The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် စင်ကာပူနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၆ ရက်မှ ၃၀ ရက်အထိ ကျင်းပပြုလုပ်လျက်ရှိသော Singapore International Energy Week 2020 သို့ Video Conferencing စနစ်ဖြင့် တက်ရောက်ဆွေးနွေးခဲ့မှု နှင့် နှစ်နိုင်ငံဝန်ကြီးအဆင့် ဆွေးနွေးခဲ့မှု

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (  ၂၆  ) ရက်

             လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် စင်ကာပူနိုင်ငံ တွင် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၆ ရက်မှ ၃၀ ရက်အထိ ကျင်းပပြုလုပ်လျက် ရှိသော Singapore International Energy Week 2020 (SIEW 2020) သို့ နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) မှ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ပြီး၊ အဆိုပါ SIEW 2020 အခမ်းအနားတွင် စင်ကာပူနိုင်ငံ၊ Ministry of Trade and Industry ဝန်ကြီး H.E. Mr. Chan Chun Sing မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

             ပြည်ထောင်စုဝန်ကြီးသည် ယနေ့ ဒေသစံတော်ချိန် နံနက် ၀၉:၃၀ နာရီအချိန်တွင် SIEW 2020 ၏ ပထမအစီအစဉ်တစ်ခုဖြစ်သော Singapore Energy Summit “Transitioning to Our Low Carbon Energy Future” ခေါင်းစဉ်ဖြင့် ဆွေးနွေးသော စကားဝိုင်းတွင် စင်ကာပူနိုင်ငံ၊ ဝန်ကြီးချုပ်ရုံး၊ ဝန်ကြီး H.E. Dr. Tan See Leng ၊ အင်ဒိုနီးရှားနိုင်ငံ၊ စွမ်းအင်နှင့်သဘာဝသယံဇာတဝန်ကြီး H.E. Mr. Afrifin Tasrif ၊ JERA Asia Pte. Ltd. ၏ CEO ဖြစ်သူ Mr. Toshiro Kudama၊ ENGIE Asia-Pacific ၏ President & Regional CEO ဖြစ်သူ Mr. Paul Maguire ၊ Shell Singapore Companies ၏ Chairman ဖြစ်သူ Ms. Aw Kah Peng ၊ SP PowerGrid Limited ၏ CEO ဖြစ်သူ Mr. Jimmy Khoo ၊  Utilities Lead, Resources, Southeast Asia Accenture ၏ MD ဖြစ်သူ Mr. Lim Chih Shoong တို့နှင့်အတူ Panelist အဖြစ် တက်ရောက်ဆွေးနွေးခဲ့ပါသည်။

             အဆိုပါစကားဝိုင်းတွင်  ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် စွမ်းအင်သုံးစွဲမှု လိုအပ်ချက်နှင့် စီးပွားရေးအပေါ် မမျှော်မှန်းနိုင်သော အကျိုးသက်ရောက်မှုများ ရှိလာပြီ ဖြစ်ကြောင်း၊ ကမ္ဘာ့စီးပွားရေး ပြန်လည် ဦးမော့လာစေရန် အနာဂတ်ကာလတွင် လုံခြုံရေးနှင့် စဉ်ဆက်မပြတ်ရှိသော စွမ်းအင်ကို ရွေးချယ်အသုံးပြုသွားရန် လိုအပ်ကြောင်း၊ COVID-19 ကြောင့် လတ်တလော ကာလတွင် လေထုညစ်ညမ်းမှုရာခိုင်နှုန်းသည် ယာယီအားဖြင့် လျော့ကျမှုရှိနေခြင်းအား ဆက်လက်ထိန်းသိမ်းထားရန်လိုအပ်ကြောင်း၊ အလားတူစွမ်းအင် လုံခြုံမှု၊ စွမ်းအင်ဆိုင်ရာ စိန်ခေါ်မှုအပေါ် ကြံ့ကြံ့ခိုင်နိုင်မှု၊ စျေးကွက်တည်ငြိမ်မှုနှင့် ပြောင်းလွယ် ပြင်လွယ်ရှိမှုရှိရန်လိုအပ်ကြောင်း၊ အာရှဒေသအတွင်း စွမ်းအင်ဖွံ့ဖြိုး တိုးတက်မှုအခြေအနေ နှင့် ကာဗွန်ထုတ်လုပ်မှုလျော့ချရေးအပေါ် နိုင်ငံဖြတ်ကျော် ဓာတ်အားလိုင်းချိတ်ဆက်မှု၏ အခန်းကဏ္ဍသည် အရေးပါမှုရှိပါကြောင်း၊ ကာဗွန်ထုတ်လွှတ်မှု လျှော့ချနိုင်ရေးအတွက် စိန်ခေါ်မှုနှင့်အခွင့်အလမ်းများ၊ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် Stakeholder များဖြစ်သော အစိုးရ၊ ရင်းနှီးမြှုပ်နှံသူနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဝိုင်းဝန်းဆွေးနွေးခဲ့ပါသည်။

             အဆိုပါစကားဝိုင်းတွင် ပြည်ထောင်စုဝန်ကြီးမှ အာရှ-ပစိဖိတ်ဒေသတွင် သဘာဝ ဓာတ်ငွေ့သုံးစွဲမှုသည် အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေပါကြောင်း၊ Solar Panel ထုတ်လုပ်မှုတွင် အာရှဒေသသည် ဦးဆောင်လာကြောင်းနှင့် စွမ်းအင်သိုလှောင်သိမ်းဆည်းမှု နည်းပညာတီထွင်စမ်းသပ်မှုများ တိုးတက်ဖြစ်ထွန်းလာကြောင်း၊ ထိုကဲ့သို့ နည်းပညာဖြစ်ထွန်း လာမှုများအား အာရှဒေသ၏ သန့်စင်သောစွမ်းအင်နှင့် ပြန်ပြည့်မြဲ စွမ်းအင်သုံးစွဲမှုများကို ဖွံ့ဖြိုးတိုးတက်လာစေကြောင်း၊ အာရှ၏စီးပွားရေးဖွံ့ဖြိုးမှုနှင့်အတူ လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် တိုးမြင့်လျက်ရှိကြောင်း၊ နေရောင်ခြည်စွမ်းအင်နှင့် လေစွမ်းအင်ကဲ့သို့သော ပြန်ပြည့်မြဲစွမ်းအင် အသုံးပြုမှုများ တိုးမြင့်လာပြီး အာဆီယံ ဒေသတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွင် ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍမှ ၂၀၄၀ ပြည့်နှစ်တွင် ၃၇ % ပါဝင်ရန် မျှော်မှန်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲနည်းလမ်းများကိုလည်း စွမ်းအင်လုံခြုံစိတ်ချရရေး တိုးမြှင့်ဆောင်ရွက်ရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ် များအတွက် လက်ခံဆောင်ရွက်သင့်ကြောင်း၊ ပြန်ပြည့်မြဲစွမ်းအင် သုံးစွဲခြင်းနည်းလမ်းသည် စီးပွားရေးတွက်ချေကိုက်မှုရှိပြီး သန့်ရှင်းသော စွမ်းအင်ရရှိသည့်အပြင် ရွှေ့ပြောင်းမှုလွယ်ကူ ကြောင်း၊ COVID-19  သက်ရောက်မှုများကြောင့် စီးပွားရေးထိခိုက်မှုများ ပြန်လည်ကုစားရာ တွင် ပြန်ပြည့်မြဲစွမ်းအင် နည်းပညာသည် တိကျသေချာသော ဖြေရှင်းနည်းမျိုးဖြစ်ပြီး ဒေသတွင်းပြည်သူများအတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်မှုနှင့် ကျန်းမာရေး အထောက် အပံ့များ ဆောင်ကြဉ်းပေးနိုင်ကြောင်း၊ အာဆီယံနိုင်ငံများ အနေဖြင့် စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေး မဟာဗျူဟာများနှင့်အတူ ပြန်ပြည့်မြဲစွမ်းအင်သုံးစွဲခြင်း နည်းလမ်း များကို အတူတကွ ဆောင်ရွက်သင့်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ်မှ ၅၀% နှင့် သဘာဝဓာတ်ငွေ့မှ ၅၀% ဖြင့် ထုတ်လုပ်လျက်ရှိပြီး၊ လျှပ်စစ် ဓာတ်အားလိုအပ်ချက်သည် နှစ်စဉ် ၁၅% မှ ၁၉% အထိ တိုးတက်လျက်ရှိကြောင်း၊ ယခု အချိန်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားလိုအပ်ချက်၏ ၅၅% ကို ဓာတ်အားဖြန့်ဖြူး ပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်တွင် ၇၅% အထိဖြန့်ဖြူးပေးနိုင်ရေး စီမံချက်ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း၊ LNG မှ လျှပ်စစ်ဓာတ်အား 3000 MW ပိုမိုထုတ်လုပ်နိုင်ရန်အတွက် ၂၀၁၈ ခုနှစ်တွင် လုပ်ကိုင်ခွင့်များ စတင်ခွင့်ပြုပေးခဲ့ပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် LNG ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမှ စတင်အသုံးပြုခဲ့ပြီး စုစုပေါင်း 1000 MW ကျော် ထုတ်လုပ် နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ 40 MW Solar Plant (မင်းဘူး) အား ၂၀၁၉ ခုနှစ်တွင် စတင်နိုင်ခဲ့ပါကြောင်း၊ ဆက်လက်၍ မိမိတို့နိုင်ငံ၏ ပထဝီအနေအထား အားသာမှု အပေါ် အခြေခံကာ နိုင်ငံအတွင်း နေရောင်ခြည်ကောင်းစွာရရှိနိုင်မည့်နေရာ ၃၀ တွင် စုစုပေါင်း 1000 MW ထုတ်လုပ်နိုင်မည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများ တည်ဆောက်ရန် တင်ဒါခေါ်ယူခဲ့ပြီး တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ လုပ်ငန်းစဉ်များ ဆက်လက် အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုတပ်ဆင်အင်အား၏ ၁၄ % ကို ပြန်ပြည့်မြဲ စွမ်းအင်မှ ပါဝင်ရေး ဦးတည် ရည်မှန်းဆောင်ရွက်နေကြောင်း၊ ထို့အပြင်လျှပ်စစ်ဓာတ်အား အပြန်အလှန် ရောင်းဝယ်နိုင်ရေး အတွက် နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းသွယ်တန်းရေး အိမ်နီးချင်းနိုင်ငံများနှင့် ဆွေးနွေး လျက်ရှိပါကြောင်း၊  ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍတွင် နိုင်ငံတကာ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ ကုမ္ပဏီများမှ  လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်အပ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။

             ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စင်ကာပူနိုင်ငံ၊ ဝန်ကြီးချုပ်ရုံး၊ ဝန်ကြီး H.E. Dr. Tan See Leng နှင့် Video Conferencing ဖြင့် bilateral တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် မြန်မာ-စင်ကာပူ နှစ်နိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ လက်ရှိနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့တိုးမြှင့် ထုတ်လုပ် နိုင်ရေး၊ ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံနိုင်မည့်အခြေအနေ၊ လူ့စွမ်းအား အရင်းအမြစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကူညီပံ့ပိုးပေးရေးအတွက် Energy Policy Program တွင် ပူးပေါင်းဆောင်ရွက်ပေးမှုအခြေအနေ၊ နယ်စပ်ဖြတ်ကျော်ဓာတ်အား ဝယ်ယူဖြန့်ဖြူး ရောင်းချရေး စီစဉ်ဆောင်ရွက်မှုအခြေအနေ၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍစီမံကိန်းများတွင် စင်ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ပံ့ပိုးကူညီပေးမည့်အခြေအနေနှင့် ASEAN Plan of Action for Energy Cooperation (APAEC) Phase-2 (2021-2025) အတည်ပြုနိုင်ရေးအတွက် ဝန်ကြီး ဌာနမှ ပံ့ပိုးကူညီပေးရေးကိစ္စများအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
26-Oct-2020