The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

မကွေးတိုင်းဒေသကြီးအတွင်း အမျိုးသားဓာတ်အားရရှိရေးစီမံကိန်း (NEP) Phase-1 ဖြင့် ဆောင်ရွက်ပေးခဲ့သည် ကျေးရွာ (၃) ရွာ လျှပ်စစ်မီးရရ

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ( ၂၄ ) ရက်

             မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP Phase-1 ဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့တွင် မိကျောင်းရဲမြို့နယ်၊ ဆိပ်သာကျေးရွာ၌လည်းကောင်း၊ အောက်တိုဘာလ (၂၃) ရက်နေ့တွင် သရက်မြို့နယ်၊ လက်ပံဆိပ်ကျေးရွာ၌လည်းကောင်း၊ အောက်တိုဘာလ (၂၄)ရက်နေ့တွင် မကွေးမြို့နယ်၊ လျောင်းတော်ဦးကျေးရွာ၌လည်းကောင်း မီးလင်းရေးအောင်ပွဲများကို အသီးသီး ကျင်းပပြုလုပ်ခဲ့ပါသည်။

             အောက်တိုဘာလ (၂၂) ရက်နေ့တွင် မိကျောင်းရဲမြို့နယ်၊ ဆိပ်သာကျေးရွာ၌ မီးလင်းရေး အောင်ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါကျေးရွာ မီးလင်းရေးအတွက် လိုအပ်သည့် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၀.၃၇ မိုင်နှင့် (၁၁/၀.၄) ကေဗွီ၊ ၁၀၀ ကေဗွီအေ ထရန်စဖော်မာ(၁) လုံး တပ်ဆင် တည်ဆောက်ရေးလုပ်ငန်းများကို အမျိုးသားဓာတ်အားရရှိရေးစီမံကိန်း (NEP) ဖြင့် တာဝန်ယူ တပ်ဆင်တည်ဆောက် ပေးခဲ့ကာ ကျေးရွာတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်း ၀.၆၈ မိုင်ကို ကျေးရွာနေ ပြည်သူလူထုထည့်ဝင်ငွေဖြင့် တည်ဆောက်ပေးခဲ့ပြီး နေအိမ်သုံးမီတာ လျှောက်ထား တပ်ဆင်ခြင်း များကို ဆက်လက် ဆောင်ရွက်ပေးလျက်ရှိပါသည်။

             အလားတူ အောက်တိုဘာလ (၂၃) ရက်နေ့၌ သရက်မြို့နယ်၊  လက်ပံဆိပ် ကျေးရွာ၌ ပြုလုပ်သည့် မီးလင်းရေးဖွင့်ပွဲသို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်သန်းသန်းအေး၊ တိုင်းဒေသကြီး အမှတ်(၂)မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှိုင်မင်းထွန်း၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးနေမင်းထွဋ် တို့မှ တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါသည်။

             ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း သရက်မြို့နယ်၌ NEP Phase-1 စီမံကိန်းဖြင့် ကျေးရွာ (၁၁)ရွာအနက် ကျေးရွာ(၉)ရွာ၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျေးရွာ(၅)ရွာ စုစုပေါင်း (၁၄)ရွာအား (၂၄)နာရီ လျှပ်စစ်ဓာတ်အား ထပ်မံပေးနိုင်ခဲ့ပြီး မီးလင်းရန်ကျန်သည့် ကျေးရွာများကိုလည်း အမြန်ဆုံးဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

             အလားတူ အောက်တိုဘာ(၂၄)ရက်နေ့တွင် လျောင်းတော်ဦးကျေးရွာ၌ ပြုလုပ်သည့် မီးလင်းရေးအောင်ပွဲသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ တိုင်းဒေသကြီးအမှတ် (၁) မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေး၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေးအောင်၊ ဖုတ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း၊ မီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မြိုင်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ တိုင်းဒေသကြီး အမှတ်(၁)မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဌေးတို့က အမှာစကားများ အသီးသီးပြောကြား၍ မကွေး မြို့နယ်လျှပ်စစ် အင်ဂျင်နီယာမှ မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပေးခဲ့မှုနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ကိစ္စရပ် များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးဝန်ထမ်းများက လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

          အဆိုပါကျေးရွာ မီးလင်းနိုင်ရေးအတွက် လိုအပ်သည့် ၁၁ ကေဗွီလိုင်း (၀.၅) မိုင်နှင့် ကျေးရွာတွင်း ၄၀၀ ဗို့လိုင်း (၅၂၀၀) ပေအား ကျေးရွာနေပြည်သူလူထု၏ ထည့်ဝင်ငွေဖြင့် တည်ဆောက်၍ (၁၁/၀.၄) ကေဗွီ (၂၀၀)ကေဗွီအေ ထရန်စဖော်မာ (၂)လုံးအား  အမျိုးသား လျှပ်စစ် ဓာတ်အား ရရှိရေးစီမံကိန်း(NEP)ဖြင့် တာဝန်ယူ တပ်ဆင်ပေးခဲ့ကာ နေအိမ်သုံးမီတာ လျှောက်ထား တပ်ဆင်ခြင်းကို ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မီတာအားလုံး တပ်ဆင်ပြီးပါက ကျေးရွာရှိ အိမ်ခြေ (၃၆၀) ကျော်ကို လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

Post under by : ဝန်ကြီးရုံး
24-Oct-2020