၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ( ၂၃ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (စွမ်းအင်ကဏ္ဍ) ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမ သုံးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ COVID-19 ကာကွယ်ရေးနည်းစနစ်များနှင့်အညီ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ ဦးစီးဌာနများနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ် များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများက ရုံးအမှတ်(၂၇)မှလည်းကောင်း၊ ကြီးကြပ်မှုအောက်နယ်ဒေသများမှ ရေနံမြေအထွေထွေမန်နေဂျာများ၊ ရေနံချက်စက်ရုံ၊ ဓာတ် မြေသြဇာစက်ရုံနှင့် ရေနံဓာတ်ငွေ့ရည်စက်ရုံတို့မှ စက်ရုံမှူးများ၊ စစ်ဆေးရေးအရာရှိချုပ်များက သက်ဆိုင်ရာဒေသမှနေ၍ Video Conferencing စနစ်ဖြင့်လည်းကောင်း အသီးသီး တက်ရောက်ခဲ့ ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေး အတွက် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍသည် အဓိကကျသည့် အခန်းကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်၏ မူဝါဒများနှင့်အညီ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ ရေရှည် အကျိုးစီးပွား ဖြစ်ထွန်းစေမည့် လုပ်ငန်းစီမံကိန်းများ၊ အစီအမံများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိ နိုင်ငံတော်ဓာတ်အား စနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် တစ်နိုင်ငံလုံး၏(၅၈%) ပြည့်မြောက်အောင် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ပြီဖြစ်ပါကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံတော်ဓာတ်အားစနစ်မှ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားသုံးစွဲမှု (၁၀၀%) သို့ ရောက်ရှိရေးအတွက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလို လျှပ်စစ်ကဏ္ဍ ရည်မှန်းချက်များ အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ရန် စွမ်းအင်ကဏ္ဍမှ သဘာဝဓာတ်ငွေ့ လုံလောက်စွာရရှိရေးအတွက် အဓိက ပံ့ပိုးကူညီ ပေးနေတာဖြစ်ပါကြောင်း၊ လက်ရှိတွင် စွမ်းအင်ကဏ္ဍအနေဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းများကို အဓိကဆောင်ရွက်နေသော်လည်း အနာဂတ်တွင် အခြားစွမ်းအင်အရင်းအမြစ်များ ဖြစ်သည့် Geothermal ၊ ဇီဝလောင်စာ စသည့် ပြန်ပြည့်မြဲစွမ်းအင် အရင်းအမြစ်များကိုလည်း ရှာဖွေဖော်ထုတ် အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း၊ ယခုအစည်းအဝေး ကျင်းပ သည့် အချိန်ကာလသည် ဘဏ္ဍာနှစ်အသစ်စသည့်ကာလဖြစ်သည့်အတွက် ပထမ သုံးလပတ်အတွင်း တင်ဒါခေါ်ယူပြီးသည့်လုပ်ငန်းများကို ဒုတိယသုံးလပတ်ကာလအတွင်း လုပ်ငန်း စတင်ဆောင်ရွက် ရန် လိုအပ်ပါကြောင်း၊ ရရှိလာသောဘဏ္ဍာငွေကိုလည်း ယခင်လို Project ပြီးမှ တစ်လုံးတည်း ပေးခြင်းမျိုးမဟုတ်ဘဲ Partial Payement၊ Progressive Payement ပုံစံမျိုးဖြင့်ပေးရန်လိုကြောင်း၊ သို့မှသာ လုပ်ငန်းရှင်မှသည် ပြည်သူဆီသို့ ငွေစီးဆင်းမှုမြန်ဆန်စေမည်ဖြစ်ပြီး ငွေကြေးလည်ပတ်မှု စနစ် ကောင်းမွန်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာခြင်းရှိလာမည်ဖြစ်ပါကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ လုပ်ငန်းများကို မိမိတို့တိုင်းပြည်အနေဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ ကျော်ကတည်းက ဆောင်ရွက်ခဲ့ပါကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍသည် အခြားကဏ္ဍ များနှင့် သဘောသဘာဝကွဲပြားပြီး ကမ္ဘာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကြီးနှင့် ဆက်စပ်နေ သဖြင့် လုပ်ငန်းလုပ်ဆောင်ရာတွင် Response မြန်ဆန်ရန်လိုအပ်ကြောင်း၊ ထို့အပြင် Planning ဌာနများအနေဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်မှု၊ ချက်လုပ်ဖြန့်ဖြူးမှု စသည့် အချက် အလက်များကိုစုစည်း၍ ၎င်းတို့အပေါ်၌ Data balance လုပ်ခြင်း၊ သုံးသပ်ခြင်းတို့ ဆောင်ရွက်ရန် လိုကြောင်း၊ ထုတ်ပြန်ပြီးဥပဒေများနှင့်အညီ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း များကို အမြန်ဆုံးထုတ်ပြန်သွားရန် လိုအပ်ကြောင်း၊ စက်သုံးဆီအရောင်းဆိုင်၊ LPG ဆိုင်၊ ရေနံချက်ဖို၊ Mini Refinery၊ ရေယာဉ်ဆိုင်ရာ Bunkering လုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေ နှင့်အညီ စည်းစနစ်တကျ ရှိစေရန် Regulatory ဌာနမှ ကြီးကြပ်ထိန်းသိမ်းသွားရန်လိုကြောင်း၊ လိုင်စင်လျှောက်ထားခြင်း၊ ငွေပေးချေခြင်းတို့ကို လျင်မြန်လွယ်ကူရန် Online စနစ်ဖြင့် ဆောင်ရွက် နိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ လေယာဉ်ဆီ ဖြည့်တင်းသည့် လုပ်ငန်းများကိုလည်း ယခုထက် ပိုမိုကျယ်ပြန့်ပြီး စရိတ်သက်သာလာအောင် ဆောင်ရွက်ကြရန် လိုကြောင်း၊ ထို့အပြင် မိမိတို့ဌာန၏ Target ထားသည့် ရေနံစိမ်းအထွက်တိုးထုတ်လုပ်မှု စည် (၁၀၀၀၀) အစီအမံ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ အထွက်တိုးပြီး စရိတ်သက်သာစေမည့် ရေနံမြေ ပေါင်းစည်းရေးအစီအမံ၊ National Pipeline Network Master Plan များကို အကောင်အထည်ဖော် ဆောင်ရွက်ထားရန်လိုကြောင်း၊ အနာဂတ်ကာလတွင် Green Energy နှင့် Green Economy လမ်းကြောင်းသို့ သွားရန်အတွက် CNG လုပ်ငန်းများကို ရန်ကုန်ဒေသအပြင် နေပြည်တော်နှင့် အခြား ဒေသများတွင်လည်း စီစဉ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ပို့ဆောင်ရေးကဏ္ဍတွင် CNG အသုံးပြုခြင်းဖြင့် ကာဗွန်လျှော့ချရေးနှင့် လေထုသန့်ရှင်းရေးအတွက် အထောက်အကူပြု စေမည်ဖြစ်ကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်မှု ဆောင်ရွက် နေသည့် ကုမ္ပဏီများနှင့်အတူ ပူးပေါင်းပြီး Data များရရှိဖို့ Interpretation လုပ်နိုင်ရေး ပိုက်လိုင်း ကွန်ရက်များ တည်ဆောက်၍ ဗဟိုထိန်းချုပ်မှုစနစ် ပေါ်ပေါက်လာရေးအတွက် ဝန်ထမ်းများ၏ Capacity Building များ ပြုလုပ်ခြင်းနှင့် HR Development Plan များ ရေးဆွဲခြင်းကို ဆောင်ရွက် ရန်လိုကြောင်း၊ လုပ်ငန်းဆောင်ရွက်သည့် ဝန်ထမ်းများကိုလည်း Competency Certificate ရရှိအောင် ဆောင်ရွက်ပေးထားရန်လိုကြောင်း၊ အနာဂတ်ကာလတွင် စီးပွားရေးတွက်ချေကိုက်မှု ရှိသည့် ပြည်တွင်းပြည်ပစျေးကွက်ကို ထိုးဖောက်နိုင်သည့် ရေနံချက်စက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံ၊ LPG စက်ရုံစီမံကိန်းအသစ်များကိုလည်း ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ LPG အသုံးပြုခြင်းဖြင့် မိမိတို့နိုင်ငံ၏ ကာဗွန်ထုတ်လုပ်မှု လျှော့ချနိုင်ရေး နိုင်ငံတကာ ကတိကဝတ်များနှင့်အညီ ဆောင်ရွက် နိုင်ရန်နှင့် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက် တစ်စိတ်တစ်ပိုင်း လျှော့ချနိုင်ရန် ရေနံဓာတ်ငွေ့ရည်များကို အိမ်သုံးလောင်စာအဖြစ် ပြည်တွင်း၌ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနိုင်ရေး၊ ရေနံဓာတ်ငွေ့ရည်ကို နိုင်ငံတကာပေါက်စျေးနှင့်အညီ စျေးနှုန်းသင့်တင့်စွာ သုံးစွဲနိုင်ရေးအတွက် ရေနံဓာတ်ငွေ့ရည်များကို တိုးချဲ့ဖြန့်ဖြူးပေးနိုင်ရေးတို့ကို စီမံဆောင်ရွက်ထားရန်လိုကြောင်း၊ ရည်မှန်းထားသော လုပ်ငန်းများ အချိန်မီ အကောင်အထည်ဖော်နိုင်ရေး မိမိတို့နှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော ပုဂ္ဂလိကကုမ္ပဏီများ၊ မိမိတို့မှ ဝန်ဆောင်မှုပေးနေရသော ပြည်သူများမှ လုပ်ငန်းများကို အခက်အခဲမရှိ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး ကူညီပံ့ပိုးပေးရန်လို ကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်းများသည် နိုင်ငံတော်၏ အနာဂတ်စွမ်းအင် ဖူလုံရေး၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ဘဏ္ဍာဝင်ငွေများ ပိုမိုရရှိရေးတို့အတွက် အရေးပါသဖြင့် စီမံချက်ချမှတ်ကာ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထို့အပြင် လုပ်ငန်းသဘောသဘာဝအရ ဆောင်ရွက်နေသည့်လုပ်ငန်းများတွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးတို့အတွက် အထူးဂရုပြုဆောင်ရွက်သွားရန် မှာကြားလို ကြောင်း၊ ယခုအစည်းအဝေးမှ ၂၀၂၀-၂၀၂၁ ပထမသုံးလပတ်တွင် လုပ်ငန်းဆောင်ရွက်မှု အခြေ အနေများနှင့် နောက်လာမည့် ဒုတိယသုံးလပတ်တွင် ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကို တင်ပြဆွေးနွေးပြီး လိုအပ်ချက်များကို ပူးပေါင်းဝိုင်းဝန်းကြိုးပမ်း အဖြေရှာဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်နေရသည့် လုပ်ငန်းများဖြစ်၍ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ချမှတ် ထားသည့် စည်းကမ်းများနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ လုပ်ငန်းများ အရှိန်အဟုန်မပြတ် ကြိုးပမ်းဆောင်ရွက်သွားကြရန် လည်း အထူးသတိပေးလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ ရေနံမြေအထွေထွေမန်နေဂျာများ၊ ရေနံချက် စက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံနှင့် ရေနံဓာတ်ငွေ့ရည်စက်ရုံတို့မှ စက်ရုံမှူးများ၊ စစ်ဆေးရေးအရာရှိချုပ် များက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွင်း လျာထားချက်များအပေါ် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ချက်များနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ၂၀၂၀-၂၀၂၁ ဒုတိယသုံးလပတ်ကာလအတွင်း လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နိုင်သည့် အစီအစဉ် များအား အသီးသီး ရှင်းလင်းတင်ပြကြရာ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်မှ ဖြည့်စွက်ရှင်းလင်း တင်ပြပြီး ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က တင်ပြမှုများအပေါ် သုံးသပ်ဆွေးနွေး တင်ပြခဲ့ ပါသည်။ ထို့နောက် ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း လမ်းညွှန်ပေးခဲ့ပါသည်။