The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မှ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mrs. Suphatra Srimaitreephithak အား လက်ခံတွေ့ဆုံဆွေးနွေး

၂၀၁၉ ခုနှစ်၊ မေ (  ၁၆ ) ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mrs. Suphatra Srimaitreephithak အား ၂၀၁၉ ခုနှစ်၊ မေလ ၁၆ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးမှ သံအမတ်ကြီးအား မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခြင်းခံရသည့်အတွက် ဝမ်းမြောက် ဂုဏ်ယူကြောင်း၊ သံအမတ်ကြီး မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း မိမိနှင့်လက်တွဲ၍ နှစ်နိုင်ငံအကြား လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်မည်ဟုမျှော်လင့်ကြောင်း၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် Neighbouring Countries Economic Development Cooperation Agency (NEDA) မှ ပံ့ပိုးသွားမည့် စီမံကိန်းများ၊ ထိုင်းနိုင်ငံကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်ဆဲစီမံကိန်းများ၊ နှစ်အလိုက် လျာထားဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများနှင့် ပတ်သက်၍လည်း လိုအပ်သည်များကို မိမိတို့ဝန်ကြီးဌာနဘက်က အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းများ ဆောင်ရွက်နိုင်ရန်အတွက် အဓိကတာဝန်ယူဆောင်ရွက်ပေးမည့် National Renewable Energy Committee (NREC) ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ အနာဂတ် မြန်မာ့ လျှပ်စစ်ကဏ္ဍတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ လျှပ်စစ် ၈ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိ ထုတ်လုပ်နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းသုံးစွဲမှု ဖူလုံစေရန်အတွက် ကာလတိုစီမံချက်များ ချမှတ်ဆောင်ရွက်နေကြောင်း၊ ရေရှည်တည်တံ့သော လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးရေးအတွက် စီမံကိန်းများအား ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

          သံအမတ်ကြီးက ဆွေးနွေးရာတွင် မိမိအား လက်ခံတွေ့ဆုံပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ NEDA ၏ စီမံကိန်းများနှင့်ပတ်သက်၍ အသေးစိတ် အချက် အလက်များ သိရှိရမည်ဆိုပါက နှစ်အလိုက် ဘတ်ဂျက်ခွဲဝေချထားရေး ဆောင်ရွက်ရာတွင် မြန်ဆန်မည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံဘက်ကလည်း အဆိုပါစီမံကိန်းများကို ကူညီပံ့ပိုးနိုင်ရန် စိတ်အားထက်သန်လျက်ရှိကြောင်း၊ Toyo-Thai ကုမ္ပဏီမှ ဆောင်ရွက် လျက်ရှိသည့် စီမံကိန်းများတွင် ပံ့ပိုးကူညီပေးခဲ့မှုများအတွက် ကျေးဇူးတင်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် ထိုင်းကုမ္ပဏီများစွာရှိပါကြောင်း၊ ပြည်ထောင်စု ဝန်ကြီး ရှင်းလင်းပြောကြားသည်များကို ထိုင်းနိုင်ငံမှ လုပ်ငန်းရှင်များအား ပြန်လည်မျှဝေ ပေးပြီး လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ပေးမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          အဆိုပါတွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
16-May-2019