၂၀၂၁ ခုနှစ်၊ မေလ ( ၈ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး သည် ဌာန ဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၁ ခုနှစ် ၊ မေလ ၈ ရက်နေ့ ၊ နံနက်ပိုင်းတွင် ရခိုင် ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့၏ အရှေ့မြောက်ဘက် (၁၂)မိုင်ခန့်အကွာ သူဌေးချောင်းပေါ်တွင် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၄)တည်ဆောက်ရေးမှ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် သူဌေးရေအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ၂၃၀ ကေဗွီ တောင်ကုတ်(ဘာယေ)ပင်မဓာတ်အားခွဲရုံ တို့အား သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် သူဌေးရေအားလျှပ်စစ်စီမံကိန်းသို့ ရောက်ရှိရာ စီမံကိန်းရှင်းလင်းဆောင်တွင် တည်ဆောက်ရေးညွှန်ကြားရေးမှူး ဦးအောင်နိုင်ထွန်း မှ စီမံကိန်းဆိုင်ရာအချက်အလက်များ၊ စီမံကိန်းအဓိကလုပ်ငန်းကြီးများအလိုက် ဆောင်ရွက် နေမှုအခြေအနေများ၊ ပင်မတမံရေဝပ်ဧရိယာအတွင်းကျရောက်သော ကျေးရွာများ ရွှေ့ပြောင်း နိုင်ရေးဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ် များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်မှ ဖြည့်စွက်ရှင်းလင်း တင်ပြပါသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌမှ လက်ရှိ ဆောင်ရွက်လျက်ရှိသော စီမံကိန်းများအား ဆက်လက်၍ အရှိန်အဟုန်မပျက် ဆောင်ရွက်သွားရန် နှင့် ထပ်မံလိုအပ်လာမည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် ပြန်ပြည့်မြဲစွမ်းအင်များ ဖြစ်သည့် ရေအား၊ ဆိုလာ တို့ဖြင့် ထုတ်လုပ်သည့် စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ညွှန်ကြားထားရှိသည့်အလျောက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရရှိသည့် ဘဏ္ဍာငွေအပေါ် စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ချိန်ကာလအတွင်းပြီးစီးအောင် ဆောင်ရွက် သွားရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စံချိန်စံညွှန်း ပြည့်မီရေး၊ စီမံကိန်းတွင် တပ်ဆင်အသုံးပြုမည့် စက်ပစ္စည်းများအား စနစ်တကျအသုံးပြု သွားရန် နှင့် လေလွင့်ဆုံးရှုံးမှုမရှိစေရေး ဂရုစိုက်ဆောင်ရွက်သွားကြရန်၊ ဌာနပိုင်ယာဉ်ယန္တရားကြီး များကိုလည်း ရေရှည်အသုံးပြုနိုင်ရန်အတွက် လိုအပ်သော ပြုပြင်ထိန်းသိမ်းမှုများအား ဆောင်ရွက်သွားကြရန်၊ ပြည်သူများ လျှပ်စစ်ဓာတ်အားကို အမြန်ဆုံးရရှိသုံးစွဲနိုင်စေရေးအတွက် ဆောလျင်စွာပြီးစီးရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်သွားရန်၊ စီမံကိန်းပြီးစီးပါကလည်း ဒေသခံများအလုပ်အကိုင် အခွင့်အလမ်း ရရှိစေရေး၊ ဒေသအခြေခံခရီးသွားလုပ်ငန်းများကို အထောက်အကူဖြစ်စေရေး၊ သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းဆောင်ရွက်ရေးတို့ကို ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းနှင့် ၎င်းအပြင် ထပ်မံလိုအပ်လျက်ရှိသော လျှပ်စစ် ဓာတ်အားကို ထုတ်လုပ်နိုင်ရန်အတွက် ပြန်ပြည့်မြဲစွမ်းအင်များဖြစ်သည့် ရေအား၊ ဆိုလာတို့ဖြင့် ထုတ်လုပ်သည့် စီမံကိန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
သူဌေးရေအားလျှပ်စစ်စီမံကိန်းသည် သူဌေးချောင်းပေါ်တွင် ရေလှောင်တမံ တည် ဆောက်ပြီး (၁၁၁)မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ နှစ်စဉ်ပျမ်းမျှ လျှပ်စစ် ဓာတ်အားကီလိုဝပ်နာရီသန်းပေါင်း ၃၈၆ သန်း ထုတ်လုပ်ကာ ရခိုင်ပြည်နယ်အတွင်း ဒေသများသို့ လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရန်နှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးရည်ရွယ်၍ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်တွင် စတင် ဆောင်ရွက်ခဲ့ သော်လည်း နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် စီမံကိန်းဖြစ်သည့် အတွက် ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ်တွင် ဆောင်ရွက်ခဲ့ရခြင်း၊ တမံတည်ဆောက်ရာတွင် နည်းပညာပိုင်း ဆိုင်ရာ စိန်ခေါ်မှုများရှိသည့်အတွက် အတိုင်ပင်ခံအင်ဂျင်နီယာများဖြင့် သေချာစွာ ဆောင်ရွက် ခဲ့ရခြင်း၊ မိုးများသည့် အရပ်ဒေသဖြစ်သဖြင့် တစ်နှစ်လျှင် ငါးလခန့်သာ လုပ်ငန်းဆောင်ရွက်၍ ရခြင်းတို့ကြောင့် စီမံကိန်းလုပ်ငန်းများနှောင့်နှေးခဲ့သော်လည်း ယခုအခါ စီမံကိန်း၏ ၆၅.၄၈ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကာ ယခုနှစ် စက်တင်ဘာလကုန်တွင် ၇၈.၇၇ ရာခိုင်နှုန်းအထိ ပြီးစီးမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၌ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန် အမြန်ဆောင်ရွက်ပြီးစီးစေရေး အရှိန်အဟုန်ဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။ အလားတူ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တည်ဆောက်လျက်ရှိသော အထက်ကျိုင်းတောင်း ရေအားလျှပ်စစ် စီမံကိန်း သည် ၆၃.၉၉ ရာခိုင်နှုန်းသို့ လည်းကောင်း၊ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းသည် ၄၈.၆၈ ရာခိုင်နှုန်းသို့ လည်းကောင်း၊ အလယ်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းသည် ၆.၁၄ ရာခိုင်နှုန်းသို့ လည်းကောင်း အသီးသီးဆောင်ရွက်ပြီးစီးလျက်ရှိကာ ယခုဘဏ္ဍာရေးနှစ်ကုန်တွင် သတ်မှတ် ရာခိုင်နှုန်းများအတိုင်းပြီးစီးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
၎င်းနောက် စီမံကိန်းဧရိယာအတွင်း တမံတည်ဆောက်နေမှု၊ ရေယူအဆောက်အဦ ဆောက်လုပ်နေမှု၊ ဓာတ်အားပေးစက်ရုံတည်ဆောက်နေမှု၊ စက်မှု၊ လျှပ်စစ်တပ်ဆင်ရေး ပစ္စည်းများထားရှိသည့် သိုလှောင်ရုံဝင်း၊ ရခိုင်ရိုးရာအိမ်ပုံစံငယ်တို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ထို့နောက် ပင်မတမံရေဝပ်ဧရိယာအတွင်း ကျရောက်သော ပုရစ်ကျေးရွာနှင့် ရေကောက်ကျေးရွာများ ရွှေ့ပြောင်းနိုင်ရေး ပြန်လည်နေရာချထားမည့် မြေနေရာအား အသေးစိတ် ကြည့်ရှု၍ ဒေသခံရွှေ့ပြောင်းမိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပြီး လိုအပ်ချက်များကို အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး၊ ကျေးရွာများလျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေး၊ သာသနိကအဆောက်အအုံများနှင့် စာသင်ကျောင်းများ ဆောက်လုပ်ပေးနိုင်ရေး စနစ်တကျဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ၂၃၀ကေဗွီ တောင်ကုတ်(ဘာယေ)ပင်မဓာတ်အားခွဲရုံသို့ရောက်ရှိရာ ဓာတ်အားခွဲရုံမှူးက ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များနှင့် ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေတို့အား ရှင်းလင်းတင်ပြပြီး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကျော်မှ ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဓာတ်အားခွဲရုံ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဓာတ်အား ပြတ်တောက်မှု လျော့နည်းကျဆင်းစေရေးအတွက် ထရန်စဖော်မာများ၊ ဓာတ်အားခွဲရုံသုံး ပစ္စည်းများအား စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပြီး ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် ၇-၅-၂၀၂၁ ရက်နေ့ ညနေပိုင်းတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ သံတွဲခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ရခိုင်ပြည်နယ်အတွင်းရှိ ပြည်နယ်/ ခရိုင်/ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပျောက်ဆုံးမှုနှင့် ဓာတ်အား ပြတ်တောက်မှု လျော့နည်းကျဆင်းရေး၊ ပြည်သူလူထုအတွက် အရည်အသွေး ပြည့်ဝသည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်ရန်နှင့် ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဖြစ်သည့် အားလျော်စွာ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေနှင့် စည်းမျည်းစည်းကမ်းများကို တိကျစွာ လေးစားလိုက်နာကြရန်၊ မိမိတို့ဒေသအား လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိရန် နည်းလမ်း မျိုးစုံဖြင့် စဉ်းစား၍ စီမံဆောင်ရွက်သွားကြရန်နှင့် မိမိတို့ ဝန်ကြီးဌာန၏ ရည်မှန်းချက်များ အောင်မြင်အောင် စေတနာထား၍ ဝိုင်းဝန်းဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။