၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၇) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ဖွင့်လှစ်သည့် ရေနံ ဓာတ်ငွေ့ရည် တင်သွင်းသိုလှောင် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျ နှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရန်အတွက် L.P.G SAFETY TRAINING သင်တန်းအမှတ်စဉ် (၁/၂၀၂၀) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်(၁) ရေနံချက် စက်ရုံ (သန်လျင်) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး (စွမ်းအင်) ဒေါက်တာထွန်းနိုင်၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မြင့်၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး ဦးဉာဏ်ထွန်း၊ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် LPG ဖြန့်ဖြူးနေသော ပုဂ္ဂလိကကုမ္ပဏီများမှ တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူ(၆၅)ဦး တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင်က အမှာစကား ပြောကြား ရာတွင် ယခုသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ရေနံဓာတ်ငွေ့ရည်တင်သွင်း သိုလှောင် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျနှင့် ဘေးအန္တရာယ် ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်းမှ ဦးစီး၍ L.P.G SAFETY TRAINING သင်တန်းအမှတ်စဉ် (၁/၂၀၂၀) ကို ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံအတွင်း LPG ကို ကျယ်ပြန့်စွာသုံးစွဲလာနိုင်မည်ဆိုပါက လျှပ်စစ်ဓာတ်အားသုံးစွဲမှု လျှော့ချ နိုင်ပြီး လျှပ်စစ်စွမ်းအင်ကို အခြားလိုအပ်သည့်နေရာများတွင် အပြည့်အဝ အသုံးပြုနိုင်ရေး တစ်ဖက်တစ်လမ်းမှ ကူညီပေးနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် LPG ကို မီးဖိုချောင်သုံး အပြင် စက်မှုလုပ်ငန်းနှင့် အခြားစီးပွားရေး လုပ်ငန်းများတွင် လောင်စာအနေဖြင့် ကျယ်ပြန့်စွာ အသုံးပြုလာစေရန် ရည်မှန်းချက်ထား ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ နောင်အနာဂတ်တွင် LPG ကို သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင်လည်း တွင်ကျယ်စွာ အသုံးပြုနိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်စေလိုပါကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြန့်ဖြူးသုံးစွဲမှု၊ စျေးကွက်၊ စျေးနှုန်းနှင့် အရည်အသွေး ပြည့်မီမှန်ကန်မှု စသည်တို့တွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်ပါကြောင်း၊ အဓိက စိန်ခေါ်မှုအနေဖြင့် LPG နှင့်ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများမရှိသေးခြင်း၊ LPG ကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရန်အတွက် LPG သုံးစွဲသောပြည်သူများသို့ အသိပညာ ပေးမှုများ ကျယ်ပြန့်စွာဆောင်ရွက်သွားရန် လိုအပ်နေပါကြောင်း၊ LPG ထည့်သွင်း ဖြန့်ဖြူးနိုင်သည့် Filling Station များ နည်းပါးခြင်း၊ နေရာအနှံ့သို့ ပေးပို့နိုင်သည့်စနစ် အားနည်းခြင်း စသည်တို့ ဖြစ်ပါကြောင်း၊ LPG ဖြန့်ဖြူးရောင်းချသူများနှင့် သုံးစွဲသူများအနေဖြင့် လုံခြုံစိတ်ချစွာ ကိုင်တွယ် အသုံးပြုနိုင်ရေးအတွက် LPG နှင့်ပတ်သက်သော ဗဟုသုတများ၊ ကိုင်တွယ်သုံးစွဲပုံနည်းစနစ်များကို သိရှိရန်လိုအပ်ပါကြောင်း၊ LPG ဖြန့်ဖြူးနေသော ကုမ္ပဏီများမှ ဝန်ထမ်းများကို LPG ဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေးသင်တန်း ဖွင့်လှစ်ပြီး ဗဟုသုတများကို မျှဝေပေးစေခြင်းဖြစ်ပါကြောင်း၊ သင်တန်းမှရရှိလာမည့် ဗဟုသုတများကို ကုမ္ပဏီဝန်ထမ်းများအနေဖြင့် LPG ကိုင်တွယ်သုံးစွဲသူ များသို့ ပြန်လည် မျှဝေပေးခြင်းဖြင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း LPG ကြောင့် ဖြစ်ပေါ်လာနိုင်မည့်ထိခိုက်မှု (Accident) များ ဖြစ်ပွားမှုကို တတ်နိုင်သမျှ အနည်းဆုံး ဖြစ်အောင် ဆောင်ရွက်သွားစေလိုပါကြောင်း၊ LPG နှင့်ပတ်သက်ပြီး ဖြစ်ပွားခဲ့သည့်ထိခိုက်မှု (Accident) များကို လေ့လာဆန်းစစ်ကြည့်ရာ အများအားဖြင့် LPG အကြောင်းကို သေသေချာချာ မသိရှိခြင်း၊ ပေါ့ဆစွာကိုင်တွယ်အသုံးပြုခြင်းကို တွေ့ရှိရပါကြောင်း၊ ယခုသင်တန်းတွင် LPG ကို ကိုင်တွယ်အသုံးပြုနည်း၊ LPG ဖြန့်ဖြူးရာတွင် လိုအပ်ချက်များ၊ သတိပြုရမည့်အချက်များကို စာတွေ့လက်တွေ့ ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပို့ချပေးသွားမည်ဖြစ်ပါကြောင်း၊ LPG သည် သန့်ရှင်းသည့်လောင်စာအမျိုးအစားဖြစ်ပြီး၊ ထင်း၊ မီးသွေးနှင့် လျှပ်စစ်ဓာတ်အား သုံးစွဲသည့်နေရာ များတွင် အစားထိုးသုံးစွဲနိုင်မည်ဆိုပါက ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ သစ်တောပြုန်းတီးမှု၊ လျှပ်စစ် ဓာတ်အားသုံးစွဲမှုတို့ကို လျှော့ချနိုင်သည့်အပြင် လျှပ်စစ်စွမ်းအင်ကို အခြားလိုအပ်သည့်နေရာများ တွင် အပြည့်အဝအသုံးပြုနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိက ကုမ္ပဏီများအနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားထုတ်ကြိုးပမ်း ဆောင်ရွက်ပေးစေလို ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးမှသင်တန်းဖွင့်ပွဲတွင် ခင်းကျင်းပြသထားသော သင်ထောက်ကူ ပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ပြီး သင်တန်းသို့တက်ရောက်လာသော LPG ဖြန့်ဖြူး ရောင်းချနေသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ မိမိတို့လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ ရသည့် အခက်အခဲများအား တင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။
LPG ကို ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကုမ္ပဏီများအားလုံး ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားနိုင်ရန်အတွက် L.P.G Safety Training သင်တန်းအမှတ်စဉ် (၁/၂၀၂၀) အား သင်တန်းသား/ သင်တန်းသူ (၆၅) ဦး ဖြင့် ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)နှင့် အမှတ်(၄)ဓာတ်မြေသြဇာစက်ရုံ(မြောင်းတကာ)တို့မှ ဝန်ထမ်းများက မီးဘေးအန္တရာယ် ဖြစ်ပေါ် လာပါက လက်တွေ့လုပ်ဆောင်ရမည့်နည်းစဉ်များ လက်တွေ့သရုပ်ပြမှုအား ကြည့်ရှု အားပေး ခဲ့ပြီး အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) ရှိ ဓာတ်ခွဲခန်းသို့ သွားရောက်၍ စက်သုံးဆီ အရည်အသွေး စစ်ဆေးစမ်းသပ်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါ သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နည်းပညာတက္ကသိုလ်(သန်လျင်)သို့ ရောက်ရှိရာ ရေနံအင်ဂျင်နီယာဌာန၏ ရှင်းလင်းဆောင်တွင် ပါမောက္ခချုပ်နှင့် ရေနံအင်ဂျင်နီယာ ဌာန ဌာနမှူးတို့မှ မိမိတို့ ရေနံအင်ဂျင်နီယာဌာနအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် မိတ်ဖက် ကုမ္ပဏီများမှ နည်းပညာဆိုင်ရာအကူအညီများကို ယခုထက်ပိုမို ပေးအပ်စေလိုပါကြောင်း၊ ကျောင်းသား/ကျောင်းသူများအား လုပ်ငန်းခွင်လက်တွေ့သင်တန်းများ ပေးအပ်စေလိုပါကြောင်း နှင့် သင်ကြားပို့ချပေးလျက်ရှိသော ဘာသာရပ်များအား ရှင်းလင်းတင်ပြကြ ပြီး ဒုတိယဝန်ကြီးက နည်းပညာအကူအညီများ ပိုမိုပေးအပ်နိုင်ရေး မိတ်ဖက်ကုမ္ပဏီများအား တွန်းအားပေးဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း ပြောကြားပြီး ကျောင်းသား/ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ကာ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ပြီး ဌာနရှိ စာကြည့်တိုက်၊ Computer ခန်းနှင့် ဓာတ်ခွဲခန်းတို့အား လှည့်လည်ကြည့်ရှုခဲ့ပါသည်။