The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၃၈) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ဒုတိယမြောက်နေ့အစီအစဉ်သို့ ဆက်လက်တက်ရောက်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ( ၂၀ ) ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးဝင်းခိုင်သည် ဗီယက်နမ်နိုင်ငံ က အလှည့်ကျ အိမ်ရှင်နိုင်ငံအဖြစ် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်လျက်ရှိသော (၃၈) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေး (38th ASEAN Ministers on Energy Meeting-AMEM) ၏ ဆက်စပ်အစည်းအဝေး အစီအစဉ်များဖြစ်သည့် (၁၇) ကြိမ်မြောက် ASEAN+3 အစည်းအဝေး၊ (၄) ကြိမ်မြောက် ASEAN-IRENA အစည်းအဝေးနှင့် (၁၄) ကြိမ်မြောက် East Asia Summit Energy Ministers Meeting (EAS-EMM) အစည်းအဝေးတို့သို့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံး အမှတ် (၂၇) မှ ဆက်လက်တက်ရောက်ခဲ့ပါသည်။

          (၁၇) ကြိမ်မြောက် ASEAN+3 စွမ်းအင်ဝန်ကြီးများအစည်းအဝေးသို့ အာဆီယံနိုင်ငံများ၊ တရုတ်၊ ကိုရီးယား၊ ဂျပန်တို့မှ စွမ်းအင်ဆိုင်ရာဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံစွမ်းအင်ဗဟိုဌာနမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် စွမ်းအင်ဖူလုံရေး (Energy Security)၊ ကာဗွန်ထုတ်လွှတ်မှုနည်းသည့် သန့်ရှင်းသောစွမ်းအင်နှင့် အခြားစွမ်းအင်အသစ်များ ပြောင်းလဲသုံးစွဲရေး၊ စွမ်းအင်အကျိုးရှိ ထိရောက်ရေး နှင့် ထိန်းသိမ်းရေး (Energy Efficiency and Conservation) တို့အတွက် ASEAN+3 နိုင်ငံများမှ နည်းပညာနှင့် Capacity Development Program များ ပံ့ပိုးကူညီပေးရေး၊ ကိုဗစ် ကပ်ရောဂါလွန်ကာလတွင် စီးပွားရေးပြန်လည်နာလန်ထူရန်အတွက် စွမ်းအင်ကဏ္ဍအနေဖြင့်     ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်းကောင်း၊ (၄)ကြိမ်မြောက် ASEAN-IRENA အစည်းအဝေးသို့ အာဆီယံစွမ်းအင်ဝန်ကြီးများနှင့် International Renewable Energy Agency (IRENA) ၏ Director General  Mr. Francesco La Camera တို့ တက်ရောက်ကြပြီး ASEAN-IRENA (အာဆီယံနှင့် အပြည်ပြည်ဆိုင်ရာပြန်ပြည့်မြဲ စွမ်းအင်အေဂျင်စီ) တို့အကြား ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာအရ  ပူးပေါင်း ဆောင်ရွက်လျက်ရှိသော ပြန်ပြည့်မြဲစွမ်းအင်နှင့် စွမ်းအင်အသစ် များ တိုးမြှင့်သုံးစွဲရေးအတွက် နည်းပညာနှင့် ငွေကြေးပံ့ပိုးကူညီမှုဆိုင်ရာ ၂၀၁၉-၂၀၂၀ အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် ဦးစားပေး လုပ်ငန်းအစီအစဉ်များကိုလည်းကောင်း ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

          ဆက်လက်၍ (၁၄) ကြိမ်မြောက် EAS-EMM အစည်းအဝေးတွင် အာဆီယံနှင့် အရှေ့အာရှ နိုင်ငံများဖြစ်သော တရုတ်၊ ကိုရီးယား၊ ဂျပန်၊ နယူးဇီလန်၊ ရုရှား၊ အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယနိုင်ငံများမှ စွမ်းအင်ဝန်ကြီးများနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး အရှေ့အာရှနိုင်ငံ များအကြား စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး (Sustainable Development) အတွက် လက်ရှိ ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ ကမ္ဘာ့ကပ်ရောဂါ၏ စီးပွားရေး သက်ရောက်မှုများကို စွမ်းအင်ကဏ္ဍမှ တုန့်ပြန်ကုစားဆောင်ရွက်နိုင်မည့် လက်တွေ့ကျသော မူဝါဒများကို ချမှတ်ဆောင်ရွက်ရေး၊ အာဆီယံစွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုအစီအစဉ်(ASEAN Plan of Action for Energy Cooperation - APAEC) Phase II (2021-2025) ပါ အစီအစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ တည်ငြိမ်ပြည့်ဝပြီး သန့်ရှင်းသော စွမ်းအင်များ ထုတ်လုပ်ဖြည့်ဆည်းပေးနိုင်ရေးနှင့် ကာဗွန်ထုတ်လွှတ်မှုနည်းသော လူမှုအဖွဲ့အစည်း (Low Carbon Society) ထူထောင်နိုင်ရေးတို့အတွက် နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။

          ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တွင် ကျင်းပခဲ့သည့် (၃၈) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ရာ အဆိုပါအစည်းအဝေးတွင် အာဆီယံဒေသတွင်း စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ဆက်လက်ဆောင်ရွက်မည့် ASEAN Plan of Action for Energy Cooperation Phase II (2021-2025) အား အတည်ပြုခြင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အား ရောင်းဝယ်ရေး၊ စွမ်းအင်ခြိုးခြံချွေတာရေး၊ စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေး၊ သန့်ရှင်းသောကျောက်မီးသွေးကဏ္ဍနည်းပညာဖွံ့ဖြိုးတိုးတက်ရေး (Clean Coal Technology)၊ မြို့ပြသုံး နျူကလီးယားစွမ်းအင်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေး၊ ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး၊ ကိုဗစ်ကာလအလွန် ဒေသတွင်းစီးပွားရေး ပြန်လည်ဦးမော့လာစေရေး၊ သန့်ရှင်းသောစွမ်းအင် ထုတ်လုပ်မှုများ ဆောင်ရွက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိရေးနှင့် Energy Security ကိစ္စများကို အလေးထားဆွေးနွေးခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
20-Nov-2020