၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်
၂၀၁၉ ခုနှစ် နွေရာသီတွင် နိုင်ငံ၏ လိုအပ်သော လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းပေးနိုင်ရေး အတွက် Powergen Kyaukse Company Limited မှ မန္တလေးတိုင်ဒေသကြီး ၊ ကျောက်ဆည်ခရိုင်၊ ဘဲလင်းပင်မဓာတ်အားခွဲရုံ အနီးတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော 145MW Gas Engine Power Plant စီမံကိန်းသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် မန္တလေးလျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက်နေ့တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှင်းလင်းဆောင်တွင် စီမံကိန်းတာဝန်ခံအရာရှိမှ လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ စီမံကိန်းအတွက် ပစ္စည်းများရောက်ရှိမှုအခြေအေနများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ သိရှိလိုသည်များကို မေးမြန်းပြီး စီမံကိန်း ဆောင်ရွက်ရာတွင် သတ်မှတ်အချိန်တွင် ပြီးစီးနိုင်ရေးအတွက် လမ်းညွှန်မှာကြားပါသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့်အဖွဲ့သည် ရန်ကုန်−မန္တလေးလမ်းဟောင်း၊ ပင်ချားကျေးရွာအနီးရှိ ဇော်ဂျီတံတားမှ စီမံကိန်းအတွက်ပစ္စည်းများ ဖြတ်သန်းနိုင်ရေး Bailey တံတား တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန် − မန္တလေးအမြန်လမ်း မိုင်တိုင် ၃၅၇ မိုင်တွင် စီမံကိန်းအတွက် Gas Engine များ ယာဉ်တန်းဖြင့် သယ်ဆောင်လာမှုအား ကြည့်ရှုအားပေးခဲ့ ကြောင်း သတင်းရရှိပါသည်။

