နေပြည်တော်၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၂၁)ရက်
၃၈ ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအထူးအစည်းအဝေး (38th Special Senior Officials Meeting on Energy) နှင့် ၂၃ ကြိမ်မြောက် အာဆီယံစွမ်းအင် ဆိုင်ရာဗဟိုဌာန အုပ်ချုပ်မှုကောင်စီအစည်းအဝေး (23rd ASEAN Center for Energy Governing Council Meeting) များကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့နှင့် (၂၂) ရက်နေ့များတွင် ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ် Video Conferencing စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံ၏ အာဆီယံစွမ်းအင်ဆိုင်ရာအဆင့်မြင့်အရာရှိကြီး (Senior Official on Energy (SOE) Leader) ဖြစ်သူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ သည်နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)မှ ပါဝင်တက်ရောက်ခဲ့ပါသည်။
၃၈ ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ အထူးအစည်းအဝေးကို ၂၁-၁-၂၀၂၁ ရက်နေ့တွင် ကျင်းပခဲ့ရာ ၂၀၂၀ ပြည့်နှစ်အတွင်းကျင်းပခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေးနှင့် အာဆီယံစီးပွားရေးအသိုက်အဝန်း ကောင်စီအစည်းအဝေးတို့မှ စွမ်းအင်ကဏ္ဍနှင့် သက်ဆိုင်သည့် ဆုံးဖြတ်ချက်များအပေါ်လည်းကောင်း၊ အာဆီယံစွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ၂၀၂၁-၂၀၂၅ (ASEAN Plan of Action on Energy Cooperation - APAEC Phase II (2021-2025)) နှင့်စပ်လျဉ်း၍ ၃၈ ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးမှ ဆွေးနွေး ဆုံးဖြတ်ခဲ့သည်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုနှင့် ၂၀၂၁ ခုနှစ်အတွင်း ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ အာဆီယံနှင့် အမေရိကန်နိုင်ငံတို့အကြား ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ဆောင်ရွက်ကြမည့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များကိုလည်းကောင်း ဆွေးနွေးအတည်ပြုခဲ့ကြပါသည်။ APAEC Phase II (2021-2025) အစီအစဉ်များအဖြစ် သန့်စင်သော ကျောက်မီးသွေးအသုံးပြုရေး နည်းပညာကဏ္ဍ (Clean Coal Technology)၊ မြို့ပြသုံးနျူကလီးယားစွမ်းအင်ကဏ္ဍ (Civilian Nuclear Energy)၊ ပြန်ပြည့်မြဲ စွမ်းအင်ကဏ္ဍ (Renewable Energy)၊ စွမ်းအင်ထိရောက်စွာသုံးစွဲရေးနှင့် ခြိုးခြံခြွေတာရေးကဏ္ဍ (Energy Efficiency and Conservation)၊ ဒေသတွင်းစွမ်းအင်မူဝါဒဆိုင်ရာစီမံရေးကဏ္ဍ (Regional Energy Policy and Planning)၊ နိုင်ငံဖြတ်ကျော် သဘာဝဓာတ်ငွေ့ပိုက်လိုင်းဆက်သွယ်ရေးကဏ္ဍ (Trans-Energy Gas Pipeline)၊ အာဆီယံ ဓာတ်အားကွန်ရက်စနစ်နှင့် နိုင်ငံဖြတ်ကျော်ဓာတ်အား ကုန်သွယ်ရေးကဏ္ဍ (ASEAN Power Grid) တို့ကို အပြန်အလှန် ဆွေးနွေးအတည်ပြုခဲ့ကြပါသည်။
ဆက်လက်၍ ၂၂-၁-၂၀၂၁ ရက်နေ့တွင် ၂၃ ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာဗဟိုဌာန (ASEAN Center for Energy) အုပ်ချုပ်မှုကောင်စီအစည်းအဝေးကို ကျင်းပသွားမည်ဖြစ်ပြီး၊ အဆိုပါ အစည်းအဝေးတွင် အာဆီယံစွမ်းအင်ဆိုင်ရာဗဟိုဌာန၏ ၂၀၂၀ ပြည့်နှစ်အတွင်း အာဆီယံစွမ်းအင် ကဏ္ဍပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များတွင် ဆောင်ရွက်ပြီးစီးခဲ့မှုများကိုလည်းကောင်း၊ ၂၀၂၁ ခုနှစ်အတွင်း ဦးစားပေးအစီအစဉ်အလိုက် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအတွက် ဘတ်ဂျက်လျာထားမှုကိုလည်းကောင်း၊ အာဆီယံ စွမ်းအင်ဆိုင်ရာဗဟိုဌာန၏ အုပ်ချုပ်မှုဆိုင်ရာနှင့် ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုကိစ္စရပ်များကိုလည်းကောင်း၊ ASEAN Endowment Fund ၏ ငွေစာရင်း ရှင်းတမ်းနှင့် ရန်ပုံငွေရရှိနိုင်မည့် အခြေအနေများကိုလည်းကောင်း အာဆီယံစွမ်းအင်ဆိုင်ရာဗဟိုဌာန အုပ်ချုပ်မှု ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် SOE Leaders များမှ ဆက်လက်ဆွေးနွေး အတည်ပြု ကြမည်ဖြစ်ပါသည်။
၃၉ ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးများ၊ စွမ်းအင် ဝန်ကြီးအဆင့်အစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၂၁ ခုနှစ်အတွင်း ဘရူနိုင်းနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပါသည်။