The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ မဟာဓာတ်အားလိုင်း၊ ပင်မဓာတ်အားခွဲရုံများဖွင့်ပွဲနှင့် လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်ခြင်းအခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း

(၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၈ ရက်)

ယနေ့ ကျင်းပပြုလုပ်တဲ့ ရှမ်းပြည်နယ်၊ နမ့်စန်-မိုင်းပျဉ်း-ကျိုင်းတုံ မဟာ ဓာတ်အား လိုင်းနဲ့ ကျိုင်းတုံပင်မဓာတ်အားခွဲရုံ၊ မိုင်းပျဉ်းပင်မဓာတ်အားခွဲရုံများ ဖွင့်ပွဲနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) သို့ လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်ခြင်းအခမ်းအနားသို့ ကြွရောက်လာကြတဲ့ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ တိုင်းရင်းသား မိဘပြည်သူများ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဧည့်သည် တော်များအားလုံးကို မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါ တယ်ခင်ဗျာ။

ယခင်ကဆိုရင် ဒီဇယ်ဓာတ်အားပေးစက်များ၊ အသေးစား ရေအားလျှပ်စစ် စက်များနဲ့ အချိန်ပိုင်းသာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ တွေကို ယခုဆိုရင် နိုင်ငံတော်ဓာတ်အားစနစ်ကနေပြီး ၂၄ နာရီပတ်လုံး ဓာတ်အား ဖြန့်ဖြူးပေးနိုင်ပြီ ဖြစ်ပါတယ်။ ယခုလို ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွေကို ၂၄ နာရီ ဓာတ်အားဖြန့်ဖြူးပေး နိုင်ဖို့အတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနဟာ နမ့်စန်-မိုင်းပျဉ်း-ကျိုင်းတုံ ၂၃၀ ကေဗွီ မဟာ ဓာတ်အားလိုင်းနဲ့ မိုင်းပျဉ်းနဲ့ ကျိုင်းတုံပင်မဓာတ်အားခွဲ ရုံကြီးများ အသစ်တည်ဆောက် ခြင်းအပြင်၊ နမ့်စန်မြို့က မူလရှိပြီးသား ၁၃၂ ကေဗွီ ဓာတ်အားခွဲရုံကို ၂၃၀ ကေဗွီအဆင့်သို့ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းတွေကိုပါ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။

ကျွန်တော်တို့အစိုးရဟာ နိုင်ငံတော် ကဏ္ဍပေါင်းစုံမှ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေးနဲ့ ပြည်သူများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေးနဲ့ သောက်သုံးရေရရှိရေးတို့ကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်လျက်ရှိရာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေဖို့ နိုင်ငံတစ်ဝန်းလုံးမှာ လမ်းကွန်ရက်များ ဖြန့်ကြက်တည်ဆောက်နေသလို လျှပ်စစ်ဓာတ်အား ရရှိရေးအတွက်ကိုလည်း အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိပါ တယ်။ နိုင်ငံအနှံ့ဖြန့်ကြက်ပြီး ဓာတ်အားပေး စက်ရုံ စီမံကိန်းများ၊ မဟာဓာတ်အားလိုင်းနဲ့ ပင်မဓာတ်အားခွဲရုံစီမံကိန်းများကို နှစ်စဉ် နှစ်တိုင်း ဘဏ္ဍာငွေအမြောက်အများ အသုံးပြုပြီး အကောင်အထည်ဖော် တည်ဆောက်ပေးလျက်ရှိတယ်။

နိုင်ငံတစ်ဝန်းလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် လျှပ်စစ်ဓာတ်အားရရှိရေးဟာ အခြေခံအကျဆုံးလိုအပ် ချက်ဖြစ်တာ ကြောင့် ကျွန်တော်တို့အစိုးရအနေနဲ့ တစ်နိုင်ငံလုံးကို လျှပ်စစ်ဓာတ်အား လိုအပ်ချက် အတိုင်း ပြည့်မီစွာထုတ်လုပ်ပေးနိုင်ရေး ဦးစားပေး ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့ အစိုးရ တာဝန်ယူ ဆောင်ရွက်ခဲ့တဲ့အချိန်ကစလို့ နိုင်ငံတော်ရဲ့ ဘဏ္ဍာရန် ပုံငွေအသုံးစရိတ်များကို လျှပ်စစ်ကဏ္ဍအတွက် ဦးစားပေး ခွဲဝေသတ်မှတ်ပေးခဲ့ပြီး လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေး အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်၊ ဧပြီလမှ ၂၀၂၀ ပြည့်နှစ် ဇွန်လအထိ ၄ နှစ်ကျော် ကာလအတွင်း စုစုပေါင်း (၂၀၀၅) မဂ္ဂါဝပ်ကို တိုးတက် ထုတ်လုပ်ပေးနိုင်ခဲ့ပြီလည်း ဖြစ်တယ်။

ကျွန်တော်တို့အစိုးရအနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်များအားလုံး ဟန်ချက် ညီညီ ဖွံ့ဖြိုးတိုးတက်အောင် တိုင်းရင်းသားလူမျိုးများအားလုံး သာတူညီမျှဖြစ်အောင် ကဏ္ဍ ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဓာတ်အားပေးစက်ရုံများ တိုးချဲ့ တည်ဆောက်ခဲ့တာ နဲ့အညီ ထုတ်လုပ်ပေးခဲ့တဲ့ဓာတ်အားများကို သုံးစွဲသူများအသုံးပြု နိုင်ရေး အတွက် ၂၀၁၆ ခုနှစ်မှစတင်၍ ၄ နှစ်ကျော်ကာလအတွင်း ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ၊ ၆၆ ကေဗွီ၊ ၃၃ ကေဗွီ၊ ၁၁ ကေဗွီနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း စုစုပေါင်း (၃၃၉၄၉) မိုင်ကျော်နှင့် ခွဲရုံများ အနေဖြင့် (၂၁၃၉၀) အမ်ဗွီအေကို တိုးချဲ့တည်ဆောက် ပေးနိုင်ခဲ့ပါ တယ်။

ဒါ့ကြောင့်လည်း နိုင်ငံတော်အနေနဲ့ နိုင်ငံတစ်ဝန်းလုံးသို့ လျှပ်စစ်ဓာတ်အား ပိုမို ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနှစ်၊ မတ်လမှာ အများဆုံးဝန်အား (၂၈၀၀) မဂ္ဂါဝပ် သုံးစွဲနိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် အများဆုံးဝန်အား (၃၈၂၈) မဂ္ဂါဝပ် သုံးစွဲ လျက်ရှိပါတယ်။ ကျွန်တော်တို့အစိုးရ စတင်တာဝန်ယူစဉ်က တစ်နိုင်ငံလုံးလျှပ်စစ်သုံးစွဲသူ (၃၄ %) အထိသာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ရာမှ ယခုဆိုရင် တစ်နိုင်ငံလုံး လျှပ်စစ် သုံးစွဲသူ (၅၄ %) အထိ တိုးတက်ဖြန့်ဖြူးနိုင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ၂၀၃၀ ပြည့်နှစ်မှာ တစ်နိုင်ငံလုံး ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး မဟာဗျူဟာ ချမှတ်ဆောင်ရွက်လျက်ရှိပါ တယ်။ ကျွန်တော်တို့အစိုးရရဲ့ ရည်မှန်းချက် ဖြစ်တဲ့ ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေးနဲ့ ဓာတ်အားပိုမိုဖြန့်ဖြူး နိုင်ရေး ဆောင်ရွက်ပေးနိုင်ခဲ့တဲ့အတွက် ပြည်သူ လူထုရဲ့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးနဲ့ ရင်းနှီး မြှုပ်နှံမှုများကိုလည်း များစွာတိုးတက်စေ ခဲ့ပြီ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်ကို ကြည့်မယ်ဆိုရင်လည်း ၂၀၁၆ ခုနှစ်မှာ (၁၆၅) မဂ္ဂါဝပ်သာ သုံးစွဲနိုင်ခဲ့ရာမှ ယခု ၂၀၂၀ ပြည့်နှစ်မှာ (၂၅၆) မဂ္ဂါဝပ်ခန့်အထိ တိုးတက်သုံးစွဲလာနိုင် ခဲ့တာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာ ၂၀၁၆ ခုနှစ်၊ မတ်လမှာဆိုရင် (၂၅.၄ %) ကိုသာ နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ပို့လွှတ်နိုင်ခဲ့ပြီး ယခု ၂၀၂၀ ပြည့်နှစ်မှာဆိုရင် (၄၅.၆ %) အထိ လျှပ်စစ်ဓာတ်အား ရရှိအောင် ဆောင်ရွက်နိုင် ခဲ့ပြီ လည်းဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ရှမ်းပြည်နယ် အတွင်း (၅၀ %) အထိ လျှပ်စစ်ဓာတ်အား တိုးတက်ဖြည့်ဆည်းပေးနိုင်ရေး ကိုလည်း ကြိုးပမ်း ဆောင်ရွက် လျက် ရှိပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထား တဲ့နိုင်ငံ ဖြစ်တဲ့အတွက် မိမိတို့အားလုံး ပြည်ထောင်စုစိတ်ဓာတ် ကိုယ်စီကိုယ်ငှထားရှိကြ ရန်လည်း အထူးလိုအပ်ပါတယ်။ တိုင်းရင်းသားများ နှစ်ပေါင်းများစွာ လိုလားတောင့်တနေကြတဲ့ တိုင်းရင်း သားများရဲ့ အခြေခံအခွင့်အရေးများ၊ တန်းတူညီမျှရေးများကို ကျွန်တော်တို့ အစိုးရအနေနဲ့ ကြိုးပမ်းအားထုတ် ဆောင်ရွက်လျက်ရှိပါတယ်။ ထို့အတူ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ကလည်း အားလုံးဝိုင်းဝန်းပူးပေါင်းပြီး တက်ညီလက်ညီ ဆောင်ရွက် သွားကြမှသာ မျှော်မှန်းထားကြတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပန်းတိုင်ကို ရောက်ရှိ ကြမှာဖြစ်ပါတယ်။ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား များအားလုံး တူညီသောအကျိုး၊ တူညီသောအလုပ်နဲ့ တူညီသောရည်ရွယ်ချက်တွေအတွက် ညီညီညွတ်ညွတ် ဆောင်ရွက်သွားကြ မယ်ဆိုရင် ပြည်ထောင်စုရဲ့နယ်မြေများဖြစ်တဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး ဟန်ချက် ညီညီ ဖွံ့ဖြိုးတိုးတက်သွားမှာဖြစ်ပြီး ဒီဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များကိုလည်း ကိုယ်စီကိုယ်ငှ သာတူညီမျှ ရရှိခံစားကြရမှာ ဖြစ်ပါတယ်။

ဒီနေ့ကျင်းပတဲ့ နမ့်စန်-မိုင်းပျဉ်း-ကျိုင်းတုံဓာတ်အားလိုင်းနဲ့ ဓာတ်အားခွဲ ရုံများ ဖွင့်ပွဲဟာဆိုရင် ရှမ်းပြည်နယ်အရှေ့ပိုင်းကို လွတ်လပ်ရေးရပြီးချိန်ကအစပြုလို့ ပထမဆုံး အကြိမ် ၂၄ နာရီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်တဲ့ သမိုင်းဝင်နေ့တစ်နေ့ ဖြစ်ပါတယ်။ ရှမ်းပြည်နယ် တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်အောင်၊ ရှမ်းပြည်နယ်ရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး လူမှုစီးပွားဘဝမြင့်မားအောင်၊ ဆောင်ရွက်ပေးနိုင်မယ့် အခြေ အနေကောင်း၊ အခွင့်အလမ်းကောင်း တစ်ရပ်ကိုလည်း ရောက်ရှိသွားပြီဖြစ်ပါတယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ ယနေ့ဖွင့်လှစ်လိုက်တဲ့ ၂၃၀ ကေဗွီဓာတ်အားခွဲရုံကို ဗဟိုပြုလို့ တာချီလိတ်-မိုင်းခုတ်-မိုင်းဆတ်-မိုင်းဝ ဒေသများသို့ ဓာတ်အားလိုင်းများ တိုးချဲ့တည်ဆောက်ပြီး ရှမ်းပြည်နယ်တစ်ခုလုံး ဓာတ်အားစနစ်နဲ့ချိတ်ဆက် နိုင်ရန် ဆက်လက် ကြိုးပမ်းဆောင်ရွက် သွားမှာဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြည်ထောင်စုတစ်ဝန်းလုံး ပြည်ထောင်စုစိတ်ဓာတ်များ ပြည်ထောင်စု အင်အားများ လက်တွဲမဖြုတ်စတမ်း ချိတ်ဆက်ထားပြီး ငြိမ်းချမ်းသာယာဝပြောတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်ကို တက်ညီလက်ညီ တည်ဆောက်ပေးကြပါလို့ အလေးအနက်ဆန္ဒပြုအပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

* * * * * * * * *

 

crd 

https://www.president-office.gov.mm/?q=briefing-room/speeches-and-remarks/2020/08/09/id-16630

Post under by : ဝန်ကြီးရုံး
10-Aug-2020