၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ( ၂၉ )ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (စွမ်းအင်) ဒေါက်တာထွန်းနိုင် သည် The World Bank မှ Senior Energy Specialist ဖြစ်သူ Ms. Claudia Vasquez ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့၊ ၁၅:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ့ကမ်းလွန်ဒေသတွင် နိုင်ငံတကာကုမ္ပဏီများနှင့် ပူးပေါင်း၍ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ရေးအတွက် ထုတ်လုပ်မှုအပေါ် ခွဲဝေရေး စာချုပ်များ ပြင်ဆင်မှုတွင် The World Bank ၊ နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊ စီမံကိန်းဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့ ပူးပေါင်း၍ Fiscal Regime အား သုံးသပ်မှုအခြေအနေ၊ Stakeholder များနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများသို့ ထုတ်လုပ်မှုအပေါ် ခွဲဝေရေးစာချုပ်များဆိုင်ရာ ကိစ္စများအတွက် ဆက်စပ် အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်မည့်အစီအစဉ်၊ ရေနံစူးစမ်းရှာဖွေခြင်း၊ တူးဖော်စမ်းသပ်ခြင်းနှင့် ထုတ်လုပ်ခြင်းဆိုင်ရာ ဥပဒေထုတ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သက်ဆိုင်ရာ ဌာနအကြီးအကဲများ၊ The World Bank နှင့် နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။