၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာ (၄)ရက်
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP Phase-1 ဖြင့် ဆောင်ရွက်ခဲ့ သည့် မကွေးမြို့နယ်၊ ကန်သာကြီးကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ မီးလင်းရေး အောင်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၄)ရက်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါကျေးရွာမီးလင်းရေးအောင်ပွဲကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ တိုင်းဒေသကြီး အမှတ်(၂)မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေးအောင် ၊ ကန်သာကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်စိုး၊ မီးလင်းရေးကော်မတီ ဥက္ကဌ ဦးအောင်ကျော်ဆန်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ မီးလင်းရေးအောင်ပွဲ အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ တိုင်းဒေသကြီး အမှတ်(၂)မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ် တို့က အမှာ စကား အသီးသီးပြောကြားပြီး၊ မကွေးမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေးအောင်က လျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပေးမှုနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ကိစ္စရပ် များကို ရှင်းလင်းပြောကြားကာ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးဝန်ထမ်းများက လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ ကျေးရွာမီးလင်းရေးအတွက် လိုအပ်သည့်ကျေးရွာတွင်း ၄၀၀ ဗို့ ဓာတ်အား လိုင်း (၁.၀၆)မိုင်ကို ကျေးရွာနေ ပြည်သူလူထုထည့်ဝင်ငွေဖြင့် တည်ဆောက်ခဲ့ပြီး၊ (၁၁)ကေဗွီ ဓာတ်အားလိုင်း(၁.၅၅)မိုင်နှင့် (၁၁/၀.၄)ကေဗွီ (၂၀၀)ကေဗွီအေ ထရန်စဖော်မာ (၁)လုံးကို အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း(NEP) အနေဖြင့် တပ်ဆင်ပေးခဲ့ပြီး ကျေးရွာရှိ အိမ်ခြေ(၂၁၀)ကျော်ကို လျှပ်စစ်မီး ဖြန့်ဖြူးပေးနိုင်မှာဖြစ်ကြောင်း သိရှိရပါသည်။