The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်ရှိ ဒေါင့်ကြီးဓာတ်အားခွဲရုံ ဖွင့်ပွဲနှင့် သုံးခွမြို့နယ်တစ်မြို့နယ်လုံး AMI မီတာတပ်ဆင်ပြီးစီးမှု အခမ်းအနား ကျင်းပပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာလ ( ၅ )  ရက်

             ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ၂၀၁၉-၂၀၂၀ ဘတ်ဂျက်ဖြင့် ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းမှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်ရှိ ဒေါင့်ကြီးဓာတ်အားခွဲရုံဖွင့်ပွဲနှင့် သုံးခွမြို့နယ်တစ်မြို့နယ်လုံးတွင် AMI မီတာ တပ်ဆင် ပြီးစီးခြင်း အထိမ်းအမှတ် အခမ်းအနားများကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၅)ရက်နေ့တွင် ဒေါင့်ကြီး ဓာတ်အားခွဲရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

             အဆိုပါအခမ်းအနားများသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်း ဒေသကြီးလျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ဥက္ကဋ္ဌနှင့် အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ တက် ရောက်ကြပါသည်။

          ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားရာ တွင် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ရန်ပုံငွေအသုံးပြု၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းတည်ဆောက်ခဲ့သော 33/11kV, 5 MVA ဓာတ်အားခွဲရုံစုစုပေါင်း (၁၃)ရုံ အနက် သုံးခွမြို့နယ်၊ ဒေါင့်ကြီးကျေးရွာရှိ  33/11kV, 5 MVA ဒေါင့်ကြီးဓာတ်အားခွဲရုံကို အောင်မြင်စွာ ဖွင့်လှစ်ခြင်းနှင့် သုံးခွမြို့နယ်နှင့် တံတားမြို့တို့တွင် မြို့နယ်လုံးကျွတ် AMI မီတာ တပ်ဆင်ပြီးစီးခြင်းအတွက် ကျင်းပသော အခမ်းအနားဖြစ်ကြောင်း၊ တောင်ပိုင်းခရိုင်အတွင်းတွင် စုစုပေါင်း ဓာတ်အားခွဲရုံ(၇)ရုံ တည်ဆောက်နိုင်ခဲ့ပြီး အဆိုပါ ဓာတ်အားခွဲရုံ (၇)ရုံအနက် ကော့မှူး မြို့နယ်၊ ညောင်ကုန်း ဓာတ်အားခွဲရုံနှင့် တွံတေးမြို့နယ်၊ ခလုပ်ဓာတ်အားခွဲရုံ၊ စုစုပေါင်းဓာတ်အားခွဲရုံ (၂)ရုံကို (၄.၁၁.၂၀၂၀) ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံနှင့်အဝှမ်း မြို့ပြ၊ ကျေးလက်ဒေသမကျန် လမ်းပန်း ဆက်သွယ်မှု လုံခြုံချောမွေ့စေရေးနှင့် လျှပ်စစ်ဓာတ်အားတည်ငြိမ်ပြည့်ဝစွာရရှိရေးတို့အား အဓိက အခန်းကဏ္ဍမှဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အနေဖြင့် လည်း တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေပြည်သူများ လျှပ်စစ်ဓာတ်အား တည်ငြိမ်ပြည့်ဝစွာ ရရှိရေးအတွက် ဓာတ်အားခွဲရုံများ၊ ဓာတ်အားဖြန့်ဖြူးရေး ထရန်စဖော်မာများနှင့် ဓာတ်အား ဖြန့်ဖြူးရေးလိုင်းများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် တစ်ဖက်တစ်လမ်းမှ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျေးလက်နေ ပြည်သူများအားလုံး (၁၀၀ %) အပြည့်အဝ လျှပ်စစ်ဓာတ်အားရရှိရေး ရည်မှန်းချက်ထားကာ စီမံဆောင်ရွက်လျက် ရှိပါ ကြောင်း ယခုဖွင့်လှစ်မည့် သုံးခွမြို့နယ်ရှိ 33/11kV, 5 MVA ဓာတ်အားခွဲရုံ တိုးချဲ့တည်ဆောက်ပေးနိုင်ခဲ့သဖြင့် သုံးခွမြို့နယ်အတွင်း ကျေးရွာပေါင်း (၄၀)ရွာ အိမ်ထောင်စုပေါင်း(၆၇၀၀)စု ထပ်မံ ဓာတ်အားရရှိမှာဖြစ်ကြောင်း ထို့အပြင် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး အစီအစဉ်ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများမှလည်း နောက်ထပ် ကျေးရွာ(၂၀)၊ အိမ်ထောင်စုပေါင်း (၃၁၃၇)စု ထပ်မံ ဓာတ်အားရရှိလာမှာဖြစ်ကြောင်း၊ ဆက်လက်ပြီး ကျေးရွာ(၁၇)ရွာ၊ အိမ်ထောင်စုပေါင်း(၂၈၉၇)စုကိုလည်း ၂၀၂၀ ပြည့်နှစ်အကုန်တွင် ထပ်မံ ဓာတ်အားရရှိအောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံအကျဆုံးဟာ လျှပ်စစ်ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်မှုများအပေါ် ပြည်သူတစ်ရပ်လုံးမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးကြပါရန်နှင့် ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများ၊ ဓာတ်အားဖြန့်ဖြူးရေး ထရန်စဖော်မာများ ရေရှည်တည်တံ့ ကောင်းမွန်ပြီး မပျက်စီးအောင် ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးကြရန်လိုကြောင်း၊ ထို့အပြင် မီးသုံးစွဲသူ ပြည်သူများကြားတွင် ပြောဆိုနေကြသည့် မီးသုံးစွဲသော ယူနစ်များခြင်း/နည်းခြင်း အငြင်းပွားမှုများကို ဖြေရှင်းပေးနိုင်သည့် AMI (Advanced Metering Infrastructure) မီတာစနစ်ကို သုံးခွမြို့နယ်တွင် (၁၅၃၂၄)လုံး၊ တံတားမြို့တွင် (၄၀၇၂)လုံး၊ မြို့နယ်လုံးကျွတ် တပ်ဆင်ပြီး ဖြစ်ပါ ကြောင်း၊ AMI မီတာစနစ်မှာ မီးသုံးစွဲသူ ပြည်သူများအနေဖြင့် Google Play Store မှတစ်ဆင့် Application ကို Download ပြုလုပ်ပြီး Installation လုပ်နိုင်ပါကြောင်း၊ မိမိသိရှိလိုသည့် ကာလ အပိုင်းအခြားအလိုက် ဓာတ်အား သုံးစွဲမှုပမာဏ (ယူနစ်)ကို ရှာဖွေသိရှိနိုင်မှာ ဖြစ်ကြောင်း၊ လျှပ်စစ် ဌာနအနေဖြင့်လည်း တပ်ဆင် ထားပြီးသည့် မီတာအားလုံးကို မြို့နယ်လျှပ်စစ် မန်နေဂျာရုံး Control Center မှ တစ်ချိန်တည်းမှာပင် အားလုံးဖတ်ရှု သိရှိနိုင်မှာဖြစ်ကြောင်း၊ ၎င်းစနစ် အသုံးပြုခြင်း အတွက် ဌာနအ‌နေဖြင့် လူကြောင့်ဖြစ်တတ်သည့် မီတာမှားယွင်းဖတ်ရှုမှုများ မရှိနိုင်ခြင်း၊ ဓာတ်အား ပျောက်ဆုံးမှု လျော့ကျပြီး ဝင်ငွေတိုးတက်လာနိုင်ခြင်း၊ ဓာတ်အား ပြတ်တောက်သွားသည့် နေရာ အား ချက်ချင်းသိရှိ၍ သွားရောက် ပြုပြင်ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမှာဖြစ်ကြောင်း၊ ထို့အပြင် ဓာတ်အားသုံးစွဲသူများအနေဖြင့် သက်ဆိုင်ရာ ဘဏ်များနှင့် ချိတ်ဆက်၍ ဓာတ်အားခ ပေးဆောင်ခြင်းကို Mobile Phone မှတဆင့် ပေးဆောင် နိုင်မှာဖြစ်ကြောင်း၊ ယခုအခါ ဒေါပုံမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ကော့မှူးမြို့နယ်၊ သုံးခွမြို့နယ်၊ တံတားမြို့၊ ကိုကိုး ကျွန်းမြို့နယ်များတွင် AMI မီတာစနစ် တပ်ဆင်ပေးပြီး ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံး AMI မီတာစနစ် တပ်ဆင်ပေးနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသွားပါသည်။

              ထို့နောက် AMI (Advanced Metering Infrastructure) မီတာနှင့် ပတ်သက်၍ Video Clip ဖြင့် ရှင်းလင်းတင်ပြခြင်းအား ကြည့်ရှုခဲ့ကြပြီး သုံးခွမြို့နယ်မှ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

           ထို့နောက် ဒေါင့်ကြီးဓာတ်အားခွဲရုံ ကမ္ပည်းကျောက်စာမော်ကွန်းအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းတို့က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွေးနံ့သာများ ပက်ဖြန်းကာ ခွဲရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
05-Nov-2020