နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ( ၂၄ )ရက်
(၃၈) ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး နှင့်ဆက်စပ်အစည်းအဝေးများ (38th Senior Officials Meeting on Energy (SOME) and Associated Meetings) ကို ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံက အလှည့်ကျအိမ်ရှင်နိုင်ငံအဖြစ် Video Conferencing စနစ်ဖြင့် ကျင်းပ ပြုလုပ်မည်ဖြစ်ရာ မြန်မာနိုင်ငံ၏ စွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးအဖြစ် တာဝန်ယူထားသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသန်းဇော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၂၄ ရက်နေ့၊ ၁၃:၃၀ နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)မှ ပါဝင် တက်ရောက်ခဲ့ပါသည်။
အဆိုပါ အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးတွင် အာဆီယံစွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (ASEAN Plan of Action for Energy Cooperation (APAEC)) တွင် ပါဝင်သည့်ကဏ္ဍခွဲ (၇) ခုဖြစ်သည့် ASEAN Power Grid (APG)၊ Trans-ASEAN Gas Pipeline (TAGP)၊ Coal and Clean Coal Technology၊ Renewable Energy (RE)၊ Energy Efficiency and Conservation (EE&C)၊ Regional Energy Policy and Planning နှင့် Civilian Nuclear Energy တို့နှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မှု၊ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွား မည့် အစီအစဉ်များအား ဆွေးနွေးခဲ့ပြီး အာဆီယံစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သစ်ဖြစ်သည့် APAEC Phase II (2021-2025) အား အတည်ပြုမည်ဖြစ် ပါသည်။
အခြားဆက်စပ်အစည်းအဝေးများကိုအာဆီယံနှင့်ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် အမေရိကန်၊ ရုရှား၊ အရှေ့အာရှနိုင်ငံများ၊ ASEAN+3 နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား၊ International Organizations & Dialogue Partners များဖြစ်သည့် International Energy Agency (IEA)၊ International Renewable Energy Agency (IRENA) ၊ ဂျပန်နိုင်ငံ Ministry of Economy, Trade and Industry (METI) စသည်တို့နှင့် ကျင်းပပြုလုပ် ခဲ့ပြီး ဒေသတွင်းနှင့် နိုင်ငံတကာ၏ စွမ်းအင်ဆိုင်ရာ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုအခြေအနေ များ၊ ကမ္ဘာ့ကပ်ရောဂါ COVID-19 အား ကာကွယ်၊ ထိန်းချုပ် တုံ့ပြန်ဆောင်ရွက်မှုများ၊ စွမ်းအင် ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်မည့်နယ်ပယ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြမည် ဖြစ်ပါသည်။
အဆိုပါ (၃၈) ကြိမ်မြောက်အာဆီယံစွမ်းအင်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေးဖက် နိုင်ငံများ၊ ASEAN+3 နိုင်ငံများမှ စွမ်းအင်ကဏ္ဍဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ သက်ဆိုင်ရာကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်ကြောင်း၊ မြန်မာကိုယ်စားလှယ်အနေ ဖြင့် စွမ်းအင်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများဖြစ်သော ပညာရေး ဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနတို့မှ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ အစည်းအဝေးအစီအစဉ်အလိုက် အသီးသီးတက်ရောက် ကြမည်ဖြစ်ပါသည်။