၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ( ၁၄ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦး နှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်ရှိ မအူပင်ရေနံနှင့် သဘာဝဓာတ်ငွေ့ မြေသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင် ရေနံနှင့် သဘာဝဓာတ်ငွေ့မြေသို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် ရေနံမြေအထွေထွေမန်နေဂျာနှင့် တာဝန်ရှိသူများမှ လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ ၂၀၂၀ ပြည့်နှစ်အတွင်း ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့် မအူပင်ရေနံမြေရှိ ဖွံ့ဖြိုးရေးတွင်းအမှတ်(၂၁) တူးဖော်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထား လိုက်နာဆောင်ရွက်ရန်ကိစ္စများ၊ သတ်မှတ် ထားသော စံချိန်စံညွှန်းများနှင့်အညီ အပြည့်အဝ လိုက်နာဆောင်ရွက်ရန် ကိစ္စများ ၊ တာဝန်ရှိသူ များအနေဖြင့် ရေနံမြေဝန်ထမ်းများအတွက် လုပ်ငန်းခွင်အတွင်း သက်သာ ချောင်ချိစွာဖြင့် လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ရပ် ဖန်တီး ပေးရန် ကိစ္စများကို ဆွေးနွေးမှာကြားခဲ့ပါသည်။ ထို့ပြင် မိမိတို့နိုင်ငံ၏ သဘာဝဓာတ်ငွေ့ လိုအပ်ချက်မှာ မြင့်မားလျက်ရှိရာ အဆိုပါ လိုအပ်ချက်ကို မိမိတို့ဝန်ကြီးဌာနမှ ဖြည့်ဆည်းပေးရန် တာဝန်ရှိပါကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုမိုတိုးတက် ထုတ်လုပ်နိုင်သည်နှင့်အမျှ စက်ရုံ၊ အလုပ်ရုံများ၏ ကုန်ထုတ်လုပ်မှု ပိုမိုတိုးတက်လာမည့်အပြင် ခရီးသည်ပိုဆောင်ရေးကဏ္ဍ အတွက် သာမက ကုန်စည်ပို့ဆောင်ရေးကဏ္ဍတွင်ပါ CNG သုံး မော်တော်ယာဉ်များ ပိုမိုအသုံးပြု နိုင်မည် ဖြစ်ပါကြောင်း၊ သိုဖြစ်ပါ၍ သဘာဝဓာတ်ငွေ့ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ဝန်ထမ်း များမှ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နောင်တွင် ပိုမိုသုံးစွဲ လာမည့် သဘာဝဓာတ်ငွေ့များအား သက်ဆိုင်ရာဌာနများအရောက် ဖြန့်ဖြူးပေးနိုင်ရေး ယခုက တည်းက ကြိုတင်တွက်ဆ၍ ပိုက်လိုင်းများ သွယ်တန်းခင်းကျင်းထားရန် လိုအပ်ပါကြောင်း၊ ပိုက်လိုင်းများ ကြံ့ခိုင်မှုသည် အထူးအရေးကြီးပါကြောင်း၊ ပုံမှန်စစ်ဆေးမှုများအား အလေးထား ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဆွေးနွေးမှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေနံတွင်းတူးစက် ZJ 50 D SR.2 ဖြင့် တွင်းအမှတ် ၂၁ တူးဖော်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တွင်းတူးစက်ရှိ ဝန်ထမ်းများနှင့် ရင်းရင်း နှီးနှီး တွေ့ဆုံ၍ လိုအပ်သည်များ ဖြည်းဆည်းဆောင်ရွက် ပေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေနက်တွင်းအမှတ် (DT-5) သို့ ရောက်ရှိပြီး လေဆီနှင့် သဘာဝဓာတ်ငွေ့များ ထုတ်လုပ်ဖြန့်ဖြူးပေးနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။
အဆိုပါ ပေနက်တွင်းအမှတ် (DT-5) ကို ၆ - ၁၂ - ၂၀၁၄ ရက်နေ့တွင် စတင်တူးဖော် ခဲ့ပြီး လက်ရှိတွင် သဲကြောအမှတ်(A) ၆၉၅၀ ပေ နှင့် သဲကြောအမှတ် (B) ၇၄၀၀ ပေ သဲကြော (၂)ကြောမှ တစ်နေ့လျှင် လေဆီ (၆၄)စည်နှင့် သဘာဝဓာတ်ငွေ့ (၇.၂၄၄) ကုဗပေသန်းကို ထုတ်လုပ်ပေးလျက်ရှိပါသည်။
ညောင်တုန်း/မအူပင် ရေနံနှင့်သဘာဝဓာတ်ငွေ့မြေသည် ယခုလက်ရှိ နေ့စဉ် လေဆီ ၂၇၀ စည် ခန့်နှင့် သဘာဝဓာတ်ငွေ့ ၃၃ သန်းခန့် ထုတ်လုပ်ပေးလျက်ရှိပြီး လေဆီနှင့် သဘာဝဓာတ်ငွေ့များအား မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း လက်အောက်ရှိ သံပုရာကန် စက်ရုံ၊ အမှတ်(၄) ဓာတ်မြေသြဇာစက်ရုံ၊ အမှတ်(၅)ဓာတ်မြေသြဇာစက်ရုံ၊ အမှတ်(၂)ရေနံ ဓာတ်ငွေ့ရည် စက်ရုံ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ CNG အရောင်းဆိုင်များနှင့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ သဘာဝဓာတ်ငွေ့များ ပုံမှန်ပို့လွှတ်ဖြန့်ဖြူး ပေးလျက်ရှိပါသည်