The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန(စွမ်းအင်ကဏ္ဍ)၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တတိယနှင့် စတုတ္ထသုံးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

 

       

    နေပြည်တော် ၊ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၂၉  )ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန(စွမ်းအင်ကဏ္ဍ)၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တတိယနှင့် စတုတ္ထသုံးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၂၉ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ အစည်းအဝေးခန်းမ၌ COVID-19 ကာကွယ်ရေးနည်းစနစ်များနှင့်အညီ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ ဦးစီးဌာနများနှင့်လုပ်ငန်း များမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာန အကြီးအကဲများက ရုံးအမှတ်(၂၇) မှလည်းကောင်း၊ ကြီးကြပ်မှုအောက်နယ်ဒေသများမှ ရေနံမြေအထွေထွေမန်နေဂျာများ၊ ရေနံချက်စက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံနှင့် ရေနံ ဓာတ်ငွေ့ရည်စက်ရုံတို့မှစက်ရုံမှူးများ၊စစ်ဆေးရေးအရာရှိချုပ်များက သက်ဆိုင်ရာ ဒေသမှနေ၍ Video Conferencing စနစ်ဖြင့်လည်းကောင်း အသီးသီး တက်ရောက် ခဲ့ကြပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌     ယနေ့အစည်းအဝေး သည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စွမ်းအင်ကဏ္ဍအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပထမနှင့် ဒုတိယသုံးလပတ်အတွင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ခြင်းနှင့် တတိယနှင့်စတုတ္ထသုံးလပတ်အတွင်း မဖြစ်မနေဆောင်ရွက်ရမည့်လုပ်ငန်းများအတွက် သုံးသပ်ဆောင်ရွက်ရန် အရေးကြီး အစည်းအဝေးဖြစ်ပါကြောင်း၊ ယခုနှစ်တွင် ယခင်နှင့်မတူ ထူးခြားဖြစ်စဉ်အား ကြုံတွေ့ ခဲ့ရပါကြောင်း၊ ပထမနှင့် ဒုတိယသုံးလပတ်တွင် လုပ်ငန်းများကို ပုံမှန် လည်ပတ် ဆောင်ရွက်နိုင်ခဲ့သော်လည်း တတိယသုံးလပတ်မှစ၍ ကမ္ဘာ့ကပ်ရောဂါ COVID-19 ၏ အကျိုးသက်ရောက်မှုများကို ကြုံတွေ့ခဲ့ရသဖြင့် လုပ်ငန်းပိုင်း နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ခဲ့ရကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် လုပ်ငန်းသဘောသဘာဝအရ ရေနံတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများတွင် နိုင်ငံခြားသား ပညာရှင်များ လုပ်ငန်းခွင် များသို့ ဝင်ထွက်သွားလာခွင့်ကိစ္စရပ်များ၊ စာချုပ်စာတမ်းပါလုပ်ငန်းစဉ်များ၊ ပစ္စည်း တင်သွင်းခြင်းကိစ္စရပ်များ၊ ငွေပေးချေမှုကိစ္စရပ်များ စသည့်ကိစ္စရပ်များတွင် သက်ရောက်မှုအများအပြားရှိခဲ့ရာ တတ်နိုင်သလောက် ဖြေရှင်းဆောင်ရွက်ခဲ့ရပြီး ယခုအချိန်အထိ ဆောင်ရွက်လျက်ရှိပါကြောင်း၊ စတုတ္ထသုံးလပတ်အတွင်း ဆောင်ရွက်ရမည့် စီမံကိန်းလုပ်ငန်းများ၊ ငွေပေးချေမှုများကို အချိန်မီပြီးစီးစေရေး အထူးဂရုပြုဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ကျန်ရှိသည့် ဘတ်ဂျက်ငွေ များကို အချိန်မီသုံးစွဲခြင်း (သို့မဟုတ်) ပြန်လည်အပ်နှံခြင်းကို ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ ယခုအစည်းအဝေးမှ လိုအပ်သည်များကို သုံးသပ်ဆွေးနွေး၍ ဆောင်ရွက် နိုင်သည့် လုပ်ငန်းများအတွက် အချိန်မီငွေပေးချေဆောင်ရွက်ခြင်းနှင့် မဆောင်ရွက်နိုင် သည့်လုပ်ငန်းများအတွက် ငွေပြန်အပ်ခြင်းများကို သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ လုပ်ငန်း များဆောင်ရွက်ရာတွင် လုပ်ရိုးလုပ်စဉ်အတိုင်း ငွေပေးချေမှုများတွင် စာချုပ်သဘော သဘာဝအရ ပစ္စည်းများရောက်ရှိပြီးလုပ်ငန်းများ ဆောင်ရွက်ပြီးမှ ပေးချေသည့်အတွက် ဘဏ္ဍာနှစ်ကုန်ခါနီးတွင် စုပြုံ၍ပေးချေခြင်းမျိုးဖြစ်သဖြင့် စိစစ်သည့်လုပ်ငန်းများတွင် အခက်အခဲများရှိကြောင်း၊ မကြာမီအချိန်အတွင်း ဘတ်ဂျက်နှစ်အသစ်ကာလသို့ ရောက်ရှိတော့မည်ဖြစ်ရာ လာမည့်ဘဏ္ဍာနှစ်သစ်အတွက် ယခုနှစ်အတွေ့အကြုံကို နမူနာယူ၍ ဦးစားပေးဆောင်ရွက်မည့်လုပ်ငန်းများအား ယခုကတည်းက ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုအပိုင်းအလိုက်ခွဲ၍ ငွေပေးချေသည့် စနစ် Progressive Payment ပုံစံဖြင့် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ချုပ်ဆိုမည့်စာချုပ် များ၏ Terms and Conditions များတွင် ထည့်သွင်းထားရန်ဖြစ် ကြောင်း၊ သို့မှသာ လုပ်ငန်းများအား အချိန်မီစတင်နိုင်ပြီး ဘဏ္ဍာငွေအား ပြည့်ပြည့်ဝဝသုံးစွဲနိုင်ပြီး လုပ်ငန်းများလည်း သတ်မှတ်ချိန်အတွင်း အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် စီမံကိန်းလုပ်ငန်းများအတွက် ချထားပေးသည့် ဘဏ္ဍာငွေများသည် ပြည်သူများထံသို့ လျင်မြန်စွာ စီးဆင်းသွားရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် အထူးသဖြင့် ယခုလို ကပ်ရောဂါကာလတွင် ပြည်သူလူထု၏ အလုပ်အကိုင်၊ စားဝတ်နေရေး အဆင်ပြေမည်ဖြစ်ကြောင်း၊ ရေနံရှာဖွေတူးဖော် ထုတ်လုပ်ခြင်း၊ ပိုက်လိုင်းခင်းကျင်းခြင်း၊ ပို့လွှတ်ဖြန့်ဖြူးခြင်း၊ ချက်လုပ်ခြင်း၊ ရေနံနှင့် ရေနံထွက်ပစ္စည်းများ၊ ရေနံဓာတုဗေဒပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း စသည့် Supply Change တစ်ခုလုံးအား တည်ငြိမ်မှုရှိစေရေး စဉ်ဆက်မပြတ် စောင့်ကြည့်၍  ထိန်းသိမ်းစီမံခန့်ခွဲရန်လိုကြောင်း၊ သို့ဖြစ်ရာ စွမ်းအင်ကဏ္ဍကြီးကြပ်မှု အောက်ရှိ လုပ်ငန်းများအနေဖြင့် မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအလိုက် စီမံချက်များ စနစ်တကျ ချမှတ်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ မိမိတို့နှင့် ပူးပေါင်း ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များကိုလည်း သက်ဆိုင်ရာ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကူညီပံ့ပိုးပေးရန်လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက် ပေးခြင်းဖြင့် မလိုလားအပ်သည့် ကိစ္စရပ်များမဖြစ်ဘဲ လုပ်ငန်းများ အဆင်ပြေ ချောမွေ့ပြီး နိုင်ငံအတွက် မှန်ကန်သည့် ကိန်းဂဏန်းအချက်အလက်များ၊ ဝင်ငွေများ၊ အခွန်အခများ တိုးတက်ရရှိလာမည်ဖြစ်ပါကြောင်း၊  ယခုအချိန်ကာလအတွင်း COVID-19 ကပ်ရောဂါဖြစ်ပွားမှုနှုန်း ပြန်လည်ဦးမော့လာသည့်အတွက် မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် မိသားစုများအားလုံးအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို အထူးအလေးထား လိုက်နာဆောင်ရွက် သွားကြရန်နှင့် ရေနံမြေများ၊ စက်ရုံဌာနများ၊ ဌာနခွဲများတွင် COVID-19 သံသယ လူနာများနှင့် ထိတွေ့မှုဖြစ်စဉ်ကြောင့် အသွားအလာကန့်သတ်ခံရခြင်း၊ Quarantine ​စောင့်ကြည့်ခံရခြင်းများ ဖြစ်ပေါ်လာပါက လုပ်ငန်းလည်ပတ်မှုကို ရပ်ဆိုင်းခြင်းများ မဖြစ်စေရန်အတွက် ယခင်ဆောင်ရွက်ခဲ့သည့်အတိုင်း ဝန်ထမ်းများကိုအဖွဲ့များခွဲ၍ အလှည့်ဆင်း ဆောင်ရွက်နိုင်ရေး စနစ်တကျ ကြိုတင်စီမံဆောင်ရွက်သွားရန်လို ကြောင်း ပြောကြားခဲ့ပါသည်။  

        ထို့နောက် ဦးစီးဌာနများနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ ရေနံမြေအထွေထွေမန်နေဂျာများ၊ ရေနံချက်စက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံနှင့် ရေနံဓာတ်ငွေ့ရည်စက်ရုံတို့မှ စက်ရုံမှူးများ၊ စစ်ဆေးရေးအရာရှိချုပ်များက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ်အတွင်း လျာထားချက်များအပေါ် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ချက်များနှင့် လုပ်ငန်း ပြီးစီးမှုအခြေအနေနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ်အတွင်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အခြေအနေ၊ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်အတွက် ဆက်လက်ဆောင်ရွက်မည့် ကြိုတင်စီမံထားမှုအခြေအနေတို့အား အသီးသီးရှင်းလင်း တင်ပြ ကြရာ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်မှ ဖြည့်စွက်ဆွေးနွေးတင်ပြပြီး ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က တင်ပြမှုများအပေါ် သုံးသပ်ဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက် ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး မှာကြားခဲ့ပါသည်။     

Post under by : ဝန်ကြီးရုံး
29-Aug-2020