၂၀၂၀ ပြည့်နှစ် ၊ ဒီဇင်ဘာလ (၁၁)ရက်
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP Phase-1 ဖြင့် ဆောင်ရွက်ခဲ့သည့် မကွေးမြို့နယ်၊ ကမ်းရင်ကျေးရွာ မီးလင်းရေးအောင်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါကျေးရွာမီးလင်းရေးအောင်ပွဲကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ တိုင်းဒေသကြီး အမှတ်(၂) မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်၊ မကွေးခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးဘုန်းနိုင်၊ မကွေးမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေးအောင်၊ ကမ်းရင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနိုင်လင်း ၊ ကျေးရွာမီးလင်းရေးကော်မတီ ဥက္ကဌ ဦးမောင်မြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ပြီး အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်းနှင့် တိုင်းဒေသကြီး အမှတ်(၂) မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်တို့က အမှာစကားများပြောကြားကြပြီး၊ မကွေးခရိုင်လျှပ်စစ် အင်ဂျင်နီယာ ဦးဘုန်းနိုင်နှင့် မကွေးမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေးအောင်က လျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပေးမှုနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ကိစ္စရပ် များကို ရှင်းလင်းပြောကြားကာ မြို့နယ်လျှပ်စစ်ရုံးဝန်ထမ်းများက လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ ကမ်းရင်ကျေးရွာ မီးလင်းရေးအတွက် လိုအပ်သည့် ကျေးရွာတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်း(၁၂၀၀၀)ပေကို ကျေးရွာနေ ပြည်သူလူထု ထည့်ဝင်ငွေများဖြင့် တည်ဆောက် ခဲ့ပြီး (၁၁)ကေဗွီဓာတ်အားလိုင်း (၁.၄၆၄)မိုင် နှင့် (၁၁/၀.၄) ကေဗွီ (၂၀၀) ကေဗွီအေ ထရန်စဖော်မာ (၂)လုံးတို့ကို အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP) အနေဖြင့် တာဝန်ယူတပ်ဆင်ပေးခဲ့ခြင်းဖြစ်သည်။ NEP စီမံကိန်းဖြင့် မကွေးမြို့နယ်၏ (၃၀)ရွာမြောက် မီးလင်းသည့်ကျေးရွာဖြစ်ပြီး ကမ်းရင်ကျေးရွာရှိ အိမ်ခြေ(၆၂၀)ကို လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင် မည် ဖြစ်သည်။