The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နှင့် သီပေါမြို့များတွင် အကြမ်းဖက်သောင်းကျန်းသူများ၏ ဖျက်ဆီးမှုကြောင့် လျှပ်စစ်ကဏ္ဍအခြေခံအဆောက်အဦများ ပျက်စီးဆုံးရှုံးမှုနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်၍ ဓာတ်အားပြန်လည်ဖြန့်ဖြူးမှု အခြေအနေကို အများပြည်သူသိရှိနိုင်ရန် သတင်းထုတ်ပြန်ချက်

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်

၁။       ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်များအတွင်း အကြမ်းဖက်သောင်းကျန်းသူများ၏ ဖျက်ဆီးမှု များကြောင့် ၆၆ ကေဗွီ မန်စံ-သီပေါ ဓာတ်အားလိုင်း၊ ၃၃ ကေဗွီ သီပေါ-ကျောက်မဲ ဓာတ်အားလိုင်းနှင့်   ၆၆ ကေဗွီနှင့် ၃၃ ကေဗွီ ဓာတ်အားခွဲရုံ(၃)ရုံ၊ ဖြန့်ဖြူးရေးဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ ထိခိုက်ပျက်စီး၍ ၂၅-၆-၂၀၂၄ ရက်နေ့တွင် ကျောက်မဲမြို့နှင့် ၂၆-၆-၂၀၂၄ ရက်နေ့တွင် သီပေါမြို့တို့ နိုင်ငံတော်ဓာတ်အားစနစ်မှ အသီးသီး ဓာတ်အားပြတ်တောက်ခဲ့ပါသည်။

၂။       ကျောက်မဲမြို့နယ်နှင့် သီပေါမြို့များအား တပ်မတော်မှ ပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီးနောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ထိခိုက်ပျက်စီးသွားသည့် ၆၆ ကေဗွီ သီပေါဓာတ်အားခွဲရုံ၊ ၃၃ ကေဗွီ ကျောက်မဲ(ပန်းပေါင်း) ဓာတ်အားခွဲရုံ၊ ၆၆ ကေဗွီ မန်စံ-သီပေါ ဓာတ်အားလိုင်း၊ ၃၃ ကေဗွီ သီပေါ-ကျောက်မဲ ဓာတ်အားလိုင်း၊ ကျောက်မဲမြို့နှင့် သီပေါမြို့များရှိ ၁၁ ကေဗွီ နှင့် ၄၀၀ ဗို့ ဓာတ်အား လိုင်းများနှင့် ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာများအား ပြည်ထောင်စုရန်ပုံငွေနှင့် ပြည်နယ် အစိုးရ ရန်ပုံငွေများဖြင့်    လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများမှ တာဝန်ယူ၍ (၁၅-၁၁-၂၀၂၅) ရက်နေ့မှ စ၍ ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါသည်။

၃။       ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း သီပေါမြို့တွင် ၆၆၅ ကီလိုဝပ်နှင့် ၂၀၀ ကီလိုဝပ် ဒီဇယ်ဓာတ် အားပေးစက် ၂ လုံးဖြင့် အရေးကြီးနေရာများအားလည်းကောင်း၊ ကျောက်မဲမြို့အား ၂ မဂ္ဂါဝပ် နမ့်စောင်းငေါင်း အသေးစား ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံဖြင့် စာသင်ကျောင်း၊ ဆေးရုံ၊ ရဲစခန်း၊ ဌာနဆိုင်ရာရုံးများနှင့် ဘာသာရေးအဆောက်အဉီများအား လည်းကောင်း ယာယီ အချိန်ပိုင်း ဓာတ်အားဖြန့်ဖြူးပေးခဲ့ပါသည်။

၄။       ပြည်သူများအား လျှပ်စစ်မီးအမြန်ဆုံး ပြန်လည်ဖြန့်ဖြူးနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဝန်ထမ်းများအနေဖြင့် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သဖြင့် ၂၂-၉-၂၀၂၆ ရက်နေ့ ၁၁:၀၀ နာရီ တွင် ကျောက်မဲဓာတ်အားခွဲရုံမှ မြို့ပေါ် ၇ ရပ်ကွက် အပါအဝင် ကျောက်မဲပြည်သူ့ဆေးရုံ၊ ဌာနဆိုင်ရာ ရုံး ၂၉ ရုံး၊ စာသင်ကျောင်း ၆ ကျောင်း တို့အားလည်းကောင်း၊ သီပေါဓာတ်အားခွဲရုံမှ မြို့ပေါ် ၁၀ ရပ်ကွက် အပါအဝင် သီပေါပြည်သူ့ဆေးရုံ၊ ဌာနဆိုင်ရာရုံး ၂၁ ရုံး၊ စာသင်ကျောင်း ၇ ကျောင်း တို့အားလည်းကောင်း နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပါသည်။ ဆက်လက်၍ ကျန်နေရာများကိုလည်း ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။

၅။        လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးခဲ့သည့် လျှပ်စစ်ကဏ္ဍ အခြေခံအဆောက်အအုံ စက်ရုံ၊ ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းများအား အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများအား နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် လျှပ်စစ်ဓာတ်အား အမြန်ဆုံး ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

23-Sep-2026