The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် နှစ်ပတ်လည်အသင်းသားစုံညီ ညီလာခံအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြား

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၀  ) ရက်

             လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် Online မှတစ်ဆင့် ကျင်းပ ပြုလုပ်သော မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ နှစ်ပတ်လည်အသင်းသားစုံညီ ညီလာခံတွင် Video Message ​ပေးပို့၍ အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။

             အခမ်းအနားတွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၏ နာယကဖြစ်သူ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က အဖွင့်အမှာစကား ပြောကြားရာ၌ ယနေ့ကျင်းပသည့် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်၏ ၂၀၂၀ ပြည့်နှစ်အတွက် နှစ်ပတ်လည် အသင်းသားစုံညီ ညီလာခံတွင် အဖွင့်အမှာစကား ပြောကြားခွင့်ရသည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိ ပါကြောင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်သည် အင်ဂျင်နီယာ၊ ဗိသုကာပညာရှင်များ စုစည်း ဖွဲ့ထားသည့် အင်ဂျင်နီယာအစုအဖွဲ့ကြီးတစ်ရပ်ဖြစ်ပြီး ၁၉၉၅ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည့် အတွက် ၂၀၂၀ ပြည့်နှစ်တွင် (၂၅) နှစ် ငွေရတုတိုင်ခဲ့ပြီဖြစ်ပြီး အသင်းဝင်အင်အား ခြောက်သောင်း ခြောက်ထောင် ငါးရာခန့်၊ အသင်းခွဲ (၂၇) ခု၊ အသင်းသား ကုမ္ပဏီ (၃၅၀) ခန့်နှင့် ဖွဲ့စည်းထားနိုင် သည့် အနေအထားသို့ ရောက်ရှိနေသည်ကို ကြားသိရသည့်အတွက် အထူးပင်ဝမ်းမြောက်မိ ပါကြောင်း၊ အသင်းချုပ်ကြီး၏ အခန်းကဏ္ဍနှင့် လုပ်ငန်းတာဝန်များသည်လည်း ပိုမို ကြီးမား ကျယ်ပြန့်လာပြီး  မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှု များစွာကိုလည်း တွေ့ရှိရပါကြောင်း၊ ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ ပါကြောင်း၊ အဓိကရည်ရွယ်ချက်များမှာ မြန်မာအင်ဂျင်နီယာများ၏ ကျင့်ဝတ်သိက္ခာထိန်းသိမ်းမှုနှင့် ပညာရပ်ပိုင်းဆိုင်ရာများတွင် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ် များတွင် အင်ဂျင်နီယာများအနေဖြင့် တစ်တပ်တစ်အား ပါဝင်နိုင်ရန်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံ များတွင် အခြေခံအဆောက်အအုံ (Infrastructure) တည်ဆောက်ရေးသည် လွန်စွာအရေးပါပြီး ယင်းလုပ်ငန်းများကို အင်ဂျင်နီယာများက အဓိကဆောင်ရွက်ရပါကြောင်း၊ ၂၀၁၆ ခုနှစ် အစိုးရသစ် တာဝန်ယူချိန်မှစပြီး လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စသည့်လုပ်ငန်းများတွင် သိသာထင်ရှားသည့် တိုးတက်မှုများစွာကို တွေ့ရမည်ဖြစ်ပါ ကြောင်း၊ ၎င်းအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပြည်တွင်းနှင့် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသူများလည်း ဝင်ရောက်လာမည်ဖြစ်သည့်အတွက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ အရည်အသွေးပြည့်ဝသည့် အင်ဂျင်နီယာများ၊ အတတ် ပညာရှင်များနှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရေးအတွက် အင်ဂျင်နီယာပညာရပ် သင်ကြားရေး အခန်းကဏ္ဍသည် အရေးကြီးပါကြောင်းနှင့် အဆိုပါကိစ္စရပ်များကိုလည်း အသင်း အနေဖြင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း၊  နိုင်ငံတော်အစိုးရ နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အာဆီယံဒေသတွင်း အဖွဲ့အစည်းများ၊ ပြည်ပ အင်ဂျင်နီယာအဖွဲ့အစည်းများဖြစ်သည့် အာဆီယံအင်ဂျင်နီယာ အဖွဲ့ချုပ်၊ အာရှပစိဖိတ်ဒေသ အင်ဂျင်နီယာအဖွဲ့ချုပ်၊  ကမ္ဘာ့အင်ဂျင်နီယာအဖွဲ့ချုပ် စသည်တို့နှင့် ပူးပေါင်းချိတ်ဆက်၍ အင်ဂျင်နီယာနည်းပညာဆိုင်ရာ စာတမ်းဖတ်ပွဲများ၊ ဆွေးနွေးပွဲများ၊ အစည်းအဝေးပွဲများကို ကျင်းပ ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ အသင်းအနေဖြင့် ၂၀၁၉ ခုနှစ်မှစတင်ပြီး အင်ဂျင်နီယာ အသင်းချုပ်အဆင့်သို့ တိုးမြှင့်ဖွဲ့စည်းထားပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အင်ဂျင်နီယာ အသင်းများ ဖွဲ့စည်းနိုင်ရန် အားပေးအားမြှောက်ပြုနေခြင်း၊ အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ ပညာရှင်အသင်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်နေသည်ကို တွေ့မြင်သိရှိနေရသည့်အတွက် အလွန် ဝမ်းသာပီတိဖြစ်ရပါကြောင်း၊ COVID-19 Pandemic ကာလအတွင်း အသင်းချုပ်၏ ဆောင်ရွက်ချက်များ ရပ်တန့်သွားခြင်းမရှိဘဲ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီနှင့်  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့၏ ညွှန်ကြားချက် များနှင့်အညီ အသင်းလုပ်ငန်းများ ဆောင်ရွက်နေကြသည်ကို သိရှိရပါ ကြောင်း၊ ယနေ့ကျင်းပသည့် အသင်းသားစုံညီ နှစ်ပတ်လည်အစည်းအဝေးပြီးလျှင် ၂၀၂၁-၂၀၂၂ ကာလအတွက် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲအခမ်းအနား အစီအစဉ်များကိုလည်း ပထမဆုံးအကြိမ်အဖြစ် Online မှ ဆက်လက် ကျင်းပသွားမည်ဟုသိရပါကြောင်း၊ Online မှ  ရွေးချယ်မဲပေးကြမည့်သူများ အားလုံး သည် အသင်းချုပ်၏ တိုးတက်ဖွံ့ဖြိုးမှုများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ကြပြီး အင်ဂျင်နီယာလောက၏ ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်ပေးနိုင်ကြမည့် အမှုဆောင်များကို သေချာမဲပေးရွေးချယ်ကြရန် တိုက်တွန်းလိုပါကြောင်း၊ သစ်လွင်ဆန်းသစ်သည့် စိတ်ကူးအကြံအစည် များနှင့် နိုင်ငံတကာ၏ ဖွံ့ဖြိုးတိုးတက်မှုများနှင့်အညီ မိမိတို့နိုင်ငံလည်း ရင်ဘောင်တန်း လိုက်နိုင် မည့် နိုးကြားတက်ကြွထက်မြက်သည့် လူငယ်လူလတ်များက အမှုဆောင်အဖွဲ့ဝင်များအဖြစ် ရွေးချယ်ခံနိုင်ကြရန်လည်း အရေးကြီးပါကြောင်း၊ ရွေးချယ်ခံကြရမယ့် ဗဟိုကော်မတီဝင်များ အားလုံးသည်လည်း နိုင်ငံတော်မှ ချမှတ်ထားသောမူဝါဒများနှင့် အသင်းချုပ်ကြီး၏ ချမှတ်ထားသည့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် စီစဉ်ဆောင်ရွက်နေသည့် ရေတိုရေရှည် လုပ်ငန်းစဉ်များအားလုံး အောင်မြင်ရန် အားလုံး တက်ညီလက်ညီ စည်းလုံးညီညွတ်စွာ ဆောင်ရွက်သွားနိုင်ကြပါရန် ဆန္ဒပြုပါကြောင်း၊ အင်ဂျင်နီယာပညာရပ်များ ပိုမို တိုးတက်ရန် အင်ဂျင်နီယာအသင်းဝင်များအားလုံး တက်ညီလက်ညီ ပူးပေါင်း၍ နိုင်ငံတော်ကြီး၏ အခြေခံ အဆောက်အအုံ တည်ဆောက်ရေးပိုင်းများတွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် ဆထက်တပိုး ဝိုင်းဝန်းကြိုးစား အကောင်အထည်ဖော်သွားကြရန်နှင့် အသင်းကြီး အစဉ်အမြဲတည်တံ့တိုးတက်စေရန် ဆန္ဒပြုတိုက်တွန်းနှိုးဆော်လိုပါကြောင်း ပြောကြားခဲ့ပါသည်။

             ဆက်လက်၍ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် နာယက ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်မှ ဂုဏ်ပြုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး အခမ်းအနား အစီအစဉ်များကို ဆက်လက်ကျင်းပခဲ့ပါသည်။ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် နှစ်ပတ်လည် အသင်းသားစုံညီ ညီလာခံအခမ်းအနားသို့ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်တို့မှ နာယက၊ ဥက္ကဋ္ဌနှင့် အသင်းသားများ တက်ရောက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
30-Jan-2021