၂၀၂၀ ပြည့်နှစ်၊ မတ်လ ( ၁ ) ရက်
၂၀၂၀ ပြည့်နှစ် နွေရာသီကာလအတွင်း လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ဖြည့်ဆည်း ပေးနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်း မြို့နယ်အတွင်းရှိ (၃၅၀) မဂ္ဂါဝပ် LNG to Power သီလဝါ ဓာတ်အားပေးစက်ရုံ စီမံကိန်းအသစ်နှင့် အလုံမြို့နယ်အတွင်းရှိ (၁၅၁) မဂ္ဂါဝပ် LNG to Power အလုံဓာတ်အားပေး စက်ရုံ စီမံကိန်းအသစ်တို့၏ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများ အား ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁ ရက်နေ့တွင် လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ လျက် သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။
ရှေးဦးစွာ သီလဝါဓာတ်အားပေးစက်ရုံ ၊ အစည်းအဝေးခန်းမတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့ အား (၃၅၀) မဂ္ဂါဝပ် LNG to Power သီလဝါ ဓာတ်အားပေး စက်ရုံစီမံကိန်းအသစ် အကောင်အထည် ဖော် ဆောင်ရွက်နေသည့် V-Power Co.,Ltd. မှ တာဝန်ရှိသူအသီးသီးတို့က စီမံကိန်းဆိုင်ရာ အချက် အလက်များ ၊ ဓာတ်အားပေး စက်ပစ္စည်းများ ရောက်ရှိမှု တပ်ဆင်နေမှု အခြေအနေ၊ တည်ဆောက် ပြီးစီးပါက ဓာတ်အားထုတ်လုပ်ပေးမည့် အစီအစဉ်များတို့အား လည်းကောင်း ရှင်းလင်း တင်ပြကြပါသည်။ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လာမည့် နွေရာသီကာလတွင် နိုင်ငံတစ်ဝန်းလုံး လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြန့်ဖြူးပေးနိုင်ရေး နှင့် တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အချိန်မီ ဖြည့်ဆည်းပေးနိုင်ရေး အတွက် ဤစီမံကိန်းများ သတ်မှတ်အချိန်ပြီးစီးရန် အရေးကြီးပါကြောင်း တိုက်တွန်းပြောကြားခဲ့ ပါသည်။ ယင်းနောက် စီမံကိန်းဧရိယာအတွင်းသို့ လှည့်လည်ကြည့်ရှု့ စစ်ဆေးရာ LNG သင်္ဘော ဆိုက်ကပ်မည့်ဆိပ်ကမ်း (Jetty) တည်ဆောက်မှု (၄၀) ရာခိုင်နှုန်း ပြီးစီးနေမှု အခြေအနေ၊ Regasification Unit တပ်ဆင်နေမှု (၁၅)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေ ၊ Medium Speed နှင့် High Speed ဓာတ်အားပေးစက်များ တပ်ဆင်ရန် Foundation (၈၅)ရာခိုင်နှုန်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ ၊ ၂၀ လက်မ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမှု (၉၀) ရာခိုင်နှုန်း ပြီးစီးနေမှုအခြေအနေ ၊ ၂၃၀ ကေဗွီ ဓာတ်အားလိုင်း တာဝါတိုင် (၇)တိုင်၏ Foundation လုပ်ငန်း (၁၀၀)ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးနေမှု အခြေအနေနှင့် သီလဝါ ဓာတ်အားပေးစက်ရုံတွင် ဓာတ်အားခွဲရုံ တိုးချဲ့ခြင်းလုပ်ငန်း (၃၅)ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အလုံမြို့နယ်၊ အလုံဓာတ်အားပေး ရောက်ရှိရာ အစည်းအဝေးခန်းမတွင် CEEC ကုမ္ပဏီမှ တာဝန်ရှိသူများက အလုံ (၁၅၁) မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးက မကွေး၊ ရွှေတောင်၊ ကျွန်းချောင်း၊ အလုံ၊ ကျောက်ဖြူ၊ သန်လျင် နှင့် သာကေတတို့တွင် ဓာတ်အားပေးစက်ရုံ စီမံကိန်းအသစ် (၇)ခုမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် (၁၀၀၀)ကျော် ထုတ်လုပ်ပေးနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ မကွေး သဘာ၀ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ (၆၆)မဂ္ဂါဝပ်ကို (၂၁.၁၂.၂၀၁၉) ရက်နေ့တွင် အောင်မြင်စွာ ဖွင့်လှစ်နိုင်၍ မောင်းနှင်ဓာတ်အားထုတ်လုပ်နေပြီဖြစ်ကြောင်း ၊ ဓာတ်အားပေးစက်ရုံအသစ်၏ စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ချိန် ကာလအတွင်းပြီးစီး၍ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးအားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ စီမံကိန်းလုပ်ငန်းခွင်သုံး ပစ္စည်းများအား သတ်မှတ်စံချိန် စံညွှန်းအရည်အသွေး ပြည့်မီရေး၊ ဓာတ်အားပေးစက်ရုံတွင် တပ်ဆင်မည့် စက်ပစ္စည်းများ သတ်မှတ်ကာလအတွင်း အချိန်မီ ရောက်ရှိစေရေး ၊ ရောက်ရှိပစ္စည်းများ သတ်မှတ်ရက် ထက်စောပြီး တပ်ဆင်ပြီးစီးရေးနှင့် ရောက်ရှိရန်ကျန်နေသော စက်ပစ္စည်းများအား အချိန်မီ ရောက်ရှိစေရေး စနစ်တကျ စီမံကွပ်ကဲ ကြီးကြပ်ဆောင်ရွက်သွားရန် ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး အထူးဂရုပြု ဆောင်ရွက်သွားကြရန်တို့ကို လမ်းညွှန်မှာကြားခဲ့ပြီး ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ရောဂါ ဖြစ်ပွားနေမှုကြောင့် တရုတ်နိုင်ငံရှိ စက်ပစ္စည်းထုတ်လုပ်သော စက်ရုံများ ပိတ်ထားခြင်းနှင့် ကျွမ်းကျင်ပညာရှင်များ မလာရောက်နိုင်ခြင်းတို့ကြောင့် စီမံကိန်း လုပ်ငန်းများ နှောင့်နှေး ကြန့်ကြာနေမှုများကို အမြန်ကုစားနိုင်ရေး အစီအမံများချမှတ်ပေးခဲ့ကာ ဓာတ်အားပေးစက်ရုံ စီမံကိန်းအသစ် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ တို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ ပါသည်။