၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ( ၂၃ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ စွမ်းအင်ကဏ္ဍနှင့်ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ် ပထမသုံးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့တို့၌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။
အစည်းအဝေးသို့ လျှပ်စစ်နှင့််စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာနနှင့် လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ ရေနံမြေ အထွေထွေမန်နေဂျာများ၊ ရေနံချက်စက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံနှင့် ရေနံဓာတ်ငွေ့ရည်စက်ရုံ တို့မှ စက်ရုံမှူးများ၊ ရေနံသိုလှောင် ဖြန့်ဖြူးရေး ဌာနများမှ အထွေထွေမန်နေဂျာများနှင့် တိုင်းရောင်းဝယ်ရေးအရာရှိများ တက်ရောက် ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ဌာနတစ်ခုဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့များ ယခုထက်ပိုမို တိုးတက်ထုတ်လုပ်နိုင်ရေးစီမံချက်များ စနစ်တကျ ရေးဆွဲအကောင်အထည်ဖော်လျက်ရှိရာ ကမ်းလွန်ရေတိမ်ပိုင်းလုပ်ကွက်များမှ သဘာဝ ဓာတ်ငွေ့ထုတ်လုပ်ခြင်းများအပြင် ကမ်းလွန်လုပ်ကွက်အမှတ် A-6 ၏ ရေနက်ပိုင်းမှ သဘာဝ ဓာတ်ငွေ့များကို ၂၀၂၃ ခုနှစ်တွင် စတင်ထုတ်လုပ်နိုင်တော့မည်ဖြစ်ရာ ပြည်တွင်းသုံး သဘာဝ ဓာတ်ငွေ့ လိုအပ်ချက်ကို တစ်စိတ်တစ်ပိုင်း ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါကြောင်း၊ အလားတူ အထွက်နှုန်းကျဆင်းနေသည့် ကုန်းတွင်းမှ ရေနံနှင့်သဘာဝဓာတ်ငွေ့တွင်းများကိုလည်း ခေတ်မီ နည်းပညာများအသုံးပြု၍ စနစ်တကျ ပြုပြင်မွမ်းမံပြီး အထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မိမိတို့ထုတ်လုပ်သော သဘာဝ ဓာတ်ငွေ့များကို တစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးပေး နိုင်ရေးအတွက် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ကွန်ရက်ကို ကြိုတင်မျှော်တွေး၍ ဖြန့်ကျက်တည်ဆောက် ကာ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး Master Plan ရေးဆွဲဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အဆိုပါပိုက်လိုင်းများမှ ကုန်းတွင်းကမ်းလွန်သဘာဝဓာတ်ငွေ့များအပြင် LNG မှ ပြုပြင်ပြီး ဓာတ်ငွေ့များ ကိုလည်း ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်ထားကြရန်လိုအပ်ပါကြောင်း၊ ဖွံ့ဖြိုး တိုးတက်ရန် အခြေအနေကောင်းများရှိနေသည့်ဒေသများသို့ ဦးစားပေး သွယ်တန်း ပေးရန် လိုအပ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုသည့် ရေနံ လက်ယက်တွင်းလုပ်ငန်း ဆောင်ရွက်နေသူများအား အန္တရာယ်ကင်းရှင်းစွာဖြင့် စနစ်တကျ တူးဖော် ဆောင်ရွက်နိုင်ရေးအတွက် တွင်းတူးဖော်မှုဆိုင်ရာသင်တန်းများ ဖွင့်လှစ် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ လက်ယက်တွင်းမှ ထုတ်လုပ်မှုစာရင်းများအား စနစ်တကျ ပြုစုပေးပို့ကြရေး စည်းရုံးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့အပြင် ပြည်တွင်းလုပ်ငန်းရှင်များအတွက် စနစ်ကျသည့် Mini Refinery များ တည်ဆောက် လည်ပတ်နိုင်ရေးအား ဥပဒေမူဝါဒတို့နှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်သွားရန်ဖြစ်ပြီး LPG ကို ကျေးရွာများအရောက် စျေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးပေးနိုင်ရေးစီမံ ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ LPG ကို မီးဖိုချောင်သုံးကဏ္ဍအပြင် သယ်ယူပို့ဆောင်ရေးကဏ္ဍ၌လည်း အသုံးပြုနိုင်ရေး ဆောင်ရွက် ရန်ဖြစ်ပါကြောင်း၊ ထို့အပြင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုသည့် ယူရီးယား ဓာတ်မြေသြဇာ ထုတ်လုပ်ရေးကိုလည်း အလေးထား ဆောင်ရွက်ရန်လိုအပ်ပြီး အရည်အသွေး ကောင်းမွန်ပြီး စျေးကွက်အတွင်း ယှဉ်ပြိုင်နိုင်ရေးကိုလည်း ဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ စက်သုံးဆီ လုံလောက်စွာ ထုတ်လုပ်နိုင်ရေးအတွက် ရှိပြီးရေနံချက်စက်ရုံ များအား ပြုပြင်သကဲ့သို့ စက်စွမ်းအား ပိုမိုမြင့်မားသည့် ရေနံဓာတုဗေဒစက်ရုံများ တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များကိုလည်း ယခုထက်ပို၍ စနစ်တကျ ဖွင့်လှစ် နိုင်ရေးအတွက် စိစစ် ဆောင်ရွက်သွားရန်၊ စက်သုံးဆီများအား အရည်အသွေး၊ အချင်အတွယ် မှန်ကန်ရေး စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ စက်သုံးဆီများ စစ်ဆေးသည့် ဓာတ်ခွဲခန်းများကို မြို့ကြီးတိုင်းတွင် ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက် သွားရန်၊ မိမိတို့ဌာနများအနေဖြင့် ပြည်သူလူထုအား အပြည့်အဝအလုပ်အကျွေးပြုရန် လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ထမ်းများအနေဖြင့် ပြောင်းလဲနေသည့် ခေတ်မီနည်းပညာများကို မျက်ခြေမပြတ် လေ့လာ သင်ယူ၍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းရည်၊ အရည်အသွေး ဖွံ့ဖြိုးတိုးတက်ရေး အဓိကထား ဆောင်ရွက်ပေးရန်လိုကြောင်း၊ စီမံကိန်းများ ဆောင်ရွက်ရာတွင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးနိုင်ရေး၊ ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်ရေး၊ လုံခြုံသော လုပ်ငန်းခွင်ပေါ်ထွန်းရေး စသည့် လုပ်ငန်းစဉ်များပါ သုံးသပ်ဆောင်ရွက် ရန် အရေးကြီးကြောင်း၊ မိမိတို့လုပ်ကိုင် ဆောင်ရွက်နေသည့် ရေနံဓာတုပစ္စည်းများသည် မီးလောင်လွယ် သည့် ပစ္စည်းများဖြစ်သဖြင့် လုပ်ငန်းခွင် မီးဘေးလုံခြုံရေးနှင့် စက်ရုံ၊ အလုပ်ရုံများ၏ လုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်ရန် လိုအပ်သကဲ့သို့ သတင်းလုံခြုံမှုရှိစေရေးကိုလည်း အလေးထား ဆောင်ရွက် ရန် လိုအပ်ပါကြောင်း ပြောကြားပါသည်။
ထို့နောက် ဦးစီးဌာနနှင့် လုပ်ငန်းတို့မှ ဌာနကြီးမှူးများ၊ ရေနံချက်စက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံနှင့် ရေနံဓာတ်ငွေ့ရည်စက်ရုံတို့မှ စက်ရုံမှူးများ၊ ရေနံသိုလှောင် ဖြန့်ဖြူးရေး ဌာနများမှ အထွေထွေမန်နေဂျာများနှင့် တိုင်းရောင်းဝယ်ရေးအရာရှိ များနှင့် ရေနံမြေအထွေထွေ မန်နေဂျာများက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပထမ သုံးလပတ်အတွင်း လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအခြေအနေ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျန်ကာလများ၏ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအား အသီးသီး ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က တင်ပြမှုများအပေါ် သုံးသပ်ဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များကို ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ပါသည်။