The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင် ဧရာဝတီ တိုင်းဒေသကြီးအတွင်း စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းများ သွားရောက်ကြည့်ရှုစစ်ဆေး

 ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (  ၁  ) ရက်

             လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင်သည် မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ညောင်တုန်း-မအူပင် ရေနံနှင့်သဘာဝဓာတ်ငွေ့မြေ၊ မအူပင်-ညောင်တုန်း ၁၄ လက်မ ၂၀ မိုင် ပိုက်လိုင်းဆက်သွယ်တည်ဆောက်နေမှု အခြေအနေနှင့် ညောင်တုန်း-သာပေါင်း ၁၀ လက်မ ၁၀ မိုင် ပိုက်လိုင်းလမ်းကြောင်းပြောင်း ဆက်သွယ်ဆောင်ရွက်နေမှုတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ ပါသည်။

             ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်း-မအူပင် ရေနံနှင့်သဘာဝဓာတ်ငွေ့မြေတို့သို့ ရောက်ရှိရာ ရေနံမြေအထွေထွေမန်နေဂျာမှ လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ၊ ၂၀၂၀ ပြည့်နှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်း တင်ပြပါသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းခွင်ဘေးအန္တရယ် ကင်းရှင်းရေး အလေးထားလိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် အညီ အပြည့်အဝ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ တာဝန်ရှိသူများ အနေဖြင့် ရေနံမြေ ဝန်ထမ်းများအတွက် လုပ်ငန်းခွင်အတွင်း သက်သာချောင်ချိစွာဖြင့် လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ရပ် ဖန်တီး ပေးရန်လိုအပ်ပါကြောင်း၊ မိမိတ နိုင်ငံ၏  သဘာဝဓာတ်ငွေ့လိုအပ်ချက်မှာ မြင့်မားလျက်ရှိရာ အဆိုပါလိုအပ်ချက်ကို မိမိတို့ ဝန်ကြီး ဌာနမှ ဖြည့်ဆည်းပေးရန်တာဝန်ရှိပါကြောင်း၊ ပိုမိုတိုးတက်ထုတ်လုပ်နိုင်သည်နှင့်အမျှ စက်ရုံ၊ အလုပ်ရုံများ၏ ကုန်ထုတ်လုပ်မှု ပိုမိုတိုးတက်လာမည့်အပြင် ခရီးသည် ပိုဆောင်ရေး ကဏ္ဍအတွက် သာမက ကုန်စည်ပို့ဆောင်ရေး ကဏ္ဍတွင်ပါ  CNG သုံး မော်တော်ယာဉ်များ ပိုမိုအသုံးပြုနိုင်မည် ဖြစ်ပါကြောင်း၊ သိုဖြစ်ပါ၍ သဘာဝဓာတ်ငွေ့ပိုမိုတိုးတက် ထုတ်လုပ်နိုင်ရေးအတွက် ဝန်ထမ်းများမှ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နောင်တွင် ပိုမိုသုံးစွဲလာမည့် သဘာဝ ဓာတ်ငွေ့များအား သက်ဆိုင်ရာ ဌာနများအရောက် ဖြန့်ဖြူးပေးနိုင်ရေး ယခုကတည်းက ကြိုတင် တွက်ဆ၍ ပိုက်လိုင်းများ ခင်းကျင်းထားရန် လိုအပ်ပါကြောင်း၊ ပိုက်လိုင်းများကြံ့ခိုင်မှုသည် အထူး အရေးကြီးပါကြောင်း၊ ပုံမှန်စစ်ဆေးမှုများအား အလေးထားဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ပိုက်လိုင်းများ သွယ်တန်းရာတွင် ပိုက်လိုင်းလမ်းကြောင်းပြ အမှတ်အသားများ စနစ်တကျ တပ်ဆင် ထားရန်လိုအပ်ပါကြောင်း၊ သို့မှသာချို့ယွင်းချက်ရှိသောအပိုင်းကို အချိန်နှင့်တပြေးညီ ပြုပြင်နိုင်မည် ဖြစ်ပါကြောင်း လမ်းညွှန်မှာကြားပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေနံတွင်းတူး စက် ZJ 50 D Sr.2 ဖြင့် တွင်းအမှတ် ၂၁ တူးဖော်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တွင်းတူးစက်ရှိ ဝန်ထမ်းများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်သည်များ ဖြည်းဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ 

             ညောင်တုန်း-မအူပင် ရေနံနှင့်သဘာဝဓာတ်ငွေ့မြေသည် ယခုလက်ရှိ နေ့စဉ် လေဆီ ၃၀၀ စည်ခန့်နှင့် သဘာဝဓာတ်ငွေ့ ၃၇ သန်းခန့်ထုတ်လုပ်ပေးလျက်ရှိပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့များ အား မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၏ သံပုရာကန်စက်ရုံ၊ အမှတ်(၄) ဓာတ်မြေသြဇာစက်ရုံ၊ အမှတ် (၅)ဓာတ်မြေသြဇာစက်ရုံ၊ အမှတ်(၂)ရေနံ ဓာတ်ငွေ့ရည်စက်ရုံနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ CNG အရောင်းဆိုင်များနှင့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့  ရေနံနှင့်သဘာဝ ဓာတ်ငွေ့များ ပုံမှန် ပို့လွှတ် ဖြန့်ဖြူးပေးလျက်ရှိပါသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မအူပင်-ညောင်တုန်း ၁၄ လက်မ ပိုက်လိုင်း ဆက်သွယ်ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ရောက်ရှိရာ အင်ဂျင်နီယာချုပ်(ပိုက်လိုင်း) မှ မအူပင် ရေနံမြေမှ သဘာဝဓာတ်ငွေ့ ပိုမိုတိုးတက်ထုတ်လုပ်နိုင်မည့် အလားအလာ ကောင်းများ တွေ့ရှိလာ ရသဖြင့် သဘာဝဓာတ်ငွေ့ပိုမိုဖြန့်ဖြူးပေးနိုင်ရန်အတွက် မူလ ၁၀ လက်မပိုက်လိုင်းအပြင် ၁၄ လက်မ PE Coated ပိုက်လိုင်းအသစ် တည်ဆောက် ဆက်သွယ် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အပြီးတည်ဆောက် သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ပိုက်လိုင်းတည်ဆောက် ဆက်သွယ် ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများ အတိုင်း လိုက်နာဆောင်ရွက်ရန်၊ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ဒေသပြည်သူများအား ပိုက်လိုင်းနှင့်ပက်သက်သည့် ဆောင်ရန်ရှောင်ရန်များကို ဒေသပြည်သူများအား အသိပညာ ပေးမှုများ ပြုလုပ်ပေးရန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်စေရေး အလေးထား ဆောင်ရွက်ရန် လမ်းညွှန်မှာကြားပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ ပါသည်။

Post under by : ဝန်ကြီးရုံး
01-Feb-2020