The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

 

၂၀၂၀ ပြည့်နှစ်၊ မတ်လ  (    )  ရက်    

              လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၅ ရက်နေ့၊ နံနက် ၀၈:၃၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

              အဆိုပါအစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာန/ လုပ်ငန်း/ကော်ပိုရေးရှင်းများမှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ခရိုင်လျှပ်စစ် အင်ဂျင်နီယာများ တက်ရောက်ကြပါသည်။

              ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် လာမည့်နွေရာသီတွင် ပြည်သူများ တည်ငြိမ်ပြည့်ဝသည့် လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ဖြန့်ဖြူး ပေးနိုင်ရေး ဆောင်ရွက်ထားမှု အခြေအနေများနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းပေးရန် တိုင်း ဒေသကြီး/ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများနှင့် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ ယခုလို ပြည်သူများအား တည်ငြိမ်ပြည့်ဝသည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေးအတွက် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် နောင် ၅ နှစ်အတွက် ဓာတ်အား လိုအပ်ချက်သည် ၃၀၀၀ မဂ္ဂါဝပ်ခန့် လိုအပ် မည်ဟု ခန့်မှန်းတွက်ချက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုလိုအပ်ချက်အား ဖြည့်ဆည်းနိုင်ရေး တိုးတက် ထုတ်လုပ်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနှစ်၊ ဧပြီလမှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအထိ ၉၀၄ မဂ္ဂါဝပ် တိုးတက်ထုတ်လုပ်ပေးနိုင်ခဲ့သည့်အတွက် ၂၀၁၆ ခုနှစ်တွင် နိုင်ငံတော် ဓာတ်အား စနစ်မှ လျှပ်စစ်မီးသုံးစွဲသူ ၃၄ % ရှိခဲ့ရာမှ ယခုအခါ ၅၀% အထိ တိုးတက် အောင် ဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း၊ ယခုနွေရာသီတွင်လည်း ၁၁၆၆ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ခဲ့ရာ ၆၆ မဂ္ဂါဝပ်အား ထုတ်လုပ်ပေးနိုင်ခဲ့ပြီဖြစ် ကြောင်း၊ ဆက်လက်ထုတ်လုပ်နိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ဖက်တွင် Generation အပိုင်းကို တိုးတက်ထုတ်လုပ်ရန် ဆောင်ရွက်နေသကဲ့သို့ ၎င်းထွက်ရှိလာမည့် ဓာတ်အားများကို သယ်ယူပို့ဆောင်ပေးနိုင်ရေး ဓာတ်အားလိုင်းများ (Transmission)အပိုင်းကိုလည်း ဟန်ချက်ညီညီ ကြိုးပမ်းဆောင်ရွက်လျက် ရှိသည့်အပြင် ပြည်သူများသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် ဓာတ်အား ဖြန့်ဖြူးရေး (Distribution) အပိုင်းကိုလည်း တိုးချဲ့ဆောင်ရွက်လျက်ရှိရာ ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ၊ ၆၆ ကေဗွီ၊ ၃၃ ကေဗွီ၊ ၁၁ ကေဗွီ၊ ၆.၆ ကေဗွီနှင့် ၀.၄ ကေဗွီဓာတ်အားလိုင်းမိုင် စုစုပေါင်း (၆၂၆၉၂) မိုင်နှင့် ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ၊ ၆၆ ကေဗွီ၊ ၃၃ ကေဗွီ၊ ၁၁ ကေဗွီနှင့် ၆.၆ ကေဗွီ ဓာတ်အားခွဲရုံ စုစုပေါင်း (၃၇၇၃၂) အမ်ဗွီအေ တို့ကို တိုးချဲ့ဆောင်ရွက်ပေးနိုင်ခဲ့ ပါကြောင်း၊ ဝန်အားပြည့်နေသော ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများကိုလည်း ဆက်လက်၍ အဆင့်မြှင့်တင်ရန် စီမံဆောင်ရွက် လျက်ရှိကြောင်း၊ ယခုအခါ တစ်နိုင်ငံလုံး၏ ၅၀% အထိ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ၂၀၂၀-၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၅၅ % အထိ ဓာတ်အားဖြန့်ဖြူးပေးနိုင် ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ပိုမိုအရေးကြီးသည့်အချိန်ကို ရောက်ရှိလာပြီဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရပြီး ၂၄ နာရီ အချိန်ပြည့် ဝန်ဆောင်မှုပေးနေရသည့်ဌာနဖြစ်သည့်အတွက် မိမိတို့၏ဝန်ဆောင်မှုအား ကောင်းသည်ထက် ကောင်းအောင် ကြိုးစားနေရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လျှပ်စစ် ဓာတ်အားရရှိမှုသည် အဓိကအားဖြင့် အလွန်အရေးကြီးသည့် အခန်းကဏ္ဍအနေဖြင့် ပါဝင်သည့် အပြင် နိုင်ငံတော်အစိုးရအနေဖြင့်လည်း လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်၍ ယခုနှစ်တွင် ထုတ်လုပ်မှု အပိုင်း၊ သယ်ယူပို့ဆောင်မှု အပိုင်းနှင့် ဖြန့်ဖြူးမှုအပိုင်းတို့တွင် တိုးတက်ဖြစ်ပေါ်မှုများကို ယခင်က ထက် ပိုမို ကောင်းမွန်လာစေရန် မျှော်မှန်းထားသည့်အတွက် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်သည်များကို ဖြည့်ဆည်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဖြည့်ဆည်း ပေးမှုအပေါ် မိမိတို့အနေဖြင့်လည်း အရည်အသွေးပြည့်ဝသော လျှပ်စစ်ဓာတ်အားကို စဉ်ဆက်မပြတ် ဖြန့်ဖြူး ပေးနိုင်ရေးနှင့် ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရေးအတွက်  ကြိုတင်စီမံဆောင်ရွက်ထား ကြရန်နှင့် လိုအပ်သည်များကို စနစ်တကျ စီမံခန့်ခွဲ ထားကြရန် လိုအပ်ကြောင်း၊ ဓာတ်အားဖြန့်ဖြူးမှု အပိုင်းတွင် သိသိသာသာ ပြောင်းလဲ ဆောင်ရွက်နိုင်ရေး စဉ်းစားဆောင်ရွက်ကြရန်နှင့် ဓာတ်အား သုံးစွဲမှုအတွက် ပြည်သူများ ကျေနပ်သည့် ဝန်ဆောင်မှုမျိုးဖြစ်ရန် လိုအပ်ကြောင်း၊ ပြည်သူများ လိုချင်သည့် လျှပ်စစ်ဓာတ်အားကို လိုချင်သည့်နေရာတွင် လိုချင်သလောက်ပေးနိုင်သည့် အဖွဲ့ အစည်းမျိုး ဖြစ်ရန်လိုကြောင်း၊ Mind Set များကို ပြုပြင်ပြောင်းလဲရန်နှင့် အောက်ခြေအဆင့်အထိ ရောက်ရှိအောင် ပြောင်းလဲဆောင်ရွက်နိုင်ရေး ချပြရှင်းလင်းရန် လိုအပ်ကြောင်း၊ လုပ်ငန်း ဆောင်ရွက်မှုများအား အဆင့်ဆင့်တင်ပြ၍ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဝန်ဆောင်မှုအပိုင်းတွင်လည်း သိသိသာသာ တိုးတက် ကောင်းမွန်လာအောင် ရည်မှန်းချက်ထား ဆောင်ရွက်ရန်နှင့် အရည်အသွေးပြည့်ဝပြီး တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အား များကို နောက်ထပ် ၅ နှစ်စာ စဉ်ဆက်မပြတ် ဖြန့်ဖြူး ပေးနိုင်ရေး Generation Complex Plan နှင့် Transmission Hub Plan များကိုလည်း စီမံချက်များ ရေးဆွဲချမှတ်ထားပြီးဖြစ်၍ ၎င်းစီမံချက်များ အပေါ်၌လည်း အားလုံးမှ ဝိုင်းဝန်း၍ ဟန်ချက်ညီညီ ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မကြာမီကာလတွင်လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ဖြေဆိုသည့်ကာလသို့ ရောက်ရှိတော့မည်ဖြစ်သည့်အတွက် စာမေးပွဲမဖြေဆိုမီနှင့် ဖြေဆိုချိန်ကာလများ၌ လျှပ်စစ်မီး မပြတ်တောက်စေရန် စီမံထားရှိမှု များအပေါ် စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းတို့အား  ပြောကြားခဲ့ ပါသည်။           

          ထို့နောက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့်  တိုင်း ဒေသကြီးနှင့် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာများက မိမိတို့၏တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများ၊ ဓာတ်အားပျောက်ဆုံးမှုနှင့် ဓာတ်အား ပြတ်တောက်မှု လျော့နည်းကျဆင်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေတို့အား အသီးသီး ရှင်းလင်း တင်ပြကြပြီး ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက သုံးသပ်ဆွေးနွေး တင်ပြခဲ့ကာ ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီးနှင့် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
05-Mar-2020