၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်
အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ (NREC) စတုတ္ထအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့၊ ၁၀:၀၀ နာရီ အချိန်တွင် လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ (NREC) ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ဖွဲ့စည်းခဲ့ပြီးနောက် ကော်မတီအစည်းအဝေးများအား (၃) ကြိမ်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ယင်းအစည်းအဝေးများမှ သိသာထင်ရှားသောရလဒ်များအဖြစ် မြန်မာနိုင်ငံ၏ Energy Mix တွင် Renewable Energy ပါဝင်မှု တိုးတက်လာစေခဲ့ပါကြောင်း၊ ပထမဆုံးသော Solar Power Plant (40 MW) ကို မင်းဘူးတွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့၌လည်းကောင်း၊ မာန်အောင်ကျွန်း Solar Power Plant (0.5 MW) ဖွင့်ပွဲကိုလည်း ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့၌ လည်းကောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ အသီးသီး တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါ ကြောင်း၊ ကိုကိုးကျွန်းတွင် Solar Power Plant (0.5 MW)မှ ဓာတ်အားများကိုလည်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှစတင်ပြီး (၂၄)နာရီ၊ (၇)ရက်ပတ်လုံး ဖြန့်ဖြူးပေးနေပြီ ဖြစ်ပါကြောင်း၊ အဆိုပါရလဒ်များသည် Renewable Energy မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု တိုးမြှင့် ဆောင်ရွက်ရေးအတွက် နိုင်ငံတော်အကြီးအကဲများ၏ အလေးထား အားပေးမှု၊ လမ်းညွှန်မှုများကို သိမြင်နိုင်စေနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် NREC တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ခဲ့သည့်အတိုင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် Renewable Energy ဖြစ်သည့် Solar Power Plant စီမံကိန်းများကို နေရာ (၂၉) ခုတွင် စုစုပေါင်း တပ်ဆင်အင်အား (၁၀၃၀) မဂ္ဂါဝပ်ဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ရာ ယခုနှစ် နှစ်လယ်ပိုင်းတွင် စတင် ဓာတ်အားထုတ်လုပ်နိုင်ရန် စီမံထားရှိပါကြောင်း၊ ယင်းသို့ သိသာများပြား သည့် Solar Power ပမာဏများကို ဆောင်ရွက်ပြီးစီးပါက ၎င်းအချိန်တွင် မြန်မာနိုင်ငံ၏ Generation Mix ၌ ရေအား ၄၀%၊ နေစွမ်းအင် ၁၄%၊ ပြည်တွင်းမှထွက်ရှိသည့် သဘာဝဓာတ်ငွေ့သုံး ၃၄%၊ သဘာဝဓာတ်ငွေ့အရည်(LNG)သုံး ၁၁% နှင့် အခြား ၁% တို့ ပါဝင်လာမည်ဖြစ်ပါ ကြောင်း၊ စုစုပေါင်းစက်တပ်ဆင်အင်အား ၈၁၁၈ မဂ္ဂါဝပ်ဖြစ်လာမည့်အချိန်တွင် Renewable Energy မှ ၅၄%၊ သန့်ရှင်းသည့် လောင်စာ (Clean Fuel) မှ ၄၅% အချိုးဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်သွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတကာ၏ Renewable Energy နှင့် Climate Change ဆိုင်ရာမူဝါဒများကို လိုက်နာဆောင်ရွက်နိုင်ခဲ့ပြီး၊ အာဆီယံ၏ Renewable Energy ဆိုင်ရာ မျှော်မှန်းချက်များအား ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းပင်ဖြစ်ပါကြောင်း၊ ပြည်သူလူထုအတွက် လတ်တလော အကျိုးအမြတ်အနေဖြင့် လျှပ်စစ်ဓာတ်အားရရှိမှုအချိုး (Electrification Ratio) ၅၈% ကျော် ရရှိနေပြီဖြစ်ပြီး၊ အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် ၂၀၂၅ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၇၅% လျှပ်စစ် ဓာတ်အားရရှိရန်အတွက် Renewable Energy ကဏ္ဍကို အရှိန်မြှင့်တင်ပေးမည်ဖြစ်ပါ ကြောင်း၊ ၂၀၂၁ ခုနှစ်၊ မတ်လတွင် ရန်ကုန်တိုင်းဒေသကြီးတွင် လျှပ်စစ်ဓာတ်အားရရှိမှု ၁၀၀% နှင့် မန္တလေးတိုင်းဒေသကြီးတွင် လျှပ်စစ်ဓာတ်အားရရှိမှု ၇၅% ရှိမည်ဖြစ်ပါကြောင်း၊ ယနေ့ အစည်းအဝေးတွင် အထောက်အကူပြုလုပ်ငန်းအဖွဲ့များ (Working Group) (၈) ခု၏ သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းအစီအစဉ်များနှင့် အနာဂတ် စီမံချက်များကို NREC အဖွဲ့ဝင်များသို့ တင်ပြ သွားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းအဖွဲ့များ၏ အချိန်တိုအတွင်း ထူးခြားသည့် တိုးတက်မှုများ ရရှိအောင် နှစ်မြှုပ်ဆောင်ရွက်ခဲ့ကြသည်ကို ချီးကျူးဂုဏ်ပြုလိုပါကြောင်း၊ ၎င်းအပြင် ယခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ဗြိတိန်နိုင်ငံတွင် ကျင်းပရန်ရှိသည့် COP 26 Climate Change Conference ၏ အကြိုအစည်းအဝေးအဖြစ် (၁၂-၁၂-၂၀၂၀) ရက်နေ၌ ကျင်းပခဲ့သည့် Climate Ambition Summit ထိပ်သီးအစည်းအဝေးတွင်လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကာဗွန်လျှော့ချရေးနှင့် ရေရှည် တည်တံ့သော ဖွံ့ဖြိုးမှုများအတွက် Renewable Energy ကို သုံးစွဲမှု မြှင့်တင်ရေး တို့နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ကတိကဝတ်များကို အလေးထားပြောကြားခဲ့ပါကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ပါဝင်မှုအချိုးကို ၃၉% ထိ တိုးမြှင့် ရရှိရန်လည်း ကတိပြုပြောကြားခဲ့ပါ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရေးဆွဲထားသော အမျိုးသားအဆင့်ရာသီဉတု ပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေ ဖြစ်စေရေး ဆိုင်ရာလုပ်ငန်းအစီအစဉ် (Nationally Determined Contribution-NDC) အရ ၂၀၃၀ ပြည့်နှစ်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု တန်ချိန်ကို (၂၉၇)သန်းမှ (၁၄၄) သန်းသို့ လျှော့ချသွားရန် ရည်မှန်းထားပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် မဟာဓာတ်အားလိုင်းစနစ်ကို တိုးချဲ့၍ လျှပ်စစ်ဓာတ်အားရရှိမှုအချိုး တိုးတက်အောင် ဆောင်ရွက် နေသကဲ့သို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှလည်း Solar Mini-grid နှင့် Solar Home System (SHS) များကို ဝေးလံပြီး၊ လူနေကျဲပါးသောကျေးလက်ဒေသများ၌ ဆောင်ရွက်ပေးလျက်ရှိရာ National Electrification Rate တွင် ၅% ခန့် တိုးမြှင့်ရရှိစေခဲ့ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့်ပူးပေါင်း၍ Floating Solar စီမံကိန်းကိုလည်းကောင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနမှလည်း စက်မှုမြေများ၌ Solar Power Plant အကောင်အထည် ဖော်ရေးကိုလည်းကောင်း ရည်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စွမ်းအင်ထိရောက်စွာအသုံးချရေး (Energy Efficiency) နှင့် ထိန်းသိမ်းရေး (Energy Conservation) တို့အတွက် အိမ်သုံးလျှပ်စစ် ပစ္စည်းများပေါ်တွင် Energy Efficiency Labeling ပြုလုပ်ရေးကိုလည်း တက်ကြွစွာ ပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်းအဆောက်အဦများ၌ ကြီးမားသော ခေါင်မိုးဧရိယာများရှိ၍ Rooftop Solar များလည်း တွင်ကျယ်စွာ ဆောင်ရွက်နေကြပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဗဟိုသင်တန်းကျောင်းတွင် 110 kW/day Rooftop Solar Pilot Project တစ်ခု ဆောင်ရွက်ထားပြီး၊ လက်တွေ့လေ့လာသင်ယူမှုအတွက် အချက်အလက်များ စုဆောင်းရရှိစေမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ၄င်းတို့၏ထောက်ပံ့ကူညီမှုဖြင့် Renewable Energy ကဏ္ဍ၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးနှင့် မြန်မာနိုင်ငံ၏ Solar နှင့် Wind စွမ်းအင်အရင်းအမြစ်များအနက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် အကောင်းဆုံးနေရာများ ရွေးချယ်သတ်မှတ်နိုင်ရေး လေ့လာမှု လုပ်ငန်းများကို ဆောင်ရွက်နေပါကြောင်း၊ National Grid မှ ကျေးလက်ဒေသအားလုံးသို့ ဓာတ်အားလိုင်းသွယ်တန်းရန် အခက်အခဲရှိသဖြင့် NREC Technical Working Group သည် ဝေးလံပြီး၊ လူနေကျဲပါးသော ကျေးလက် ဒေသများ၌ Mini (၁ မဂ္ဂါဝပ်အောက်)၊ Small (၁၀ မဂ္ဂါဝပ် အောက်)၊ Medium (၃၀ မဂ္ဂါဝပ်အောက်) ရေအားလျှပ်စစ်စီမံကိန်းများကို စူးစမ်းလေ့လာမှုများ ပြုလုပ်နေပါကြောင်း၊ လုပ်ငန်း အဖွဲ့အသီးသီး၏ ဆောင်ရွက်ထားရှိမှု နောက်ဆုံးအခြေအနေများကို NREC ကော်မတီဝင် များသို့တင်ပြသွားမည်ဖြစ်ပြီး ကော်မတီဝင်များ၏ အကြံပြုချက်များကို ကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် အခြေစိုက်ထားသော ASEAN Institute for Green Economy (AIGE) နှင့်ပတ်သက်၍လည်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ပါဝင်ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ အာဆီယံအဆင့် Institute ထူထောင် ထားရှိခြင်းသည် မြန်မာနိုင်ငံအတွက် Green Energy ၊ Green Economy နှင့် Green Growth Strategies များကို မောင်းနှင်ပေးရန် အရေးကြီးသော Platform တစ်ခု ဖြစ်လာမည်ဖြစ်ပါကြောင်း၊ NREC ကော်မတီအနေဖြင့် COVID-19 ကပ်ရောဂါကာလ အလွန် စီးပွားရေးပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များတွင် အလုပ်အကိုင်များ ဖန်တီးရေးကို နိုင်ငံ့ခေါင်းဆောင်များ၏ လမ်းညွှန်ချက်များ၊ MSDP Strategy နှင့် CERP Guideline တို့နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ NREC ကော်မတီ၏ အနာဂတ်ရည်မှန်းချက်များအတွက် လုပ်ငန်းစဉ်များကို လေးလေးနက်နက် ဆွေးနွေးမှု များမှ ကောင်းမွန်သောရလဒ်များရရှိမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ NREC ကော်မတီဝင်များနှင့် အစည်းအဝေးတက်ရောက်လာသူများမှ မိမိတို့ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပြီး အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည်။
NREC ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ သက်ဆိုင်ရာ ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းများမှ တာဝန်ရှိသူများအပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ ကော်မတီဝင် ဒေါက်တာသစ်ဆင်း၊ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းဥက္ကဋ္ဌ ဒေါက်တာစုံဟန်၊ မြန်မာနိုင်ငံဗိသုကာအသင်းဥက္ကဋ္ဌ ဦးမော်လင်း၊ မြန်မာ့ပြန်ပြည့်မြဲစွမ်းအင်အသင်း ဗဟိုကော်မတီဝင် ဦးသန်းဌေး၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း တွဲဖက်အထွေထွေအတွင်းရေးမှူးချုပ် ဦးအောင်သက်ပိုင်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် တွဲဖက် အတွင်းရေးမှူး ဦးအေးထွန်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများမှလည်း Online မှတစ်ဆင့် တက်ရောက်ခဲ့ကြပါသည်။