The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် 9th LNG Producer-Consumer Conference တွင် ဗွီဒီယိုဖြင့် မိန့်ခွန်းပြောကြား

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁၂) ရက်

               လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် သည် ဂျပန်နိုင်ငံ Ministry of Economy, Trade and Industry (METI) မှ ကြီးမှူး၍ Online မှတစ်ဆင့် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ(၁၂)ရက်နေ့တွင် ကျင်းပပြုလုပ်သော 9th   LNG Producer Consumer Conference တွင် Video Conferencing ဖြင့် တက်ရောက်ခဲ့ပါသည်။

               အခမ်းအနားစတင်သည်နှင့် ဂျပန်နိုင်ငံ Ministry of Economy, Trade and Industry (METI) မှ ဝန်ကြီး  H.E. Mr. KAJIYAMA Hiroshi နှင့် ကာတာနိုင်ငံ  Ministry of State for Energy Affairs မှ ဝန်ကြီး H.E. Saad Sherida Al-Kaabi တို့မှ အဖွင့်အမှာစကား အသီးသီး ပြောကြား ခဲ့ကြပြီး International Energy Agency (IEA)မှ Executive Director ဖြစ်သူ Dr. Fatih Birol မှ Key Note Speech ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးမှလည်း Video Message ပေးပို့ ပြောကြားရာ၌ ယခုကဲ့သို့ COVD-19 ကပ်ရောဂါ ထိန်းချုပ်မှုကာလအတွင်း 9th  LNG Producer Consumer Conference အား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခြင်း အတွက် ဂျပန်နိုင်ငံ အစိုးရ နှင့် METI မှ ဝန်ကြီး H.E. Mr. KAJIYAMA Hiroshi ၊ ၎င်းတို့နှင့်အတူ ပူးပေါင်းစီစဉ်သူများ အားလုံးကို ချီးကျူးဂုဏ်ပြုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပထမဦးဆုံး ၇၅၀ မဂ္ဂါဝပ် LNG to Power Plant အား ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် စတင်ဓာတ်အား ထုတ်လုပ်နိုင်ရန် စီမံခဲ့သော်လည်း COVD-19 ကပ်ရောဂါကြောင့် ကြန့်ကြာမှုအနည်းငယ် ဖြစ်ပေါ်ခဲ့သဖြင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင်မှသာ ဓာတ်အားစတင်ထုတ်လုပ်နိုင်ခဲ့ပါ ကြောင်း၊ မြန်မာနိုင်ငံ၏ Generation Mix တွင် ယေဘုယျအားဖြင့် ရေအားမှ ၅၀ ရာခိုင်နှုန်းနှင့် သဘာဝဓာတ်ငွေ့မှ ၅၀ ရာခိုင်နှုန်းရှိပါကြောင်း၊ သို့သော် ကမ္ဘာကြီးပူနွေးလာမှု၏ အကျိုး သက်ရောက်မှုကြောင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားထုတ်လုပ်မှု ကျဆင်းလာ သကဲ့သို့ အခြားတစ်ဘက်တွင်လည်း ပြည်တွင်းသဘာဝ ဓာတ်ငွေ့ထုတ်လုပ်နိုင်မှု ကျဆင်းလာ ပါကြောင်း၊ သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ တိုးမြင့်လာသည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အချိန်တို အတွင်း ဖြည့်ဆည်းပေးနိုင်ရန်အတွက် LNG to Power စီမံကိန်းများကို Development Partners နှင့် Investors များ၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့ အနေဖြင့် အဆိုပါ စီမံကိန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် LNG Task Force ကို ဖွဲ့စည်းခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏ အနာဂတ်စွမ်းအင်လုံခြုံစိတ်ချရမှု (Energy Security) အတွက် Clean Fuel ဖြစ်သည့် LNG Option သည် ရေအား၊ သဘာဝဓာတ်ငွေ့၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် တို့နှင့်အတူ တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ အဆိုပါ LNG စီမံကိန်း များမှ တစ်ဆင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပြင် စက်မှုလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ငန်းများ အတွက် လိုအပ်သော သဘာဝဓာတ်ငွေ့ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ အချက်အချာကျပြီး အခြေခံအဆောက်အအုံများ (လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ Mobile Phone & Internet Facility စသည့်) တို့ ပိုမို ကောင်းမွန်တိုးတက် လာပြီ ဖြစ်ပါသဖြင့် ရင်းနှီးမြှုပ်နှံမည့်သူများအတွက် အခွင့်အခါကောင်း ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားသုံးစွဲမှု၏ ၅၄ ရာခိုင်နှုန်းကို လျှပ်စစ်ဓာတ်အားပေးနိုင်ခဲ့ပြီး၊ ၂၀၂၅ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းအထိ တိုးတက်ဖြန့်ဖြူးပေးနိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခု Conference မှတစ်ဆင့် LNG ထုတ်လုပ်သူနှင့် သုံးစွဲသူများအကြား ပိုမို ကောင်းမွန်သော အခွင့်အလမ်းများ၊ အပြုသဘော ဆောင်သော ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်နိုင်သွားမည်ဟု ယုံကြည်ပါကြောင်း ပြောကြားပါသည်။

               အဆိုပါ Conference သို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ကမ္ဘာ့ နိုင်ငံအသီးသီးမှ အစိုးရ/ ပုဂ္ဂလိကအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
12-Oct-2020