နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ မေလ ( ၂၁ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ မူဝါဒဖြစ်သော ပြည်သူလူထု၏ လူနေမှုအဆင့်အတန်း မြင့်မားစေရေးအတွက် အဓိကအချက်များအနက် ကဏ္ဍတစ်ခုဖြစ်သည့် လျှပ်စစ်မီးရရှိရေးကို ဒေသအသီးသီးသို့ ဖြန့်ကျက်ဆောင်ရွက်ပေးလျက် ရှိပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ယခုနှစ်တွင် လျှပ်စစ်ကဏ္ဍကို တိုးတက်အောင် ဆောင်ရွက်နိုင်ရန် အများဆုံး ပံ့ပိုးဆောင်ရွက်ပေးမှုနှင့်အတူ နှစ်စဉ်တိုးတက်သုံးစွဲနေသော လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် ယခုနှစ် နွေရာသီတွင် တိုးတက် သုံးစွဲလာသော ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် Liquefied Natural Gas to Power စီမံကိန်းများအပါအဝင် လျှပ်စစ်ဓာတ်အား စုစုပေါင်း ၁၁၆၆ မဂ္ဂါဝပ် ထုတ်ပေးနိုင်မည့် စီမံကိန်းသစ် ၇ ခုကို ရန်ကုန်တိုင်းဒေသကြီး အလုံ၊ သန်လျင်၊ သာကေတတို့တွင်လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ မကွေးနှင့် ကျွန်းချောင်းတို့တွင်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ရွှေတောင်နှင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသတို့တွင်လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဆိုပါ စီမံကိန်း (၇)ခုအနက် မကွေးတိုင်းဒေသကြီးတွင် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သော မကွေး ၆၆ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့မှစတင်၍ နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ စတင်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးနိုင်ခဲ့ပြီး ကျန်စီမံကိန်း (၆) ခုကိုလည်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ၎င်းစီမံကိန်း (၆)ခုအနက် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အလုံ ဓာတ်အားပေးစက်ရုံဝင်းအတွင်းတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အလုံ ၁၅၁.၅၄ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းနှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျွန်းချောင်း ဓာတ်အားပေးစက်ရုံဝင်းအတွင်းတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျွန်းချောင်း ၂၀.၅၄ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းတို့မှ လျှပ်စစ်ဓာတ်အားများ စတင်ထုတ်လုပ်နိုင်ပြီ ဖြစ်ပါသည်။
လက်ရှိ ဌာနပိုင်အလုံဓာတ်အားပေးစက်မှာ ယခင်တစ်ရက်လျှင် ရတနာသဘာဝဓာတ်ငွေ့ ကုဗပေ ၃၆ သန်းကို အသုံးပြု၍ ၇၀ မဂ္ဂါဝပ်ခန့်သာ ဓာတ်အားထုတ်ပေးနိုင်ခဲ့သဖြင့် စက်စွမ်းရည် ကျဆင်းနေသောကြောင့် ၎င်းဓာတ်အားပေးစက်အစား စွမ်းရည်မြင့်မားသော စက်များဖြင့် အစားထိုးရန်အတွက် မြေနေရာနှင့် သဘာဝဓာတ်ငွေ့ ထောက်ပံ့ပေးနိုင်သော အလုံဓာတ်အားပေး စက်ရုံဝင်းအတွင်း တည်ဆောက်ရန် စီစဉ်ဆောင်ရွက်ခဲ့ပြီး စက်စွမ်းရည်မြင့်မားသည့် ဓာတ်အားပေးစက်များကို အသုံးပြုသည့်အတွက် လျှပ်စစ်ဓာတ်အား ၈၁ မဂ္ဂါဝပ် ပိုမိုထုတ်လုပ် နိုင်မည့် အကျိုးကျေးဇူးများ ရရှိခဲ့ခြင်းဖြစ်ပါသည်။
အလားတူ ကျွန်းချောင်းဓာတ်အားပေးစက်ရုံတွင်လည်း ယခင်ဌာနပိုင် ဓာတ်အားပေးစက်မှာ တစ်ရက်လျှင် ကုန်းတွင်းဓာတ်ငွေ့ ကုဗပေ ၅ သန်းကို အသုံးပြု၍ ၅ မဂ္ဂါဝပ်ခန့်သာ ဓာတ်အား ထုတ်ပေးနိုင်ခဲ့၍ စက်စွမ်းရည်ကျဆင်းနေသောကြောင့် စွမ်းရည်မြင့်မားသော ယခုလက်ရှိ ဓာတ်အားပေးစက်များဖြင့် အသုံးပြုသည့်အတွက် ၂၀.၅၄ မဂ္ဂါဝပ် ဓာတ်အားထုတ်ပေးနိုင် သောကြောင့် လျှပ်စစ်ဓာတ်အား ၁၅ မဂ္ဂါဝပ် ပိုမိုထုတ်လုပ်နိုင်မည့် အကျိုးကျေးဇူးများ ရရှိခဲ့ခြင်း ဖြစ်ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ၂၀၂၀ ပြည့်နှစ်၊ နွေရာသီကာလတွင် နိုင်ငံတော်၏ တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းပေးနိုင်ရန် မကွေး၊ ရွှေတောင်၊ ကျွန်းချောင်း၊ အလုံ၊ ကျောက်ဖြူ၊ သန်လျင်နှင့် သာကေတတို့တွင် ဓာတ်အားပေးစက်ရုံ စီမံကိန်းအသစ် (၇)ခုမှ စုစုပေါင်း ၁၁၆၆ မဂ္ဂါဝပ်အား တိုးမြှင့်ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး အတွက် စီမံဆောင်ရွက်ခဲ့ရာ မကွေး ၆၆ မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံ၊ အလုံ ၁၅၁.၅၄ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံနှင့် ကျွန်းချောင်း ၂၀.၅၄ မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံတို့မှ လျှပ်စစ်ဓာတ်အား များ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် ဓာတ်အားပေးစက်ရုံစီမံကိန်းများမှလည်း လျှပ်စစ် ဓာတ်အားများ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။