The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ၂၃၀ ကေဗွီ ဒေါင်းရွေးပင်မဓာတ်အားခွဲရုံစီမံကိန်း၊ ၁၃၂ ကေဗွီ တံခွန်တိုင်ပင်မဓာတ်အားခွဲရုံနှင့် ၂၃၀ ကေဗွီ အောင်ပင်လယ် ပင်မဓာတ်အားခွဲရုံတို့အား ကြည့်ရှုစစ်ဆေး

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ( ) ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့၊ နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်း  လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် ၂၃၀ ကေဗွီ ဒေါင်းရွေးပင်မဓာတ်အားခွဲရုံစီမံကိန်းမြေနေရာ၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ၁၃၂ ကေဗွီ တံခွန်တိုင်ပင်မဓာတ်အားခွဲရုံနှင့်   ပုသိမ်ကြီးမြို့နယ်ရှိ ၂၃၀ ကေဗွီ အောင်ပင်လယ် ပင်မဓာတ်အားခွဲရုံတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ်ရှိ ၁၃၂ ကေဗွီ တံခွန်တိုင် ပင်မဓာတ်အားခွဲရုံသို့ရောက်ရှိရာ ဓာတ်အားခွဲရုံ အစည်းအဝေးခန်းမတွင် ဓာတ်အားပို့လွှတ်ရေး စီမံကိန်းများဌာန၊ စီမံကိန်းညွှန်ကြားရေးမှူး (မြောက်ပိုင်း) ဦးမင်းနိုင်က စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ အဆင့်မြှင့်တင် တည်ဆောက်မည့်အခြေအနေနှင့် တိုးချဲ့တည်ဆောက်ရန် လျာထားဆောင်ရွက်ထားမှုအခြေအနေ၊ ၂၃၀ ကေဗွီ ဒေါင်းရွေးပင်မဓာတ်အားခွဲရုံ စီမံကိန်းမြေနေရာ ရွေးချယ်ထားမှုအခြေအနေနှင့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများအားလည်းကောင်း၊ မန္တလေး လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တအမှုဆောင်အရာရှိချုပ် ဦးစိုးမင်းထွန်းက ဒေါင်းရွေး ပင်မ ဓာတ်အားခွဲရုံအသစ်မှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်မည့်အစီအမံ များအားလည်းကောင်း ရှင်းလင်းတင်ပြကြရာ    လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်နှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း  ခေတ္တဥက္ကဋ္ဌ ဦးတိုးအောင်တို့က  ဖြည့်စွက် ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ဒေါင်းရွေးပင်မဓာတ်အားခွဲရုံ စီမံကိန်း မြေနေရာ အတည်ပြုသတ်မှတ်ပြီးဖြစ်၍ ဘဏ္ဍာရေးနှစ်အလိုက် စီမံကိန်းလုပ်ငန်းများအား    အကောင်အထည်ဖော် ဆောင်ရွက်သွားရန်၊ ဓာတ်အားခွဲရုံသုံးပစ္စည်းများအား အရည်အသွေး စံချိန်စံညွှန်း ပြည့်မီသည့် ပစ္စည်းများဖြင့် တပ်ဆင်အသုံးပြုသွားရန်၊ ဓာတ်အားခွဲရုံပြီးစီးချိန်တွင် ဓာတ်အားခွဲရုံမှ ဓာတ်အားရယူမည့် အစီအမံများကို ကြိုတင်စီမံဆောင်ရွက်ထားရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး အတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ဝတ်စုံများ ဝတ်ဆင်ကြရန်နှင့် စနစ်တကျ စီမံ ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားပါသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တံခွန်တိုင် ပင်မဓာတ်အားခွဲရုံအတွင်း ၁၃၂/၃၃/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ ထရန်စဖော်မာ  အစားထိုး တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေနှင့် ပုသိမ်ကြီးမြို့နယ်ရှိ အောင်ပင်လယ် ပင်မဓာတ်အားခွဲရုံ တွင် ၂၃၀/၃၃/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ ထရန်စဖော်မာ တိုးချဲ့တည်ဆောက် တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ ဓာတ်အားများ ဆောလျင်စွာ ဖြန့်ဖြူးပေးနိုင်ရေးနှင့် လျှပ်စစ် အန္တရာယ်ကင်းရှင်းရေး၊ လုံခြုံစိတ်ချရသည့် ဓာတ်အားစနစ်ဖြစ်စေရေး၊ ဗို့အားစနစ် တည်ငြိမ်မှု ရှိစေရေး၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးနှင့် လုပ်ငန်းခွင်အတွင်း ထိခိုက်မှု မရှိစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။          ၄င်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အမရပူရမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် ၂၃၀ ကေဗွီ ဒေါင်းရွေးပင်မဓာတ်အားခွဲရုံ စီမံကိန်းမြေနေရာသို့ရောက်ရှိရာ ဓာတ်အား ပို့လွှတ်ရေး စီမံကိန်းများဌာန၊ စီမံကိန်းညွှန်ကြားရေးမှူး (မြောက်ပိုင်း) ဦးမင်းနိုင်က မြေနေရာ ရွေးချယ်ထားမှုအခြေအနေ၊ ဓာတ်အားခွဲရုံတည်ဆောက်ရန် လျာထားဆောင်ရွက်ထားမှု အခြေအနေ နှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တအမှုဆောင် အရာရှိချုပ် ဦးစိုးမင်းထွန်းက ၂၃၀ ကေဗွီ ဒေါင်းရွေးပင်မဓာတ်အားခွဲရုံမှ ဓာတ်အား လက်ခံဖြန့်ဖြူးမည့် ၆၆ ကေဗွီ ဓာတ်အားလိုင်း များနှင့် ၆၆/၃၃ ကေဗွီ ဓာတ်အားခွဲရုံများ တည်ဆောက်ရန် စီမံဆောင်ရွက်ထားမှုအခြေအနေတို့အား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များမှာကြား၍ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

          အဆိုပါ အသစ်တည်ဆောက်မည့် ၂၃၀ ကေဗွီ ဒေါင်းရွေးပင်မဓာတ်အားခွဲရုံသည် မန္တလေး တိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဒေါင်းရွေးကျေးရွာ၊ ထုံးဘို-မြစ်ငယ် ကားလမ်းအနီးတွင် တည်ဆောက်သွားမည်ဖြစ်ပြီး စီမံကိန်းလုပ်ငန်းများပြီးစီးပါက ၂၃၀ ကေဗွီ ရွှေစာရံ ပင်မ ဓာတ်အားခွဲရုံမှတဆင့် လျှပ်စစ်ဓာတ်အားများရယူ၍ မန္တလေးမြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများသို့ ဗို့အားပြည့်ဝစွာဖြင့် ဓာတ်အားတိုးတက် ဖြန့်ဖြူးပေးနိုင်မည့်အပြင် နိုင်ငံတော်ဓာတ်အားစနစ် သို့လည်း ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးပေးသွားမည် ဖြစ်ပါသည်။

Post under by : ဝန်ကြီးရုံး
22-Sep-2019