The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် နန်ချိုရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ  (  ၂၃ ) ရက်

             လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့၊ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် နန်ချိုရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတို့သို့  သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

             ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အထက်ပေါင်းလောင်း ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံသို့ ရောက်ရှိရာ စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံမှူးက စက်ရုံဆိုင်ရာအချက်အလက် များ၊ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနေမှု အခြေအနေ များနှင့် အမှတ် (၂) ဓာတ်အားပေးစက်၏ Main Transformer ပြန်လည်ပြုပြင် တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြ ပါသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အားပြည့်ဝစွာ ပြန်လည်ထုတ်လုပ် ပေးနိုင်ရေး အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

             ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဓာတ်အားထိန်းချုပ်ခန်းအတွင်း ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးပေးနေမှု အခြေအနေနှင့် အမှတ် (၂) ဓာတ်အားပေးစက်၏ Main Transformer ပြန်လည်ပြုပြင်တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ စက်ရုံဝန်ထမ်းမိသားစုများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပြီး ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု နှင့် ရေယူအဆောက်အအုံ တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

            အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် နေပြည်တော် ကောင်စီ နယ်မြေ၊ ပျဉ်းမနားမြို့အရှေ့ဘက် ၂၆ မိုင်အကွာရှိ ပေါင်းလောင်းမြစ်ပေါ်တွင် တည်ရှိပြီး စက်တပ်ဆင် အင်အားမှာ  ၇၀ မဂ္ဂါဝပ် ထွက်ရှိသော ဖရန်စစ်တာဘိုင် အမျိုးအစားစက် (၂) လုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား  ၁၄၀ မဂ္ဂါ၀ပ်ထွက်ရှိကာ တစ်နှစ် ထုတ်လုပ်နိုင်မှုမှာ ၄၅၄ ကီလို၀ပ် နာရီ သန်းပေါင်းဖြစ်ပြီး ၂၀၀၅ ခုနှစ်တွင် စတင်တည်ဆောက်၍ ၂၀၁၅ ခုနှစ်တွင် ပြီးစီးခဲ့ပြီး ဓာတ်အားပေး စက်ရုံမှ ထွက်ရှိလာသော ဓာတ်အားများကို ၂၃၀ ကေဗွီ ဓာတ်အားလိုင်းဖြင့် နန်ချိုဓာတ်အားပေး စက်ရုံနှင့် ပေါင်းလောင်းဓာတ်အားပေးစက်ရုံများမှတစ်ဆင့် ပျဉ်းမနားခွဲရုံသို့ ပို့လွှတ်ကာ နိုင်ငံတော် ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှှိရာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ တွင် အမှတ်(၂) ဓာတ်အားပေးစက် ၏ Main Transformer မှာ ချို့ယွင်း သွားခဲ့သဖြင့် အမှတ် (၂) ဓာတ်အားပေးစက်အား ရပ်တန့်ထားခဲ့ရပါသည်။ အဆိုပါ ချို့ယွင်းမှုဖြစ်ပေါ်ခဲ့သော အမှတ် (၂) ဓာတ်အားပေးစက်၏ Main Transformer အား ပြန်လည်ပြင်ဆင်ပြီး ဓာတ်အားအမြန်ပြန်လည် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ အောက်တိုဘာလအတွင်း အမှတ် (၂) ဓာတ်အား ပေးစက်အား ပြန်လည် မောင်းနှင်၍ လျှပ်စစ်ဓာတ်အားများ အပြည့်အဝ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်တော့မည် ဖြစ်ပါသည်။ 

             ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့ အရှေ့ဘက် ၁၆ မိုင် အကွာရှိ နန်ချိုရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ စက်ရုံမှူးမှ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူး ပေးနေမှုအခြေအနေများအား ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ဓာတ်အားပြည့်ဝစွာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ကြိုးစားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြား ခဲ့ပါသည်။

             ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဓာတ်အားပေးစက်ရုံရှိ တာဘိုင်စက်ခန်းအတွင်း ဓာတ်အားမောင်းနှင် ထုတ်လုပ်နေမှုအခြေအနေနှင့် ဓာတ်အားထိန်းချုပ်ခန်းအတွင်း စက်ရုံမှ နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ ဓာတ်အားပို့လွှတ်ဖြန့်ဖြူး ပေးနေမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။

          နန်ချိုရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် နန်ချိုချောင်းပေါ်တွင် တည်ရှိပြီးစက် တပ်ဆင်အင်အားမှာ ၂၀ မဂ္ဂါဝပ် ထွက်ရှိသော ဖရန်စစ်တာဘိုင် အမျိုးအစားစက် (၂) လုံးဖြင့် စုစုပေါင်းစက်တပ်ဆင်အင်အား  ၄၀ မဂ္ဂါ၀ပ်ထွက်ရှိကာ တစ်နှစ်ထုတ်လုပ်နိုင်မှုမှာ ၁၅၂ ကီလိုဝပ် နာရီသန်းပေါင်းဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် စတင်တည်ဆောက်၍ ၂၀၁၃ ခုနှစ်တွင် ပြီးစီးခဲ့ပြီး ဓာတ်အားပေးစက်ရုံမှထွက်ရှိသော ဓာတ်အားများကို ၂၃၀ ကေဗွီ ဓာတ်အားလိုင်းများဖြင့် အထက် ပေါင်းလောင်းဓာတ်အားပေးစက်ရုံမှ ပို့လွှတ်သော လျှပ်စစ်ဓာတ်အားများနှင့်အတူ ပေါင်းလောင်း ဓာတ်အားပေး စက်ရုံမှတစ်ဆင့် ပျဉ်းမနားဓာတ်အားခွဲရုံသို့ ပို့လွှတ်ကာ နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက် ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိပါသည်။

Post under by : ဝန်ကြီးရုံး
23-Sep-2019