရုပ်ကောင်းမြို့ပေါ်တွင် ရပ်ကွက်ပေါင်း ၂ ရပ်ကွက်ရှိ ၁၁ကေဗွီ ဓာတ်အားလိုင်း ၀.၂၃မိုင်၊ ၁၁/၀.၄ကေဗွီ ၁၆၀ကေဗွီအေ ထရန်စဖော်မာ ၂လုံးနှင့် ၄၀၀ဗို့ ဓာတ်အားလိုင်း ၂.၂၃ မိုင်၊ စုစုပေါင်း အိမ်ထောင်စု ၃၄၉ စုအား နိုင်ငံတော်ဓာတ်အားစနစ်မှ (၂၄)နာရီဓာတ်အားပြည့်ဝစွာ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။
  • ထို့အတူ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်နှင့် ငွေဆောင်မြို့နယ်ရှိ ယခင် ဒီဇယ်ဓာတ်အားပေးစက်ဖြင့် ဓာတ်အားသုံးစွဲလျက်ရှိသော ဒေသခံပြည်သူများ နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိရေးသုံးစွဲနိုင်ရေးတို့အတွက် ၆၆ကေဗွီ ပုသိမ်-ငွေဆောင် ဓာတ်အားလိုင်း ၁၄.၉၂မိုင်နှင့် ငွေဆောင် ၆၆/၁၁ကေဗွီ ၅အမ်ဗွီအေ ဓာတ်အားခွဲရုံတည်ဆောက် ခြင်းလုပ်ငန်းများပြီးစီး၍ ၂၈-၁၂-၂၀၁၈ရက်နေ့ (၁၇:၀၅)နာရီတွင် ငွေဆောင်မြို့ပေါ်တွင် ရပ်ကွက်ပေါင်း ၄ ရပ်ကွက်ရှိ ၁၁ကေဗွီ ဓာတ်အားလိုင်း ၁၃ မိုင်၊ ၁၁/၀.၄ကေဗွီ ၁၀၀ကေဗွီအေ ထရန်စဖော်မာ ၁၁ လုံးနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၁၆.၅ မိုင်၊ စုစုပေါင်းအိမ်ထောင်စု ၅၀၁ စု တို့မှာလည်း အိမ်သုံးမီတာများတပ်ဆင်ပြီးစီး၍ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားရယူ သုံးစွဲလျက်ရှိပါသည်။
  • ထို့အပြင် ငရုတ်ကောင်းမြို့နှင့် ငွေဆောင်မြို့ပေါ်ရပ်ကွက်များရှိ မီတာလျောက်ထားဆဲ ပြည်သူများကိုလည်း အချိန်နှင့်တပြေးညီမီတာများတပ်ဆင်နိုင်ရေးအတွက် ဆောက်ရွက်လျက် ရှိပြီးဖြစ်ပါကြောင်းနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း ပြည်သူများလျှပ်စစ်ဓာတ်အား ပြည့်ဝတည်ငြိမ်စွာရရှိသုံးစွဲနိုင်ရေးအတွက် အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်း မြိုင် ပေနက်ရှာဖွေရေးအစမ်းတွင်း အမှတ်(၁)တူးဖော်မည့်အခြေအနေ

  • မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းအနေဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတွေ့ရှိနိုင် ရေးအတွက် ရေနံအစမ်းတွင်းများ တူးဖော်ထားခြင်း မရှိသေးသော ဒေသတစ်ခုဖြစ်သည့် မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်း မြိုင်ပေနက်ရေနံအစမ်းတွင်း အမှတ်(၁)အား ၂၀၁၉ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် စတင်တူးဖော်မည်ဖြစ်ပါသည်။ မြိုင်ဒေသအတွင်း ပေနက်အစမ်းတွင်း တူးဖော်နိုင်ရေးတွင် Risk များ လျော့ချနိုင်ရေးအတွက် ဘူမိရူပဗေဒ Seismic တိုင်းတာခြင်းလုပ်ငန်း၊ မြေပေါ် ဘူမိဗေဒကွင်းဆင်းခြင်းလုပ်ငန်းများကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်းဆောင်ရွက်ခဲ့ပြီး Secsmic မှ Prospect Map များ ထုတ်လုပ်နိုင်ခြင်း၊ မြေပေါ်ဘူမိဗေဒအဖွဲ့မှ ပြတ်ရွှေ့တည်ရှိမှုအား အတည်ပြုပေးနိုင်ခြင်းတို့အား ဆောင်ရွက် ပေးနိုင်ခဲ့ပါသည်။
  • မြိုင်ပေနက်ရေနံအစမ်းတွင်းအမှတ်(၁)သည် ချင်းတွင်းအနည်ကျချိုင့်ဝှမ်း၏ မြိုင်လွှာတွန့်ခုံး (Myaing Anticline)၏ တောင်ဘက်ပိုင်းတွင် တည်ရှိပါသည်။ မြိုင်ဘူမိအနေအထားသည် ပြတ်ရွှေ့ပါဝင်သော လွှာတွန့်ခုံးတစ်ခုဖြစ်ပြီး လွှာတွန့်ခုံး၏အလယ်တွင် ပုံတောင်ကျောက်စဉ်စု ပေါ်ထွက်နေပြီး သဘာဝဓာတ်ငွေ့တည်ရှိနိုင်သော တဗျင်း(Tabyin) ကျောက်စဉ်စုသည် အနက်ပေ ၃၀၀၀-၆၅၀၀ခန့်တွင် တွေ့ရှိစမ်းသပ်နိုင်မည်ဖြစ်ပါသည်။
  • အစမ်းတွင်းအား တွင်းတူးစက် ZJ 70L SR-1(တူးဖော်နိုင်သည့်အနက်ပေ-၁၅၀၀၀)ဖြင့် အနက်ပေ ၈၅၀၀ အထိ ခန့်မှန်းတူးဖော်ရက် ၁၄၀ ရက်နှင့် တူးဖော်မည်ဖြစ်ပြီး Supra Thrust Lower Pondaung၊ Tabyin ​ကျောက်စဉ်စုနှင့် Sub-Thrust Tabyin ​ကျောက်စဉ်စု၏ ရေနံနှင့်သဘာဝဓာတ်ငွေ့အလားအလာကို တူးဖော်စမ်းသပ်သွားမည်ဖြစ်ပါသည်။
  • အဆိုပါ မြိုင်အစမ်းတွင်းအမှတ်(၁)ကို အောင်မြင်စွာတူးဖော်စမ်းသပ်ပြီးပါက တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗ​ပေ ၃ သန်းခန့် ထုတ်လုပ်နိုင်မည်ဟုခန့်မှန်းထားပါသည်။ ၎င်းတွင်းမှ ပေ ၂၀၀၀ စီခန့်ခြား၍ Appraisal Well နှင့် Development Well များ ၁၁ တွင်းခန့် ဆက်လက်တူးဖော်ရမည်ဖြစ်ပါသည်။ ရရှိထားသော ဘူမိရူပဗေဒကွန်တိုများအရ ရေနံ/ ဓာတ်ငွေ့ ထွက်ရှိပါက Recoverable Reserves 82 BCF ထုတ်ယူနိုင်မည်ဟု ခန့်မှန်းတွက်ချက်ရရှိ ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

ပုဂ္ဂလိကစက်သုံးဆီသိုလှောင်ကန်စခန်းများနှင့် အရောင်းဆိုင်များမှ သိုလှောင်ဖြန့်ဖြူး ရောင်းချသည့် စက်သုံးဆီများသတ်မှတ်အရည်အသွေးနှင့် အခြင်အတွယ်မှန်ကန်ပြည့်ဝမှုရှိ/မရှိ ရှောင်တခင်စစ်ဆေးအရေးယူဆောင်ရွက်မှုများကို ယခုထက်ပို၍ တိုးမြှင့်ပြုလုပ်ဆောင်ရွက်သွားမည့်အခြေအနေ

  • ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များအနေဖြင့် ဖြန့်ဖြူးရောင်းချသည့်စက်သုံးဆီများအား သတ်မှတ်အရည်အသွေးနှင့် အခြင်အတွယ်မှန်ကန်ပြည့်ဝစွာဖြင့် ဖြန့်ဖြူးရောင်းချသွားနိုင်ရေး အထူးအလေးထား ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်းနှင့် သတ်မှတ်အရည်အသွေးနှင့် အခြင်အတွယ်မှန်ကန်ပြည့်ဝမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါက ရေနံနှင့်ရေနံထွက်ပစ္စည်း ဆိုင်ရာဥပဒေအရ အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း သတိပေးကြေညာထားပြီး ဖြစ်ပါသည်။
  • စက်သုံးဆီဝယ်ယူသုံးစွဲသူပြည်သူလုထုအနေဖြင့် ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များမှ ဖြန့်ဖြူးရောင်းချသည့်စက်သုံးဆီများ၏ အခြင်အတွယ်ပြည့်ဝမှန်ကန်မှုမရှိကြောင်း သံသယ ရှိပါက အဆိုပါအရောင်းဆိုင်များတွင်ထားရှိရသည့် သတ်မှတ်စံခြင်ခွက်များဖြင့် ခြင်တွယ် စစ်ဆေးနိုင်ကြောင်းနှင့် စစ်ဆေးပြီးတိုင်ကြားသဖြင့် အခြင်အတွယ်မှန်ကန်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါက ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ သွားမည်ဖြစ်ကြောင်း ၂၀၁၈ခုနှစ် နှစ်လယ်ပိုင်းခန့်က အသိပေးကြေညာဆောင်ရွက်ခဲ့သော် လည်း ယခုချိန်ထိ စစ်ဆေးတိုင်ကြားအရေးယူဆောင်ရွက်ရမည့်ဖြစ်စဉ်မရှိသေးပါ။
  • လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် Mobile Fuel Lab မော်တော်ယာဉ်(၆)စီး အသုံးပြု ၍ ရှောင်တခင်စစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ရာတွင် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး ကဲ့သို့ မြို့ကြီးများနှင့်အနီးတဝိုက်ကိုသာ ဆောင်ရွက်နိုင်ခဲ့ပါသည်။ နိုင်ငံတစ်ဝှမ်းရှိ  ပုဂ္ဂလိက စက်သုံးဆီသိုလှောင်ကန်စခန်းများနှင့် စက်သုံးဆီအရောင်းဆိုင်များမှ သိုလှောင်ဖြန့်ဖြူး ရောင်းချသည့် စက်သုံးဆီများ၏ အရည်အသွေးနှင့်အခြင်အတွယ် မှန်ကန်ပြည့်ဝမှုရှိစေရေး အတွက် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဖွဲ့စည်းထားပြီးဖြစ်သည့် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီများက Mobile Fuel Lab မော်တော်ယာဉ်မပါဘဲ ရှောင်တခင်ဝင်ရောက်စစ်ဆေး၍ စက်သုံးဆီနမူနာများကို ရယူပြီး သက်ဆိုင်ရာဓာတ်ခွဲခန်းများသို့ ပေးပို့စမ်းသပ်စစ်ဆေးမှုများကို ယခုထက်ပို၍တိုးမြှင့် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
  • ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၁ ပုဒ်မခွဲ (င)အရ ပြဋ္ဌာန်းထားသည့် လိုင်စင် ရရှိသူမည်သူမျှ “စံချိန်စံညွှန်း၊ အရည်အသွေးနှင့် အခြင်အတွယ်ပြည့်မီမှန်ကန်မှုမရှိသော ရေနံနှင့်ရေနံထွက်ပစ္စည်းများကို ဖြန့်ဖြူးရောင်းချခြင်းမပြုရ”ဆိုသည့် တားမြစ်ချက်အား ဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ပုဒ်မ ၃၉(ခ)အရ ၆ လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ် ၅ သိန်းမှ အများဆုံး ကျပ် သိန်း ၅၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ပါသည်။
  • ထို့အပြင် ပုဒ်မ ၃၁ ပုဒ်မခွဲ (က)အရ ပြဋ္ဌာန်းထားသည့် လိုင်စင်ပါစည်းကမ်းများကို ဖောက်ဖျက်ခြင်း (သို့မဟုတ်) ဆောင်ရွက်ရန်တာဝန်ကို ပျက်ကွက်ခြင်းမရှိစေရဆိုသည့် တားမြစ်ချက်ကိုကျူးလွန်လျှင် ပုဒ်မ(၃၄)အရ သတိပေးခြင်း၊  သတ်မှတ်ဒဏ်ကြေးငွေတပ်ရိုက် ခြင်း၊ လိုင်စင်ကို ကာလအကန့်အသတ်ဖြင့်ရပ်ဆိုင်းခြင်း၊ လိုင်စင်ကို အမြဲတမ်းပိတ်သိမ်းခြင်း (သို့မဟုတ်)ပယ်ဖျက်ခြင်းစသည့် စီမံခန့်ခွဲရေးဆိုင်ရာအမိန့်တစ်ရပ်ရပ်ကို ချမှတ်၍ အရေးယူ ဆောင်ရွက်ခြင်းကိုလည်း ခံရမည်ဖြစ်ပါသည်။
  • သို့ဖြစ်ပါ၍ ထိုကဲ့သို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးပြီး စက်သုံးဆီနမူနာ ရယူစမ်းသပ် စစ်ဆေးမှုများကို ယခုထက်ပို၍ တိုးမြှင့်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ရာ သတ်မှတ်အရည် အသွေးနှင့်အခြင်အတွယ်မှန်ကန်ပြည့်ဝမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါက အထက်ဖော်ပြပါ အတိုင်း အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ပါကြောင်း၊ စက်သုံးဆီသိုလှောင်ကန်စခန်း၊ စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းဆောင်ရွက်နေကြသည့် ပုဂ္ဂလိကလုပ်ငန်းရှင်ကုမ္ပဏီအဖွဲ့အစည်း အားလုံးသို့ အသိပေးကြေညာအပ်ပါကြောင်း သတင်းထုတ်ပြန်ပါသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရေးနှင့် ဗို့အားပြည့်မီစွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် ဝန်ကြီးဌာနမူဝါဒအရ ဓာတ်အားလိုင်းများ ကြိုတင်ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေ

  • ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝန်ကြီးဌာန၏ရည်မှန်းချက်ဖြစ်သည့် ဝန်ဆောင်မှုကောင်းမွန်စွာဖြင့် ဓာတ်အားဖြန့်ဖြူးပေး နိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ လျော့နည်းစေရေး၊ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုလျော့နည်းစေရေး၊ ခေတ်မီ၍စနစ်ကျနကောင်းမွန်သော ဓာတ်အားဖြန့်ဖြူးမှု စနစ်ပေါ်ပေါက်လာစေရေးနှင့်  ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက်  နှစ်စဉ် ဘဏ္ဍာငွေသုံးစွဲခွင့်ရရှိမှုပေါ်မူတည်၍ စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
  • ထိုသို့ဆောင်ရွက်လျက်ရှိသည့်အနက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေး၊ ဗို့အားပြည့်မီစွာဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် ဓာတ်အားလိုင်း များ ကြိုတင်ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများအနေဖြင့် 
    • ၃၃ကေဗွီ လှိုင်သာယာ(၁)-(၂)လိုင်းအား Jumper Connection ပြုပြင်ခြင်း၊
    • ၃၃ကေဗွီ လှိုင်သာယာဇုန်(၁)-ဇုန်(၂)ဓာတ်အားလိုင်းအား Jumper Connection ပြုပြင်ခြင်း၊
    • ၃၃ကေဗွီ လှော်ကား-မင်္ဂလာဒုံ(၁၄)မိုင်လိုင်းအား Pin Insulators များ လဲလှယ်ခြင်း၊
    • ၆၆ကေဗွီ ဆင်မလိုက်-MRTV(3) ဓာတ်အားလိုင်းအား Jumper Connection ပြုပြင်ခြင်း၊
    • ၆၆ကေဗွီ ရွာမ-ဘုရင့်နောင်ဓာတ်အားလိုင်းအား Jumper Connection ပြုပြင်ခြင်း၊
    • ၃၃ကေဗွီ လှော်ကား-AaAb ဓာတ်အားလိုင်းအား Jumper Connection ပြုပြင်ခြင်း၊
    • ၃၃ကေဗွီ လှော်ကား-ရွှေလင်ဗန်း ဓာတ်အားလိုင်းအား Jumper Connection ပြုပြင်ခြင်း၊
    • ၃၃ကေဗွီ သာကေတ-ပုသိမ်ညွန့် Spaced Aerial Cable-SAC ဓာတ်အားလိုင်းအား Jumper Connection ပြုပြင်ခြင်း၊
    • ၃၃ကေဗွီ သာကေတ-ပုသိမ်ညွန့် SAC ဓာတ်အားလိုင်း Cover ပေါက်နေသောနေရာ တွင် ကြိုးဖာခြင်းနှင့်
    • ၃၃ကေဗွီ ဟုံဟိုင်း-ဟံသာဝတီ SAC ဓာတ်အားလိုင်း Spacers များ ပြုပြင်ခြင်း လုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်နေပါသည်။        
  • ယင်းကဲ့သို့ SAC ဓာတ်အားလိုင်းများအား Jumper Connection ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားခြင်းကြောင့် ဓာတ်အားပြတ်တောက်မှုလျော့နည်းစေခြင်း၊ ဗို့အားပြည့်မီစွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခြင်း၊ အရေးကြီးနေရာများအား ဓာတ်အားအဆက်မပြတ်ဖြန့်ဖြူး ပေးနိုင်ခြင်းနှင့် Pin Insulators များလဲလှယ်ခြင်းကြောင့် Line fault ဖြစ်ခြင်းမှ ကင်းဝေးပြီး ဓာတ်အားပြတ်တောက်မှုလျော့နည်းစေပြီး ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ခြင်း စသော အကျိုး ကျေးဇူးများရရှိမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

17-Jan-2019