၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ( ၂၆ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာနိုင်ငံ ဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော H.E. Mrs. Hilde Solbakken အား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့၊ ၁၆:၀၀ နာရီ အချိန်တွင် ရုံး အမှတ် (၂၇) ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြားတွင် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ လက်ရှိ နှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ နော်ဝေနိုင်ငံမှ နည်းပညာ အကူ အညီနှင့် ဝန်ထမ်းများအတွက် ကာလတို၊ ကာလရှည် Capacity Building Program များ ပိုမို ရရှိရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ သက်ဆိုင်ရာ ဌာနအကြီးအကဲများနှင့် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။