The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများ လျှပ်စစ်ဓာတ်အားသုံးစွဲရာတွင် တည်ငြိမ်ပြီး အရည်အသွေးပြည့်ဝသော လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေး၊ မီးသုံးစွဲသူပြည်သူများအပေါ် ဝန်ဆောင်မှုပေးနေမှုများနှင့် NEP အစီအစဉ်ဖြင့် မီးလင်းရေးဆောင်ရွက်ခဲ့သည့် ကျေးရွာများ၏ ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေး

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၅)ရက်

             နိုင်ငံတော်အတွင်းရှိ လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများ လျှပ်စစ်ဓာတ်အား သုံးစွဲရာ တွင် တည်ငြိမ်ပြီးအရည်အသွေးပြည့်ဝသော လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေး၊ မီးသုံးစွဲသူပြည်သူများ အပေါ် ဝန်ဆောင်မှုပေးနေမှုများနှင့် NEP အစီအစဉ်ဖြင့်  မီးလင်းရေးဆောင်ရွက်ခဲ့သည့် ကျေးရွာ များ၏ ဆောင်ရွက်နေမှု အခြေအနေတို့ကို စစ်ဆေးရန်  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်အတူ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့၊ နံနက်ပိုင်းတွင် ဒက္ခိဏခရိုင် လျှပ်စစ် အင်ဂျင်နီယာရုံး၊ ဉတ္တရသီရိမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် တပ်ကုန်းမြို့နယ်အတွင်း NEP အစီအစဉ်ဖြင့် မီးလင်းရေးဆောင်ရွက်ခဲ့သည့် ရှားတောကျေးရွာသို့ သွားရောက် ကြည့်ရှု့စစ်ဆေးခဲ့ ပါသည်။

             ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒက္ခိဏခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ရောက်ရှိရာ နေပြည်တော် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ အင်ဂျင်နီယာချုပ်၊ ဦးသူရအောင်ဘိုက  ပြည်ထောင်စုနယ်မြေအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု၊ ဖြန့်ဖြူးမှုအခြေအနေ များအားလည်းကောင်း၊ ဒက္ခိဏခရိုင် လျှပ်စစ်အင်ဂျင်နီယာက ဒက္ခိဏခရိုင်အတွင်း ဓာတ်အား သုံးစွဲမှု၊ ဖြန့်ဖြူးမှု အခြေအနေများကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြပါသည်။ အဆိုပါ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတိုးသွင်တို့က ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီး က မှာကြားရာတွင်  ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ၁၀၀ % လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေးနှင့် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ၇၅ % ကျော် လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ  နိုင်ငံတော်တစ်ဝှမ်းလုံးရှိ ဒေသများသို့ ဟန်ချက်ညီညီ တိုးတက်ဆောင်ရွက်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထို့သို့ ဆောင်ရွက်ရာတွင် ဓာတ်အားစနစ်နှင့် ဝေးကွာသော ကျေးလက်ဒေသများ လျှပ်စစ်မီးရရှိရေးအတွက် Decentralization စနစ်၊ Mini Grid ၊  Renewable Energy ၊ Solar ၊ အသေးစား ရေအားလျှပ်စစ် စီမံကိန်းများ၊ ဒီဇယ်အင်ဂျင်သုံးမီးစက်များ၊ ကိုယ်ထူ ကိုယ်ထ တစ်ပိုင်တစ်နိုင် အစီအစဉ်များနှင့် အသီးသီးတည်ဆောက်နိုင်ရန်စီမံ၍ လျှပ်စစ်ဓာတ်အား ပေးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့သို့ဆောင်ရွက်ရာတွင် လက်ရှိ၌ တစ်နိုင်ငံလုံး ၏ ၅၆.၆၈ % ခန့် ဓာတ်အားသုံးစွဲနိုင်ပြီဖြစ်ပါကြောင်း၊ ထို့အတူ လျှပ်စစ်မီးမရရှိသေးသော ပြည်သူများ လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲနိုင်မှုကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဓာတ်အား ဖြန့်ဖြူးရေးလိုင်းများနှင့် ဓာတ်အားခွဲရုံများကို တိုးချဲ့တည်ဆောက်လျက်ရှိရာ ယခုအချိန် ကာလ အထိ (၄) နှစ်ကျော် ကာလအတွင်း ၃၃ ကေဗွီ ဓာတ်အားလိုင်း (၂၄၀၀)မိုင်၊ ၁၁ ကေဗွီ ဓာတ်အား လိုင်း (၁၄၀၀၀)မိုင်၊ ၄၀၀ ဗို့ ဓာတ်အားလိုင်း (၁၄၀၀၀)မိုင်၊ စုစုပေါင်း (၃၀၄၀၀) မိုင် တို့ကို လည်းကောင်း၊ ၃၃ ကေဗွီ ဓာတ်အားခွဲရုံ (၃၆၀၀)အမ်ဗွီအေ နှင့် ၁၁ ကေဗွီ ဓာတ်အားခွဲရုံ (၁၀၀၀၀) အမ်ဗွီအေတို့ကို အသီးသီးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် မြို့ (၈၂) မြို့နှင့် ကျေးရွာပေါင်း (၁၀၂၉၄) ရွာတို့ကို နိုင်ငံတော်ဓာတ်အားစနစ်မှ တိုးတက်ဖြန့်ဖြူးပေးနိုင်ခဲ့ပါ ကြောင်း၊ လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်လည်း ဓာတ်အားဖြန့်ဖြူးရေးအပိုင်းအနေဖြင့် ၆၆ ကေဗွီ ဓာတ်အားလိုင်း (၂၂၅.၉၉)မိုင်နှင့် (၈၉၀)အမ်ဗွီအေ၊ ၃၃ ကေဗွီ ဓာတ်အားလိုင်း (၃၅၅.၀၄)မိုင်နှင့် (၄၇၄) အမ်ဗွီအေ၊ ၁၁ ကေဗွီဓာတ်အားလိုင်း (၁၁၉၉.၂၂)မိုင်နှင့် (၁၁၄.၆) အမ်ဗွီအေ တိုးချဲ့တည်ဆောက်သွားမည် ဖြစ်ပါကြောင်း၊ ထို့သို့ တည်ဆောက်ရာတွင် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေမှ ကျခံဆောင်ရွက်သကဲ့သို့ နိုင်ငံတကာချေးငွေများဖြစ်သည့် World Bank ၊ ADB ၊ JICA နှင့် KfW စသည်တို့အပြင် မိတ်ဖက်နိုင်ငံများ၏ အကူအညီ(Grant)တို့ဖြင့်လည်း‌ ဆောင်ရွက် ပေးလျက် ရှိပါကြောင်း၊ ကမ္ဘာ့ဘဏ်ချေးငွေအစီအစဉ်ဖြင့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း(NEP)ကို ဓာတ်အားစနစ်မှ ၂မိုင်အတွင်း ကျေးရွာများအား ဆောင်ရွက်လျက်ရှိရာ ပထမအဆင့်အနေဖြင့်  ကျေးရွာပေါင်း(၅၀၈၀)ရွာကို ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်း ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း၊အနောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီ နယ်မြေတို့တွင် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၂၁)ရက်နေ့အထိ တည်ဆောက်ရေး လုပ်ငန်းများအနေဖြင့် ကျေးရွာပေါင်း ၄,၃၉၄ရွာ ဆောင်ရွက်ပြီးစီးကာ ၎င်းရွာများ အနက် ၃,၉၇၁ ရွာ မီးလင်းပြီးဖြစ်ပါကြောင်း၊ NEP ပထမအဆင့် စီမံကိန်း လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးသွားပါက အိမ်ထောင်စုပေါင်း ၆၂၆,၇၅၇ စု ဓာတ်အားရရှိသွားမည်ဖြစ်ကာ တစ်နိုင်ငံလုံးမီးသုံးစွဲမှု အိမ်ထောင်စုများအပေါ် တိုးတက်လာမည့် မီးလင်းပြီးရာခိုင်နှုန်း (Electrification Rate )အနေဖြင့်  (၅.၇၆)% တိုးတက်သွားမည်ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး NEP ဒုတိယအဆင့်ကိုလည်း ဟန်ချက်ညီညီဆောင်ရွက်လျက်ရှိရာ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး (အရှေ့ပိုင်း၊ အနောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့ရှိ ကျေးရွာပေါင်း ၄,၇၀၀ ရွာကို ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကာ ယခုကာလအထိ စီမံကိန်းတစ်ခုလုံး၏ လုပ်ငန်းပြီးစီးမှုမှာ ၃၉ % ထိ ပြီးစီးနေပြီဖြစ်ပါကြောင်း၊ ၄င်းဒုတိယအဆင့်တည်ဆောက်ရေး လုပ်ငန်းများကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ပြီးစီးနိုင်ရေးကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကာ စီမံကိန်းများ ပြီးမြောက်သွားပါက အိမ်ထောင်စုပေါင်း ၅၃၉,၆၇၄ ဓာတ်အားရရှိသွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားရရှိမှု ရာခိုင်နှုန်းမှာ (၄.၉၆)%ထိ တိုးတက် သွားမည်ဖြစ်ပါ ကြောင်း၊ NEP  Phase I ပထမအဆင့်နှင့် ဒုတိယအဆင့်တို့ တည်ဆောက်ပြီးစီးသွားပါက ကျေးရွာ ပေါင်း ၉,၇၈၀ ရွာနှင့် စုစုပေါင်း အိမ်ထောင်စု ၁,၁၆၆,၄၃၁ စု လျှပ်စစ်ဓာတ်အားရရှိသွားမည်ဖြစ်ကာ စုစုပေါင်း Electrification Rate (၁၀.၇၂)%  တိုးတက်ရရှိသွားမည်ဖြစ်ပါကြောင်း၊ ၄င်းအပြင် ပြည်သူများသို့ ဝန်ဆောင်မှုကောင်း ပေးနိုင်ရေးအတွက် Call Center များကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်ထားပြီးဖြစ်သည့်အလျောက် ပြည်သူများ၏လိုအပ်ချက်များကို ဆက်သွယ်ဆောင်ရွက်လာရာတွင် အကောင်းဆုံး ဖြေကြားပေးပြီး လိုအပ်ချက်များအပေါ် ချက်ချင်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ဓာတ်အားခပေးချေမှုများကိုလည်း ပြည်သူများ အချိန်ကုန် သက်သာ၍ အခက်အခဲများမှ ကင်းဝေးစေရန် Online Billing စနစ်ဖြင့် ဓာတ်အားခ ပေးဆောင်နိုင်ရေး ဘဏ်များဖြင့်လည်း ချိတ်ဆက် ဆောင်ရွက်နေပြီဖြစ်သဖြင့် ထိရောက် အကျိုးရှိစွာ ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ၄င်းအပြင် ပြည်သူများမှရုံးများသို့ လာရောက်ဆက်သွယ် ဆောင်ရွက်ရာ၌ ဖြစ်ပေါ်လာသည့် အခက်အခဲများကို ချက်ချင်း ဖြေရှင်းပေးနိုင်ရန် မြို့နယ်ရုံးများ၌ (Help desk)များကိုလည်း ထားရှိပြီး ဖြစ်၍ စနစ်တကျစီမံခန့်ခွဲ ကူညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ အခက်အခဲ များကိုဖြေရှင်းနိုင်ရန် Contact Person များကိုလည်း Vinyl များဖြင့် အများပြည်သူ မြင်သာသည့်နေရာများ၌ ချိတ်ဆွဲထားရှိမှုအပေါ်၌လည်း ထိရောက်အကျိုးရှိစွာ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ လျှပ်စစ်ဓာတ်အားတိုးတက် သုံးစွဲမှု ရရှိစေရေး NEP အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိရာတွင် ယခုဆောင်ရွက်မှုနှုန်းများအရ တစ်နေ့လျှင် ကျေးရွာပေါင်း ၁၀ ရွာ  တိုးတက်အောင် ဆောင်ရွက်နိုင်သည့်အတွက် လျှပ်စစ်မီး စတင်သုံးစွဲလာသောပြည်သူများအား လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် ဟောပြောပွဲများ ပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သတိပေးကြေညာ ဆိုင်းဘုတ်များ တပ်ဆင်ခြင်း တို့ကိုလည်း အထူးအလေးထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပြည်သူလူထု၏ အခြေခံ ကျသော လိုအပ်ချက်သည် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးဖြစ်သည့်အလျောက် မိမိတို့ ဝန်ကြီးဌာန၏ ကြိုးပမ်း ဆောင်ရွက်မှုများသည် ပြည်သူလူထု၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် သက်ဆိုင်နေသဖြင့်ပေးထားသည့် ရည်မှန်းချက်များအပေါ် အားလုံးမှ အထူးအလေးထား ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေ လိုကြောင်း မှာကြားခဲ့ပါသည်။

             ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဉတ္တရသီရိမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး သို့ ရောက်ရှိပြီး မီးသုံးစွဲသူ ပြည်သူများအပေါ် ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်အတွင်း NEP အစီအစဉ်ဖြင့် မီးလင်းရေးဆောင်ရွက်ခဲ့သော ရှားတောကျေးရွာသို့ ရောက်ရှိပြီး  ကျေးရွာပြည်သူလူထုနှင့်တွေ့ဆုံ၍ လျှပ်စစ်မီး၂၄ နာရီ ရရှိလာသည့်အတွက် ကျေးရွာပြည်သူလူထု၏ ပညာရေးကဏ္ဍအတွက်လည်း ပြောင်းလဲတိုးတက်မှုများ အများကြီးရရှိ လာမည်ဖြစ်ပြီး မိမိတို့လေ့လာသင်ယူလိုသည့် ဘာသာရပ်များကို အလွယ်တကူ လေ့လာသင်ယူ နိုင်ပြီဖြစ်သည့်အတွက် ဗဟုသုတများစွာ ရှာဖွေနိုင်ပြီး မိမိတို့ဘဝ၊ မိမိတို့လုပ်ငန်းများ တိုးတက် အောင်မြင်နိုင်ရေး ဆောင်ရွက်လာနိုင်တော့မည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးကဏ္ဍတွင်လည်း ကျေးရွာနေပြည်သူများ ကျန်းမာရေးဆိုင်ရာအားသာချက်များကို ရရှိလာမည့်အပြင် လျှပ်စစ်မီးကို ထင်းအစားထိုး လောင်စာအဖြစ် အသုံးပြုကြခြင်းဖြင့် သစ်တောပြုန်းတီးမှုကို လျော့ကျစေနိုင်ပြီး ထင်းလောင်စာကြောင့် ဖြစ်ပေါ်လာနိုင်သော ကျန်းမာရေးဆိုင်ရာ ဆိုးကျိူးများကိုလည်း ကင်းဝေး နိုင်မည်ဖြစ်ပါကြောင်း၊ စီးပွားရေးကဏ္ဍတွင်လည်း စိုက်ပျိုးရေးကို အခြေခံသည့် ရှားတော ကျေးရွာတွင် လျှပ်စစ်မီးကို အသုံးပြု၍ သီးနှံစိုက်ခင်းများအတွက် ရေတင်၊ ရေလောင်း၊ ရေဖြန်းသည့်လုပ်ငန်း များတွင် အသုံးချနိုင်သည့်အပြင် မွေးမြူရေးလုပ်ငန်းများ၊ အသေးစားစက်မှု လုပ်ငန်းများကိုလည်း တိုးချဲ့ဆောင်ရွက်သွားနိုင်မည်ဖြစ်သည့်အတွက်  ကျေးရွာနေ ပြည်သူလူထု၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး ကျေးရွာနေ ပြည်သူလူထု အတွက် ပါးစပ်နှင့် နှာခေါင်းစီး Mask နှင့် လက်သန့်ဆေးရည်များ လှူဒါန်းပေးခဲ့ကာ NEP အစီအစဉ်ဖြင့် မီးလင်းရေး ဆောင်ရွက်ပေးခဲ့မှု အခြေအနေနှင့်ကျေးရွာအတွင်း လျှပ်စစ်မီး သုံးစွဲနိုင်မှုအခြေအနေ တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
05-Dec-2020