၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ( ၂၀ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား သုံးစွဲမှု တစ်နိုင်ငံလုံး၏ (၅၀ %) ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ် ၆၆ ကေဗွီ ကော့ကရိတ်-ကြာအင်းဆိပ်ကြီး ဓာတ်အားလိုင်း ၄၁.၄၈ မိုင်နှင့် ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ကြာအင်းဆိပ်ကြီး ဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားအား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၏ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ (၅၀%)ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ် ၆၆ ကေဗွီ ကော့ကရိတ်-ကြာအင်းဆိပ်ကြီး ဓာတ်အားလိုင်း ၄၁.၄၈ မိုင်နှင့် ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ကြာအင်းဆိပ်ကြီး ဓာတ်အားခွဲရုံတို့အားဖွင့်လှစ်နိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက အမှာစကား ပြောကြားရာတွင် ယခုဖွင့်လှစ်သည့် အခမ်းအနားသည် ကော့ကရိတ်မှ ကြာအင်းဆိပ်ကြီးထိ ၄၁.၄၈ မိုင် ရှည်လျားသည့် ၆၆ ကေဗွီ ဓာတ်အားလိုင်းနှင့် ကြာအင်းဆိပ်ကြီးတွင် တည်ဆောက်ထားသည့် ၆၆/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံသစ် ဖွင့်ပွဲအခမ်းအနားဖြစ်ပါကြောင်း၊ ယခုလို တည်ဆောက်ပြီးစီးသွားသည့်အတွက် အိမ်ထောင်စုပေါင်း ၃၉၆၀ စုတို့ကို နိုင်ငံတော်ဓာတ်အား စနစ်မှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ယခုဓာတ်အားခွဲရုံကြီးမှ ဓာတ်အားစတင်ပို့လွှတ် ပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ယင်းတို့သည် ကြာအင်းဆိပ်ကြီး မြို့ပေါ် (၆) ရပ်ကွက်၊ အိမ်ထောင်စု ပေါင်း (၁၃၄၈) စု၊ မြို့နယ်တွင်းရှိ ကျေးရွာ (၁၂) ရွာ၏ အိမ်ထောင်စု ပေါင်း (၁၃၆၉) စု၊ မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်အတွင်း ကျေးရွာ (၃) ရွာ၊ အိမ်ထောင်စုပေါင်း (၁၂၄၃)စု ဖြစ်ပါကြောင်း၊ လျှပ်စစ် ဓာတ်အားရရှိပြီဖြစ်သည့်အတွက် ဓာတ်အားခွဲရုံ အနီးတဝိုက်ရှိ ပြည်သူ၊ ပြည်သားများ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးတို့ လျင်မြန်စွာတိုးတက်ပြောင်းလဲ လာကြတော့မည်ဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားကို တစ်နိုင်ငံလုံး၏ ၃၄ ရာခိုင်နှုန်း သာ အသုံးပြုနိုင်ခဲ့ရာမှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းသော ပြည်သူ/ပြည်သားများ လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ကြပြီဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်နေ့တွင် နိုင်ငံတော် ဓာတ်အားစနစ်မှ ဓာတ်အားသုံးစွဲမှု ၅၀ ရာခိုင်နှုန်းပြည့်အခမ်းအနားကို နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန(ရုံးချုပ်)တွင် သိုက်သိုက်ဝန်းဝန်း ကျင်းပခဲ့ပါ ကြောင်း၊ ယခု ဓာတ်အားခွဲရုံကြီးသို့ လျှပ်စစ်ဓာတ်အားရောက်ရှိရန် ဓာတ်အားပေးစက်ရုံအမျိုးမျိုးမှ စွမ်းအင်အမျိုးမျိုးဖြစ်သည့် ရေအားစွမ်းအင်၊ အပူစွမ်းအင်နှင့် နေရောင်ခြည်စွမ်းအင်တို့ကို အသုံးပြု ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးရပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် အမြင့်ဆုံး ၃၇၉၇ မဂ္ဂါဝပ်အထိ ဓာတ်အားထုတ်လုပ်ပေးခဲ့ပြီး၊ လာမည့် ၂၀၂၀ နွေရာသီတွင် မဂ္ဂါဝပ် ၄၅၀၀ နှင့် ၅၀၀၀ ကြား တိုးတက်သုံးစွဲလာမည်ဟု ခန့်မှန်းထားပါကြောင်း၊ ထိုသို့ တိုးမြှင့်ထုတ် ပေးနိုင်ရန် နိုင်ငံခြားမှ တင်သွင်းလာမည့် သဘာဝဓာတ်ငွေ့အရည် (LNG) ကို အသုံးပြုပြီး သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ (၃) ရုံမှ မဂ္ဂါဝပ် ၉၀၀ ခန့် ထုတ်လုပ်ပေးရန် စီစဉ်ထားပါကြောင်း၊ လက်ရှိ ဓာတ်အားထုတ်ပေးနေသော စက်ရုံ(၃)ရုံကို စွမ်းဆောင်ရည်မြင့်သော အင်ဂျင်စက်၊ တာဘိုင်စက် များနှင့် အစားထိုးတည်ဆောက်ခြင်းဖြင့် ၂၆၆ မဂ္ဂါဝပ် ထပ်မံရရှိအောင် စီစဉ်ဆောင်ရွက်ထား ပါကြောင်း၊ ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားကို ဗို့အားမြင့် ဓာတ်အားလိုင်းများဖြစ်သည့် ၂၃၀ ကီလိုဗို့၊ ၁၃၂ ကီလိုဗို့၊ ၆၆ ကီလိုဗို့တို့နှင့် သယ်ပို့ပြီး ဓာတ်အားခွဲရုံများ တည်ဆောက်ရပါကြောင်း၊ ယနေ့အထိ ၂၃၀ ကေဗွီ ဓာတ်အားလိုင်း အရှည် (၂၉၀၆.၆၂) မိုင်၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းအရှည် (၁၃၆၂.၄၉) မိုင်နှင့် ၆၆ ကေဗွီ ဓာတ်အားလိုင်း အရှည် (၅၁၁၅.၅၄) မိုင် အသီးသီး တည်ဆောက်ခဲ့ရပါကြောင်း၊ ယင်းဓာတ်အားလိုင်းများနှင့် ဆက်စပ်အသုံးပြုရမည့် ၂၃၀ ကေဗွီ ဓာတ်အား ခွဲရုံ (၆၇) ရုံ၊ ၁၃၂ ကေဗွီ ဓာတ်အားခွဲရုံ (၄၂) ရုံနှင့် ၆၆ ကေဗွီ ဓာတ်အားခွဲရုံ (၂၉၆) ရုံတို့ကိုလည်း ယနေ့အထိတည်ဆောက်အသုံးပြုနေရပါကြောင်း၊ လုံလောက်မှု မရှိသေးသဖြင့် နောက်ထပ်စီမံကိန်းများကိုလည်း လုပ်ဆောင်နေရပါကြောင်း၊ ဗို့အားမြင့် ဓာတ်အားလိုင်းဖြင့် သယ်ပို့ပြီးနောက် ဖြန့်ဖြူးရေးအပိုင်းဖြစ်သည့် ၃၃ ကီလိုဗို့၊ ၁၁ ကီလို ဗို့နှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများ၊ ၄၀၀ ဗို့အားသို့ ချသော ထရန်စဖော်မာများကိုလည်း တိုးချဲ့ တည် ဆောက်ပေးမှသာ ဤဒေသရှိ နေအိမ်များတွင် အသုံးပြုနေသော လျှပ်စစ်ဓာတ်အားအဖြစ် ရောက်ရှိ အသုံးပြုနိုင်ကြခြင်းဖြစ်ပါကြောင်း၊ ယခုလို အဆင့်ဆင့်သယ်ပို့ဖြန့်ဖြူးရေး လုပ်ငန်းများ ဖြစ်ပေါ်လာ စေရန် ပြည်ထောင်စု၏ ဘတ်ဂျက်၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ၏ ဘတ်ဂျက်တို့အပြင် ပြည်ပ နိုင်ငံများမှ JICA ၊ ADB ၊ World Bank အစရှိသည့် အဖွဲ့အစည်းများမှ အတိုးနှုန်းချိုသာသော ချေးငွေများဖြင့် စီစဉ်ဆောင်ရွက်ခဲ့ရပါကြောင်း၊ ယခုဖွင့်လှစ်သည့် ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်း ဖြစ်ပေါ်လာရန်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၏ ပြည်ထောင်စုရန်ပုံငွေမှ ကျပ်သိန်းပေါင်း ၅၂,၉၂၀ ကျော်ဖြင့် သုံးစွဲ တည်ဆောက်ခဲ့ရပါကြောင်း၊ ဓာတ်အားခွဲရုံမှ ၁၁ ကီလိုဗို့ ဓာတ်အားလိုင်း များ တိုးချဲ့ တည်ဆောက်ခြင်း၊ ၁၁/၀.၄ ကေဗွီအေ ထရန်စဖော်များ တည်ဆောက်ခြင်းလုပ်ငန်းများ အတွက် ကရင်ပြည်နယ် အစိုးရ၏ ရန်ပုံငွေကျပ်သိန်းပေါင်း ၂,၆၅၂.၇၂၈ အကုန်အကျခံ တည်ဆောက်ပေးခဲ့ပါကြောင်း၊ ကရင်ပြည်နယ်အတွင်း ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျေးရွာ (၂၇) ရွာ၊ အိမ်ထောင်စုပေါင်း ၃၄၇၄ စု လျှပ်စစ်မီးအလင်း ထပ်မံရရှိစေရန် ပြည်နယ်အစိုးရ ရန်ပုံငွေအဖြစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ်သိန်းပေါင်း ၇၃၁၆.၇၆ ကိုလည်းကောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ကျပ်သိန်းပေါင်း ၁၈၆၂၉.၈၃ ကိုလည်းကောင်း အသီးသီး လျာထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကရင်ပြည်နယ်အတွင်း တိုးချဲ့ဖြန့်ဖြူးနိုင်ရန် ဘားအံမြို့နယ်၊ မိသရောင်း(ရွှေဂဲ)တွင် ၆၆ ကီလိုဗို့ ဓာတ်အားလိုင်းတိုးချဲ့ခြင်းနှင့် ဆက်စပ်ခွဲရုံ တည်ဆောက်ခြင်း၊ ပိုင်ကျုံမြို့တွင် ၃၃ ကီလိုဗို့လိုင်းနှင့် ဆက်စပ်ခွဲရုံများ တည်ဆောက်ခြင်း လုပ်ငန်းများကိုလည်း စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကြာအင်းဆိပ်ကြီးမှ ဘုရားသုံးဆူသို့ ၆၆ ကီလိုဗို့ ဓာတ်အားလိုင်း ထပ်မံတည်ဆောက်ပြီး နိုင်ငံတော်၏ဓာတ်အားစနစ်ကို တိုးချဲ့သုံးစွဲနိုင် အောင် ဆောင်ရွက်နေပါကြောင်း၊ လွန်ခဲ့သည့် နှစ် ၄၀ (၁၉၈၀ ခုနှစ်)က ယခုနေရာတွင် ၁၅၀ ကေဗွီအေ ဒီဇယ်အင်ဂျင်စက်နှင့် လျှပ်စစ်မီးကို အချိန်ပိုင်းသာ အသုံးပြုခဲ့ရပါကြောင်း၊ ၁၉၈၅ ခုနှစ် တွင် နောက်ထပ် ၁၅၀ ကေဗွီအေ၊ ၁၉၉၇ ခုနှစ်တွင် နောက်ထပ် ၃၀၀ ကေဗွီအေ ဒီဇယ် အင်ဂျင်စက်များ တိုးချဲ့ တပ်ဆင်ပေးပြီး၊ အသုံးပြုနိုင်သောဓာတ်အားသည် တစ်ရက်လျှင် (၃) နာရီ ခန့်သာ အသုံးပြုခွင့် ရခဲ့ရာမှ ယခုဆိုလျှင် နိုင်ငံတော်ဓာတ်အားစနစ်မှ ၂၄ နာရီပတ်လုံး သုံးစွဲခွင့် ရကြပြီဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ရည်မှန်းချက်သည် နိုင်ငံတော်ဓာတ်အား စနစ်မှ ဓာတ်အားဖြန့်ဖြူးပေးနိုင်မှုကို ၂၀၁၉ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း၊ ၂၀၂၁ ခုနှစ်တွင် ၅၅ ရာခိုင်နှုန်း၊ ၂၀၂၅ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းနှင့် ၂၀၃၀ ပြည့်နှစ်တွင် ရာနှုန်းပြည့် ဖြစ်ပေါ်လာအောင် စီမံဆောင်ရွက်နေပါကြောင်းနှင့် ယခုကဲ့သို့ တိုးတက် ဖြစ်ပေါ်လာသော ဓာတ်အားထုတ်စက်ရုံများ၊ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာများ ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ဌာနမှဝန်ထမ်းများနှင့်အတူ ဒေသခံပြည်သူ/ ပြည်သားများမှ ဝိုင်းဝန်း ကူညီထိန်းသိမ်း စောင့်ရှောက်ပေးကြပါရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ကရင်ပြည်နယ်၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစိုးလှိုင်က လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၏ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ (၅၀ %) ပြည့်မြောက်သည့်အထိမ်းအမှတ်အဖြစ် ၆၆ ကေဗွီ ကော့ကရိတ်-ကြာအင်းဆိပ်ကြီး ဓာတ်အားလိုင်း ၄၁.၄၈ မိုင်နှင့် ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ကြာအင်းဆိပ်ကြီး ဓာတ်အားခွဲရုံတို့အား ဖွင့်လှစ်နိုင် ခဲ့ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
၎င်းနောက် ၆၆ ကေဗွီ ကော့ကရိတ်-ကြာအင်းဆိပ်ကြီး ဓာတ်အားလိုင်း ၄၁.၄၈ မိုင်နှင့် ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ကြာအင်းဆိပ်ကြီး ဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနား မုဒ်ဦးအား ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင် ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ ကရင်ပြည်နယ်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစိုးလှိုင်နှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး (ငြိမ်း) ဦးစောဝင်းမောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပါသည်။
ထို့နောက် ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ကြာအင်းဆိပ်ကြီး ဓာတ်အားခွဲရုံ ကမ္ဗည်း ကျောက်စာအား ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းတို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကာ ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။
မွန်းလွှဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ငန်းတေး သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများမှ နွေရာသီ ဓာတ်အား မပြတ်တောက်စေရေး၊ စက်စွမ်းပြည့်လည်ပတ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက် ထားရှိမှုအခြေအနေ များအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက မိမိတို့ဌာနသည် ပြည်သူများလိုအပ်သည့် လျှပ်စစ် ဓာတ်အားကို ထုတ်လုပ်ဖြန့်ဖြူးပေးနေရသည့်အတွက် ဓာတ်အားပေးစက်များ စဉ်ဆက်မပြတ် မောင်းနှင်လည်ပတ်ရန် လိုအပ်ကြောင်း၊ ဓာတ်အားပေးစက်များ ကြံ့ခိုင်မှုပြည့်ဝကောင်းမွန်နေစေရန် အလွန်အရေးကြီးကြောင်း၊ သတ်မှတ်နာရီအလိုက် လုပ်ဆောင်ရမည့် ကြံ့ခိုင်ထိန်းသိမ်းရေးလုပ်ငန်း များကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထား လိုက်နာဆောင်ရွက်သွားရန်နှင့် စက်ရုံရေရှည်တည်တံ့ခိုင်မြဲကောင်းမွန်အောင် အားလုံး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဓာတ်အား ထိန်းချုပ်ခန်းအတွင်း ဓာတ်အားပေး စက်များ မောင်းနှင်လည်ပတ်၍ ဓာတ်အားထုတ်လုပ်နေမှု အခြေအနေ တို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၃၀ ကေဗွီ မော်လမြိုင်ပင်မဓာတ်အား ခွဲရုံသို့ ရောက်ရှိရာဓာတ်အားခွဲရုံမှူးမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့်ထရန်စဖော်မာ ထပ်မံတိုးချဲ့တပ်ဆင်တည်ဆောက်မည့်အခြေအနေ၊ မော်လမြိုင်-ရေး-ထား၀ယ် ၂၃၀ ကေဗွီ ဓာတ်အားလိုင်း ပို့လွတ်ရန်စီစဉ်ထားမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက တိုးချဲ့တပ်ဆင်တည်ဆောက်မည့် လုပ်ငန်းများအား အချိန်မီ ပြီးစီးနိုင်ရေး၊ သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်၀ကောင်းမွန်စေရေးနှင့် ဓာတ်အား စဉ်ဆက်မပြတ် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး အလေးထားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီး ဓာတ်အားထိန်းချူပ်ခန်းအတွင်း ဓာတ်အား လက်ခံ ပို့လွှတ်ဖြန့်ဖြူး ပေးနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၎င်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သထုံမြို့ရှိ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် တည်ဆောက် ထားသော သထုံသဘာ၀ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့်အတူ ဓာတ်အားပေးစက် ထိန်းချုပ်ခန်းနှင့် ဓာတ်အားပေးစက်များ မောင်းနှင်လည်ပတ် ဓာတ်အား ထုတ်လုပ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကာ ဓာတ်အားပေးစက်များ ကြံ့ခိုင် ကောင်းမွန်ပြီး စဉ်ဆက်မပြတ် ဓာတ်အားထုတ်လုပ်ပေးရန် ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း၊ ကြံ့ခိုင်ထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း သတ်မှတ်နာရီအလိုက် စနစ်တကျ ဆောင်ရွက်ရန်လို ကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စက်ရုံရေရှည်တည်တံ့ခိုင်မြဲကောင်းမွန်အောင် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။